လင်ချင်းချောင်း ၏ အထီးကျန် မျှော်စင်

ဟာလာဟင်းလင်းဖြစ်နေသည့် အမေ့ခံ ချင်းချောင်းနန်းတော်ကြီးသည် ရန်ကုန်မြို့၏ ရုပ်သွင်ထူးခြားသော မြေစိုက် အမှတ်အသားတစ်ခုအဖြစ် ရှိနေသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံများ- သိမ့်မွန်စိုး (J)

၁၉၂၀ ခုနှစ်တွင် ပြင်သစ်သံတမန် ဂျော့ဘင်ဂျမင် ကလီမင်ဆော (Georges Benjamin Clemenceau) သည် တရုတ် စီးပွားရေးလုပ်ငန်းရှင် လင်ချင်းချောင်း၏ ထူးခြားဆန်းပြားသော အိမ်ဂေဟာကြီးသို့ လာရောက်လည်ပတ်ခဲ့သည်။ သူဋ္ဌေးကြီး ချင်းချောင်းနှင့် ဂျင်အရက်သောက်ရင်း ရယ်ရယ်မောမော စကားစမြည်ပြောရန် ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။

ဤချင်းချောင်းနန်းတော်ဟောင်းသို့ ယခုအချိန်တွင် ကလီမင်ဆော နောက်တစ်ခေါက် အလည်အပတ် ရောက်ခဲ့ပါက ယခင်အဆောင်အယောင်များအား တစ်ခုမှ တွေ့ရတော့မည် မဟုတ်ဘဲ၊ အိမ်၏ ဧည့်ခန်းဖြစ်ခဲ့ဖူးသည့် နေရာတွင် ဖွင့်လှစ်ထားသော ပန်းချီပြခန်းလေး၌ ပျင်းရိငြီးငွေ့ဖွယ် ထိုင်နေကြသည့် ပြခန်းဝန်ထမ်း သုံးလေးယောက်ကိုသာ တွေ့ရတော့မည်ဖြစ်သည်။

jtms-chintsong-04.jpg

အင်းလျားကန်၏ တောင်ဘက်၊ ရွှေတောင်ကြားရပ်ကွက်၏ သစ်ပင်ထိပ်ဖျားများပေါ်မှ ငွားငွားစွံ့စွံ့ ထိုးထွက်နေသော အဖြူနှင့် အစိမ်းရောင် ငါးထပ်မျှော်စင် အဆောက်အဦးကြီး၏ အခြားအခန်းများတွင် မည်သည့်အရာမှ မရှိတော့ပေ။ တစ်ချိန်က ရှိခဲ့မည့် Roll Royce ကားကြီးများ၊ ပါရှန်း ကော်ဇောကြီးများ၊ ကြွေပန်းအိုးများနှင့် ကျွန်းပရိဘောဂများ စသည်တို့ တစ်ခုမှ မရှိတော့ပေ။ ရေကန်လေးတစ်ခုနှင့် သစ်သားတံတားတစ်ခုမှလွဲ၍ လှပခမ်းနားသော ဥယျာဉ်ကြီးလည်း မရှိတော့ပေ။

jtms-chintsong-21.jpg

မြန်မာနှင့် အင်္ဂလိပ် ပန်းချီ အနုပညာရှင်များ၏ ခမ်းနားလှသော နံရံဆေးရေးပန်းချီများနှင့် ရုပ်ကြွလက်ရာများကိုမူ လင်ချင်းချောင်း၏ မြီရှင်များက ခွာယူ မသွားနိုင်ခဲ့ကြချေ။ ထို့ကြောင့် ထိုလက်ရာများကို အပေါ်ထပ်ခိုး နံရံနှင့် ခန်းမအဝင် အခန်းငယ်တို့တွင် ဖုံအလိမ်းလိမ်းကပ်လျက်၊ တချို့မှာ ကွာကျလျက် မြင်တွေ့နေရသည်။

jtms-chintsong-05.jpg

ထိုနန်းတော်မှာ အများပြည်သူနှင့် နီးနီးကပ်ကပ်မရှိဘဲ ဆင်ဝင်မုတ်ဦးကလည်း ကမ္ဘာအေးဘုရားလမ်း ကုန်းကျော်တံတားအောက်တွင် ပျောက်ကွယ်နေသည်။ သို့သော် ရန်ကုန်မြို့လယ် ကောင်းကင်ယံတွင် ထူးထူးခြားခြား တရုတ်ပုံစံ ချင်းချောင်းနန်းတော်ကို ရန်ကုန်သူ၊ ရန်ကုန်သားများ မြင်တွေ့နေရလေသည်။

jtms-chintsong-14.jpg

သို့သော် သူထားရစ်ခဲ့သော အမွေမှာ သူဋ္ဌေးကြီး လင်ချင်းချောင်း မျှော်မှန်းသလို ဖြစ်မလာခဲ့ပေ။ ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံမှ ဆီ၊ ဆန် နှင့် ရာဘာတို့ကို နိုင်ငံခြားသို့ တင်ပို့ရင်း ကြွယ်ဝချမ်းသာသွားသော သူ၏ အောင်မြင်မှု သရဖူအဖြစ် ချင်းချောင်းမျှော်စင်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ပထမကမ္ဘာစစ်တွင် ဗြိတိသျှတို့အတွက် ရံပုံငွေ ကူညီ စုဆောင်းပေးသည့်အတွက် ဗြိတိသျှကိုလိုနီအစိုးရက လင်ချင်းချောင်းကို Order of the British Empire (OBE) ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အပ်နှင်းခဲ့သည်ဟု သမိုင်းပညာရှင် AJH Latham ၏ မှတ်တမ်းတွင် တွေ့ရှိရသည်။

jtms-chintsong-06.jpg

ယခုအခါ Myanmar Art Centre ၏ အနုပညာပြခန်း ဖြစ်နေပြီဖြစ်သော ချင်းချောင်းနန်းတော်သို့ Frontier ရောက်သွားသောအခါ ပြခန်းမန်နေဂျာက လင်ချင်းချောင်း ၏ ပုံပြင်များကို ပြန်ပြောင်း ပြောပြခဲ့သည်။ “သူက မြေအောက်ခန်းထဲမှာ ငွေစက္ကူပုံနှိပ်စက်တွေ ထားတယ်တဲ့။ မြေအောက်လိုဏ်ဂူ တူးထားပြီး အဲဒီလိုဏ်ဂူက အင်းလျားကန်အထိ ပေါက်တယ်။ လူသေအလောင်းတွေကို မြေအောက်ကနေတဆင့် အင်းလျားကန်ထဲ စွန့်ပစ်တယ်လို့ ပြောကြတယ်” ဟု မန်နေဂျာက ပြောပြလေသည်။ သူဋ္ဌေးကြီး လင်ချင်းချောင်းသည် မျှော်စင်ကြီးထိပ်ဆုံးပေါ်တက်ကာ ရန်ကုန်မြို့ကို မျှော်ငေးကြည့်ပြီး လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်နေလေ့ရှိသည်ဟူလည်း သူက ပြောလေသည်။ သို့သော် သူဋ္ဌေးကြီး ချင်းချောင်းသည် သူ၏ဇနီး (အမေရိကန်သူလျှို) ၏ လက်ထဲတွင် ရုတ်တရက် ကျဆုံးခန်းရောက်ခဲ့ရသည်။ သူကွယ်လွန်သွားသောအခါ သူ့အလောင်းထည့်ထားသော ခေါင်းတလားဘေးတွင် သူ၏ကြွေးရှင်များက ကြွေစာရင်းများကို ကိုင်ကာ တန်းစီနေတော့သည်။

jtms-chintsong-11.jpg

သူကွယ်လွန်ပုံမှာ မြန်ဆန်လွန်းလှသည်။ သို့သော် လျှို့ဝှက်ကြံစည်မှုကြောင့် ဖြစ်ပုံမရပဲ စီးပွားကျသွားသောကြောင့်သာ ဖြစ်ပုံရသည်။ လင်ချင်းချောင်းက ဆန်များ ဝယ်လှောင်ကာ ဆန်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် အရဲစွန့် ကြိုးစားခဲ့သည်။ သို့သော် ဗြိတိသျှအစိုးရက ဆန်ကို အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်အခြားနိုင်ငံများသို့ တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သည်။ ၁၉၂၃ ခုနှစ်တွင် ချုံးချုံးကျ စီးပွားပျက်သူတစ်ယောက်အဖြစ် လင်ချင်းချောင်း ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် သူ့နန်းတော်ကြီး တည်ဆောက်ပြီးစီးသည်မှာ ငါးနှစ်သာ ရှိသေးသည်။

သူဋ္ဌေးကြီး လင်ချင်းချောင်းသည် ဘဝနိဂုံး အဆုံးသတ်ကောင်းခဲ့ပုံမရချေ။ သို့သော် လင်ချင်းချောင်းဖလား ပိုလို ကစားပွဲကိုမူ ၁၉၂၇ ခုနှစ်အထိ ဆက်လက် ယှဉ်ပြိုင်နေခဲ့ကြကြောင်း သိရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်ဟု သမိုင်းရေးဆရာ Latham က ရေးသား မှတ်တမ်းပြုစုခဲ့သည်။

jtms-chintsong-12.jpg

လင်ချင်းချောင်း၏ မျှော်စင်ကြီးကမူ အချိုးမကျ ဂွတီးဂွကျနှင့်ပင် ၂၀ ရာစုကို ဖြတ်ကျော်လာခဲ့ပြီး အမွေဆက်ခံရသော စစ်အာဏာရှင် အဆက်ဆက်ကလည်း မျှော်စင်ကြီးကို ဖြိုလည်း မဖြိုချလိုသလို ဘာလုပ်ရမည်ကိုလည်း မသိခဲ့ကြ၍ ယနေ့ထက်တိုင် ထူးထူးခြားခြား မြေစိုက် အမှတ်အသားတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။

ဂျပန်ခေတ်ကမူ ထိုမျှော်စင်ကို အသံလွှင့်ရုံအဖြစ် အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင်မူ ကမ္ဘောဇရိပ်သာ အမည်ဖြင့် နိုင်ငံတော်ဧည့်ဂေဟာအဖြစ် အသုံးပြုခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ကျောင်းသူများအတွက် ဘော်ဒါဆောင် ဖြစ်ခဲ့ရပြန်သည်။

jtms-chintsong-13.jpg

ယခုအခါ မြန်မာ့အနုပညာဗဟိုဋ္ဌာန (Myanmar Art Centre) အပြင် ရန်ကုန်မြို့၊ အစိုးရ အနုပညာကျောင်း (Yangon State  School of Fine Arts) က အောက်ပိုင်းအထပ်များကို ပြခန်းအဖြစ် အသုံးပြုနေသည်။ ၂၀၁၄ ခုနှစ်တွင် ချင်းချောင်းတာဝါကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ချင်းချောင်း အနှစ် ၁၀၀ ပြည့်အဖြစ် ကျင်းပရန် ပြုပြင် မွမ်းမံမှုများ ပြုလုပ်မည်ဟု ကြေငြာထားသည်။

jtms-chintsong-15.jpg

ဤဆောင်းပါးရေးသားနေချိန်တွင်မူ တာဝါ၏ အထက်ပိုင်းအထပ်များကို သော့ခတ်ပိတ်ထားဆဲဖြစ်သည်။ အနှစ် ၁၀၀  ပြည့်တော့မည့် နံရံဆေးရေး ပန်းချီများမှာ ဖုံများဖြင့် အလိမ်းလိမ်း ဖြစ်နေဆဲဖြစ်ပြီး နန်းတော်ဟောင်းကြီးမှာလည်း ဟာလာဟင်းလင်း ဖြစ်နေဆဲဖြစ်သည်။

သို့သော် တံခါးတွေကိုမူ ဖွင့်လှစ်ထားသည်။ ဂျော့ဘင်ဂျမင် ကလီမင်ဆော ၏ ဝိညာဉ်တစ္ဆေများ ရန်ကုန်ကို တစ်ခေါက်ပြန်ရောက်လာလျှင် အလည်ဝင်ရအောင်များ ဖွင့်ထားလေသလား။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.