အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုပ်ပိုင်ခွင့်အာဏာကိုအသုံးချ၍ ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပရန် လုပ်ဆောင်နေသည်ဟု ရခိုင်နိုင်ငံရေးသမားများက ယုံကြည်နေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

မြောက်ဦးမြို့ပေါ်သို့ရောက်ရှိပါက အိမ်ခေါင်မိုးများပေါ်တွင် ထိုးထိုးထောင်ထောင်နှင့် ဝါးလုံး အချို့ကို တွေ့ရပါလိမ့်မည်။ နိုင်ငံရေးပါတီများ၏ အလံများလွှင့်ထားခြင်းမဟုတ်ပါ။  ဖုန်းများကို အင်တာနက်ဖွင့်၍ Hot Spot လွှင့်ထားခြင်းဖြစ်သည်။ ပြီးလျှင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ပိုး၍ ဝါးလုံးထိပ်ဖျားတွင် ချည်ကာ အိမ်နံဘေးတွင်တိုက်ထောင်၍ အင်တာနက်လိုင်းရှာကြခြင်းဖြစ်သည်။

၂၀၁၉၊ ဇွန်မှစ၍ အစိုးရသည် ရခိုင့်တပ်မတော်(အေအေအဖွဲ့)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက် ဖြတ်တောက်ခဲ့သည်။ ယခုနှစ် သြဂုတ်၁ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း အလွန်နှေးကွေးသည့် 2G ကွန်ရက်သာ ရသောကြောင့် အသုံးပြု၍ မရဖြစ်သည်။

ထို့ကြောင့် မြောက်ဦးရှိ ဒေသခံအများစုသည် 3G နှင့် 4G ကွန်ရက်များကို အသုံးပြုနိုင်ရန် တောင်ကုန်များထိပ်သို့ တပ်၍ အသုံးပြုရသည်။ သို့သော် မြန်မာ့တပ်မတော်က အင်တာနက် အသုံးပြု၍ရသည့် တောင်ကုန်းများကို ရံဖန်ရံခါတွင် လာရောက်ပိတ်ပင်လေ့ရှိပြီး ကိုဗစ်-၁၉ရောဂါ ကန့်သတ်ချက်များကြောင့် ဒေသခံအများစုသည် ယခုနောက်ပိုင်းတွင် အိမ်တွင်ဝါးလုံးထောင်၍ လိုင်းဖမ်းသည့် စနစ်ကိုပိုမို အားကိုးလာကြသည်။

ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ကိုဗစ်ကြောင့် နေအိမ်တွင်သာ နေထိုင်ရေးအမိန့်နှင့် ကန့်သတ်ချက်များအောက်ပါ ကျရောက်ခြင်းတို့ကြောင့် မြောက်ဦးမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအပေါ် မဲဆွယ်ရာတွင် ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတို့ကိုသာ လုပ်ဆောင်ခွင့်ရခဲ့သည်။ ထိုသို့သော အခြေအနေများအပေါ် စိတ်ပျက်ခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ကျော်အလို၊ အောက်တိုဘာ၁၆ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နယ်မြေမလုံခြုံမှုအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ကိုးခုအပါအဝင် ပြည်နယ်အတွင်း ကျေးရွာအုပ်စုအများအပြားတွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာလိုက်ရာ ဒေသခံမဲဆန္ဒရှင်များအကြားတွင် စိတ်ပျက်မှုများနှင့် ခံပြင်းမှုများ ကြီးထွားလာခဲ့သည်။

ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် ရခိုင်ပြည်နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁ဒသမ၆သန်းကျော်၏ ၇၃ရာခိုင်နှုန်းဝန်းကျင်ဖြစ်သော လူဦးရေ ၁ဒသမ၂သန်းကျော် နိုဝင်ဘာ၈ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ မဲပေးနိုင်မည်မဟုတ်ပေ။

 ရွေးကောက်ပွဲမကျင်းပမည့် မြို့နယ်များမှာ ရခိုင်တိုင်းရင်းသားပါတီများ အနိုင်ရရန် အားကောင်းသည့် နေရာများဖြစ်နေသည်။

ယင်းအပေါ်  ဒေသခံရခိုင်အမတ်လောင်းများက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် လက်ရှိအာဏာရပါတီ အနိုင်မရနိုင်သည့် မဲဆန္ဒနယ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမပြုလုပ်ရန် ဆုံးဖြတ်သလောဟု မေးခွန်းထုတ်လာကြသည်။

မြောက်ဦးမြို့နယ်။ (Thibi အဖွဲ့က ဖန်တီးသည်)

“ဘောလုံးပွဲ တစ်ပွဲလိုပေါ့။ ဒိုင်လူကြီးက ပွဲထဲမှာ မမျှမတလုပ်တယ်။ လာဘ်စားတယ်။ ဒါပေမဲ့  သူ့အဆုံးအဖြတ်က အတည်ပဲလေ။ ဘာမှလုပ်လို့မရဘူး”ဟု ဆိုလာသူက အသက် ၆၂ အရွယ်ရှိ ရခိုင့်ဦးဆောင်ပါတီ (AFP)၏  မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးမောင်သန်းမြင့်ဖြစ်သည်။

“တော်တော် အရုပ်ဆိုးတယ်။ တော်တော်ကို ရုပ်ပျက်ဆင်းပျက်ပဲ”ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအတော်များများတွင် ရွေးကောက်ပွဲ မကျင်းပတော့မည့်အပေါ် သူက စိတ်ပျက်လက်ပျက် ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်းကို အစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ထောက်ခံခြင်းဖြစ်ကြောင်း အခိုင်အမာဖြေရှင်းသည်။

“အဲဒီသတင်းကို သိလိုက်တဲ့ အချိန်အံ့သြသွားတယ်။ တစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ မထင်ထားဘူး”ဟု ဦးမောင်သန်းမြင့်က ပြောဆိုသည်။

ဒေသခံများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်ကြသည်။ မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်ဝေးကွာသည့် ပေါက်တောပြင် ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တစ်ဝိုက်မှ အပ ကျန်သည့်ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း မြောက်ဦးမြို့အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုရွှေသန်းကျော်ကပြောသည်။

“တိုက်ပွဲက အဲဒီမြို့ရဲ့ မြောက်ဘက်မှာ ပေါက်တောပြင် တစ်ဝိုက်မှာပဲ ဖြစ်တာပါ။ ကျန်တဲ့ နေရာတွေကလုံခြုံပါတယ်”ဟု သူကပြောသည်။

ဖရွန်းတီးယားမြန်မာသည် သြဂုတ်လအတွင်း မြောက်ဦးသို့ သွားရောက် သတင်းယူခဲ့စဉ်က မြို့ပေါ်တစ်ဝိုက်သည် အေးအေးချမ်းချမ်းဖြင့် ပုံမှန်လည်ပတ်လျက်ရှိသည်။ သို့သော် စစ်တွေသို့အပြန်  မြောက်ဦးမြို့ပြင် ပေါက်တောပြင်ရွာ အနီး၊ ရန်ကုန်-စစ်တွေ ကားလမ်းတွင် အေအေတပ်ဖွဲ့ဝင်အချို့ လက်နက်များဖြင့် သွားလာနေသည်ကို မြင်တွေ့ခဲ့ရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အရပ်သားများ ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများ၊ စစ်ဘေးရှောင်များစသည့် ဖိနှိပ်မှုများအတွက် အသံတစ်သံ ထွက်ပေါ်ရန် ရွေးကောက်ပွဲကို ဝင်ခဲ့ကြခြင်း ဖြစ်သည်ဟု ရခိုင်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုသည်။ သို့သော် ယခုတွင်မူ ထိုမျှော်လင့်ချက်များ ကင်းမဲ့သွားပြီဖြစ်သည်။

“အခုတော့ ကျွန်တော်တို့ ရခိုင်တွေတိုင်းရင်းသားတွေအပေါ် မတရားဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အသံတွေမှ ထွက်လို့မရတော့ဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ မြောက်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ပြောသည်။

နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိလျှင်မူ မြောက်ဦးအပါအဝင် အခြားရွေးကောက်ပွဲမကျင်းပဟု ကြေညာထားသည့် မြို့နယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်များကို ကြားဖြတ်ရွေးကောက်ပွဲများ အစောဆုံးကျင်းပနိုင်မည့် ၂၀၂၂တွင်မှ ရွေးချယ်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ ရွေးကောက်ပွဲဥပဒေများ အရ ကြားဖြတ်ရွေးကောက်ပွဲများကို အစိုးရသစ်သက်တမ်း ပထမနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကျင်းပခွင့်မရှိ၍ဖြစ်သည်။

ဦးထွန်းနေဝင်းကမူ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲမကျင်းပခြင်းမှာ  မဲဆန္ဒရှင်များကို အခြားတစ်ဘက်သို့ တွန်းပို့သကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

“လွှတ်တော်နိုင်ငံရေးထွက်ပေါက် အားနည်းလာရင် တစ်ဘက်က စစ်မက်တွေ ပိုဖြစ်လာနိုင်တယ်” ဟု သူကပြောသည်။

၂၀၁၅ကကဲ့သို့ တစ်ပြည်နယ်လုံးမဲပေးခွင့်ရရှိလျှင်မူ ရခိုင်မဲဆန္ဒရှင်များ၏ မဲပေးမှုရလဒ်သည် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မှုအပေါ် မလွှမ်းမိုးနိုင်ပါ။ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၅ခုအနက် ၂၂နေရာအထိ အနိုင်ရခဲ့သည်။ သို့သော်လည်း ပါတီ၏ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ရန် အကြံပြုချက်ကို အင်န်အယ်လ်ဒီပါတီက လျစ်လျူရှု၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို အသုံးချကာ ပါတီဝင်ဦးညီပုကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ယင်းဖြစ်ရပ်များအပေါ်အခြေခံ၍ ပြည်မအခြေစိုက်ပါတီများဖြစ်သည့် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့ ဦးဆောင်သည့် အစိုးရများထံမှ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုရန်မှာ မဖြစ်နိုင်သလောက်ရှိသည်ဟု ရခိုင်နိုင်ငံရေးသမားများက နားလည်လက်ခံလာကြသည်။

မစခင်ကပြီးဆုံးနှင့်သည့် ကစားပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များတွင် ရွေးကောက်ပွဲကျင်းပရန် မရုတ်သိမ်းမီကပင်လျှင် ဦးထွန်းနေဝင်းနှင့် ဦးမောင်သန်းမြင့်တို့အဖို့ မြောက်ဦးတွင် မဲဆွယ်ရန်မှာ မလွယ်ကူပေ။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း အစအဖြစ် ရောဂါကူးစက်ခံရသူများကို ရခိုင်ပြည်နယ်တွင်  ပြီးခဲ့သည့် သြဂုတ်လလယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ ယင်းနောက် သြဂုတ်၂၆ရက်မှစ၍ တစ်ပြည်နယ်လုံးတွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းများအရ လူ၅၀အထိ ကျန်းမာရေးအစီအမံများဖြင့် မဲဆွယ်စုရုံးခွင့်ရှိသည်။ သို့သော် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်သက်ရောက်သည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်ကို လုံးဝပိတ်ပင်ထားသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ကိုယ်စားလှယ်လောင်းများမှာ ပြင်ပတွင် စုဝေးခွင့်မရှိတော့ဘဲ အွန်လိုင်းကတစ်ဆင့်သာ မဲဆွယ်စည်းရုံးခဲ့ကြသည်။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရကခွင့်ပြုထားသည့် အင်တာနက်မှာ မြန်နှုန်းအလွန်နှေးကွေးသော 2Gကွန်ရက် အဆင့်ရှိသည်ဖြစ်ရာ အွန်လိုင်းမှတစဆင့် ရုပ်သံပြဆော့ဖ်ဝဲများဖြင့် မဲဆွယ်ရန်မှာ မဖြစ်နိုင်သည့်အနေအထားတွင် ရှိသည်။

ရွေးကောက်ပွဲမပယ်ဖျက်ခင်ကပင် အင်တာနက်ဖြတ်တောက်မှုနှင့် ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး မလုပ်နိုင်အောင် ခက်ခဲခဲ့သည်ဟု ဦးမောင်သန်းမြင့်၊  ဦးထွန်းနေဝင်းတို့ နှစ်ဦးစလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုသည်။ 

မြောက်ဦးမြို့နယ်တွင်
ဩဂုတ်လလယ် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ဒုတိယလှိုင်းစတင်ခဲ့ချိန်တွင် မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများကို စေတနာ့ဝန်ထမ်းများက အများပြည်သူသို့ လိုက်လံဝေငှစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် မရေရာမှုများကြောင့် အချိန်နှင့်လုပ်အားများ အလဟသဖြစ်မည်စိုးသဖြင့် ရခိုင်ကိုယ်စားလှယ်လောင်းအချို့သည် မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်သည်အထိ နယ်ဘက်သို့ စည်းရုံးရေးမဆင်းဘဲ စောင့်ကြည့်နေခဲ့သည်။

“ဒါက တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါ။ ကိုဗစ် ကန့်သတ်ချက်အောက်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့မရဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“၂၀၁၅ တုန်းကဆို အခုအချိန်ဆို ကျွန်တော်တို့ အရမ်းလှုပ်ရှားနေပြီ။ မြို့နယ်ကော်မရှင်ရုံးကို စည်းရုံးရေးဆင်းမဲ့ နေရာတွေ တင်ပြပြီး ခရီးတွေ ထွက်နေပြီ”ဟု ၎င်းကပြောသည်။

မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်ပြီးနောက်တွင်မူ ရခိုင်နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စား လှယ်လောင်းများသည် မြောက်ဦးတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ယူဆခဲ့ကြသည်။

“အဲဒါက မြောက်ဦးအတွက်ဆို အများကြီးဆုံးရှုံးတယ်။ တကယ်ဆို အချိန်အများကြီးစောပြီး ကြေညာထားသင့်တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပရန် ကြေညာချိန် နောက်ကျခြင်းနှင့် ပတ်သက်၍ ဦးမောင်သန်းမြင့်က ပြောသည်။

မြောက်ဦးတစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်၏ဆုံးဖြတ်ချက်သည် အာဏာရ အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုနည်းသဖြင့်ဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းများက ယုံကြည်ထားကြသည်။ သူတို့ တစ်ညီတစ်ညွတ်တည်းထောက်ပြသည်မှာ မြောက်ဦးထက် တိုက်ပွဲများ ပိုမိုပြင်းထန်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပလက်ဝမြို့ရှိ၊ မဲဆန္ဒနယ်များတွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။ (သို့သော် ကော်မရှင်က ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စု အတော်များများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။)

သို့သော် မြောက်ဦးတွင်မူ အင်န်အယ်လ်ဒီပါတီသည် မဲပေးသူစုစုပေါင်း၏ ဆန္ဒမဲလက်မှတ် ၄ရာခိုင်နှုန်းသာ ရရှိထားသည်။ မြောက်ဦးမြို့နယ်သည် ဧရိယာ ၁,၂၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ယင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသများဖြစ်သည်။ လူဦးရေစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်မှူးဦးစီးဌာန၏ အချက်အလက်များ အရ သိရသည်။ ထို့ပြင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်တွင် စစ်ဘေးရှောင် အရေအတွက်မျာလည်း ၃၀,၀၀၀ ကျော်အထိရှိသည်။

ရွေးကောက်ပွဲပယ်ဖျက်လိုက်သဖြင့် ကိုယ်စားလှယ်လောင်းများအဖို့ စိတ်ပျက်ဒေါသ ထွက်ကြသော်လည်း ကျေးရွာများရှိမဲဆန္ဒနယ်များနှင့် စစ်ဘေးရှောင်များမှာမူ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ကြပေ။ 

ဖရွန်းတီးယားမြန်မာက သြဂုတ်လကုန်ပိုင်းတွင် မြောက်ဦးသို့ သွားရောက်၍ သတင်းရယူစဉ်ကမူ ဒေသခံအများအပြားမှာ ခက်ခဲသည့် လူမှုဘဝအခြေအနေများကြောင့် ရွေးကောက်ပွဲထက်၊ ပဋိပက္ခဒေသတွင် ရှင်သန်နိုင်ရေး၊  ကိုဗစ်-၁၉ကာလတွင် မိသားစု စားဝတ်နေရေး စသည့် နိစ္စဓူဝ ကိစ္စရပ်များအတွက် အဓိကရုန်းကန်နေရသောကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့ကျလျက်ရှိသည်။ အချို့ဒေသခံများမှာမူ ၎င်းတို့နေထိုင်ရာ ဒေသတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကိုပင် မသိရှိပေ။ 

ရွေးကောက်ပွဲ ကျင်းပရန်နှစ်ပတ်ခန့်အလိုတွင်မူ မြောက်ဦး၏ ကျေးလက်နှင့် မြို့ပေါ် ဒေသနှစ်ခုလုံးရှိ ဒေသခံများသည် ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရေးသတင်းများထက် သေနတ်သံများ၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကိုသာ အာရုံစိုက်နေရပြီး အရပ်သားဖမ်းဆီးခံရမှုနှင့် သေဆုံးမှုအခြေအနေများကြောင့် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ကြလျက်ရှိသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတာတောင် ဒီမတရားဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေက ဖြစ်ပွားနေတယ်။ မရှိတော့ဘူးဆိုရင် အခုထက်ပိုဆိုးလာမယ်”ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။

“တိုက်ပွဲတွေ ဒီထက်ပိုများလာမှာကို တော်တော်စိုးရိမ်တယ်”

အောင်ဖေကြည်စိုး ရေးသားသည်။

ကမ္ဘာပေါ်မှာ သွေးရည်ကြည်ကုထုံးကို သုံးစွဲခဲ့တာ ရာစုနှစ်တစ်ခုနီးပါးရှိပါပြီ။ ပထမဆုံး သွေးရည် ကြည်ကုထုံးကတော့ ဆုံဆို့နာကပ်ရောဂါကို ကုသရာမှာ စတင်သုံးစွဲခဲ့ပါတယ်။ 

လူ့ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေကို ရောက်ရှိလာတဲ့အခါ ပိုးတွေကိုတိုက်ထုတ်ဖို့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်က အလိုအလျောက် ပဋိပစ္စည်းထုတ်ပေးပါတယ်။ ဒီထွက်လာတဲ့ ပဋိပစ္စည်းတွေဟာ ရောဂါပိုးကို တိုက်ထုတ်လိုက်နိုင်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ နဂိုမူလအတိုင်း ပြန်ကျန်းမာလာပါတယ်။ ခန္ဓာကိုယ်ထဲမှာတော့ ဒီပိုးကိုတိုက်ထုတ်လိုက်နိုင်တဲ့ ပဋိပစ္စည်းကျန်ရစ်ခဲ့ပါတယ်။

ပဋိပစ္စည်းပါဝင်နေတဲ့ ခန္ဓာကိုယ်ထဲက သွေးရည်ကြည်ကိုရယူပြီး အလားတူရောဂါကူးစက်ခံရတဲ့ လူနာတွေကို ကုသရာမှာအသုံးပြုပါတယ်။ အဲဒီပဋိပစ္စည်းက ဒီရောဂါပိုးကို နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ဒီကုထုံးနဲ့ကုသခံရတဲ့ လူနာတွေဟာလည်း ပြန်လည်သက်သာ ပျောက်ကင်းသွားပါတယ်။ ဒါကို သွေးရည်ကြည်ကုထုံးလို့ခေါ်ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကပ်ရောဂါအသွင်ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish Flu) ဖြစ်ပွားတဲ့အချိန်မှာ သွေးရည်ကြည်ကုထုံးကို အသုံးပြုပြီး သေဆုံးမှုကို ၂၁ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်တဲ့ SARS ကူးစက်ခံရသူတွေကိုလည်း သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးပြီး သေဆုံးမှုကို ၁၇ရာခိုင်နှုန်းကနေ ၁၂ဒသမ၅ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ရာသီတုပ်ကွေးရောဂါ (H1N1) ကူးစက်ခံရတဲ့သူတွေကို သွေးရည်ကြည်ကုထုံးအသုံးပြုပြီးတော့ သေဆုံးမှုကို ၅၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့နိုင်ငံကြီးတစ်ချို့က သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့ရာ အောင် မြင်မှုတွေရရှိနေပြီဖြစ်ပါတယ်။ ထို့အတူ မြန်မာနိုင်ငံအနေနဲ့လည်း ယခုနှစ်မှာ သွေးရည်ကြည်ကုထုံးနဲ့ ကိုဗစ် ရောဂါပြင်းထန်စွာခံစားနေရတဲ့ လူနာရှစ်ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ကိုဗစ်လူနာတွေကိုကုသပေးတဲ့အခါ ကျွန်တော်တို့က ကောင်းသွားတဲ့သူတွေဆီက သွေးရည်ကြည်ကို ယူတယ်။ ကောင်းသွားတဲ့အတွက်ကြောင့်မို့လို့ convalescentလို့ခေါ်တာ။ ပြီးတော့မှ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကို ပြန်ထိုးသွင်းပေးတာဖြစ်ပါတယ်”လို့ ဒေါက်တာရဲမြကပြောပါတယ်။

ဒါကြောင့်လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဒေါက်တာမြင့်ထွေးက ဒီလို ကုသမှုပေးနိုင်ရေး၊ လူနာတွေရဲ့ အသက်ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့  ဆေးပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါ့ပြင် ကိုယ်တိုင် ကိုဗစ်-၁၉ရောဂါကို ဖြစ်ပွားခံစားရပြီး ပြန်လည်သက်သာလာသူတွေအနေနဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာဖြင့် သွေးရည်ကြည်လှူဒါန်းခဲ့တဲ့အပေါ် မိမိအနေနဲ့ ကျေးဇူးတင်ဂုဏ်ယူလေးစားပါတယ်”လို့ ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

အကြံပေးပညာရှင်အဖွဲ့

ကမ္ဘာအနှံ့မှာ ကိုဗစ်-၁၉ပျံ့နှံ့မှုစတင်ခဲ့ချိန်ကစပြီး နိုင်ငံပေါင်းများစွာဟာ ဒီရောဂါပိုးရဲ့ သဘောသဘာဝကို သိရှိနိုင်ဖို့ ကြိုးစားလေ့လာခဲ့ကြသလို၊ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း တတ်နိုင်သမျှ ကြိုးစားရှာဖွေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ရောဂါခံစားရပြီး ပြန်လည်သက်သာ ပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကတစ်ဆင့် ပိုးတွေ့လူနာတွေကို ကုသလို့ ရ၊ မရ သိရှိနိုင်ဖို့အတွက် ရှာဖွေအကြံပေးမဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဧပြီလလယ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်၊။ ဒီအဖွဲ့မှာ ကျန်းမာရေးပညာရှင် ၁၂ဦးပါဝင်ခဲ့ပါတယ်။

ကော်မတီရဲ့အလုပ်ကတော့ သွေးရည်ကြည်ကုထုံးကို နိုင်ငံတကာမှာ ဘယ်လိုအသုံးချနေတယ်ဆိုတာ လေ့လာဖို့၊ သွေးရည်ကြည်ကုထုံးကို အသုံးပြုပြီး ကုသရင် ထိရောက်မှုရှိ၊ မရှိနဲ့ သွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ကို ကုသမှုဟာ ပထမဆုံးဖြစ်တာကြောင့် ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ညီ၊ မညီ အသေးစိတ်လေ့လာဖို့ ဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ စာတမ်းပြုစုရပါတယ်။ သက်သေ၊ သာဓကတွေ အကုန်လိုက်ရှာရတယ်။ ကျွန်တော်တို့က ကျင့်ဝတ်နဲ့ညီအောင် အသေးစိတ်တွေကိုလေ့လာပြီးပြုစုရပါတယ်။ ဆေးသုတေသနက ကျင့်ဝတ်ကော်မတီကို Institutional research (IRP)အတွက် ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ဟာတွေကို တင်ပြရပါတယ်”ဟု အကြံပေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာရဲမြက ပြောပါတယ်။

အကြံပေးပညာရှင်အဖွဲ့ဟာ မေ၈ရက်မှာ ကျင့်ဝတ်ကော်မတီဆီက ခွင့်ပြုချက်ရရှိပြီး မေ၂၅ရက်မှာ သွေးရည်ကြည်နဲ့ ပြင်းထန်ကိုဗစ်လူနာတွေကို စတင်ကုသပေးခဲ့ပါတယ်။ ဒါ့ပြင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသွားသူတွေဆီကနေ သွေးရည်ကြည် စတင်အလှူခံပါတော့တယ်။

သွေးရည်ကြည် ကုထုံးကို ဘာကြောင့်သုံးရတာလဲ

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉လူနာ အယောက် ၁၀၀မှာ ၈၀လောက်က ရောဂါလက္ခဏာ မပြဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေကဆိုပါတယ်။ ဆိုလိုတာက ကိုယ်ပူချိန်မြင့်ပြီးဖျားတာ၊ ချောင်းဆိုး၊ လည်ချောင်းနာစတဲ့ ကိုဗစ်-၁၉ လက္ခဏာလုံးဝမပြဘဲ ကိုဗစ်ပိုးကူးစက်ခံနေရတဲ့သူ ဦးရေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်နေတာဖြစ်ပါတယ်။ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ကျန်တဲ့ ၂၀ယောက်အနက် ငါးယောက်လောက်က ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေဖြစ်ပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာစောင့်ထိန်းမှုအရ သွေးရည်ကြည်ကုထုံးကို ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာတွေကို ကုသရာမှာပဲ အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်လို့ အကြံပေးပညာရှင်အဖွဲ့ကဆိုပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့လူနာလို့ဆိုရာမှာ သွေးတွင်းအောက်စီဂျင်ပမာဏ ၉၃/၉၄ ရာခိုင်နှုန်းအောက်ရောက်ခြင်း၊ အသက်ရှုနှုန်းက တစ်မိနစ်ကို အကြိမ်၃၀နှုန်းထက် မြင့်တက်နေတဲ့ လူနာတွေဖြစ်ပါတယ်။

ဒီလို ရောဂါပိုးကိုချေမှုန်းနိုင်တဲ့ပဋိပစ္စည်း (Neutralizing Antibody) အများဆုံးထွက်တာက ရောဂါပြင်းထန်တာကနေ နေကောင်းသွားတဲ့ လူတွေဖြစ်ပါတယ်။ အသက်ပိုကြီးလေ ချေမှုန်း နိုင်တဲ့ ပဋိပစ္စည်းများများပိုထွက်လေဖြစ်ပါတယ်”လို့ ဒေါက်တာ ရဲမြကပြောပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတော့ သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးတဲ့အခါ အလှူရှင်ဆီမှာ ရောဂါပိုးကိုချေမှုန်းနိုင်တဲ့ပဋိပစ္စည်း (Neutralizing anti-body) အများဆုံး ဘယ်လောက်ထိရှိလဲဆိုတာ စစ်ဆေးနိုင်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မစစ်ဆေးနိုင်သေးပါဘူး။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှာတော့ ဇီဝလုံခြုံမှုအဆင့်(၃) ရှိတဲ့ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်နေဆဲဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းသာ ပြီးသွားရင် သွေးရည်ကြည်မှာ ပါဝင်တဲ့ ပဋိပစ္စည်းပမာဏကို တိုင်းတာနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉လူနာတွေကို ကုသရာမှာလည်း ပိုပြီးထိရောက်လာမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ သွေးရည်ကြည်လှူမဲ့အလှူရှင်နဲ့ ကုသမှုခံယူမဲ့လူနာဟာ သွေးအုပ်စုတူရမှာဖြစ်ပါတယ်။ ဒါ့ပြင် အလှူရှင်တွေဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)၊ အသည်းရောင်အသားဝါ (ဘီပိုး၊ စီပိုး)၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုးတွေ ရှိ၊ မရှိ အရင်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီရောဂါတွေမရှိမှ လှူဒါန်းခွင့်ရရှိမှာဖြစ်ပါတယ်။

“အနည်းဆုံးတော့ သူတို့က ရောဂါလက္ခဏာ လုံးဝမရှိရတော့ဘူး။ ကောင်းသွားရမယ်။ နှာခေါင်းတို့ဖတ်က နှစ်ခါ negative (ပိုးမတွေ့ကြောင်းဓာတ်ခွဲရလဒ်) ဖြစ်နေရမယ်။ ဆေးရုံက ဆင်းပြီးလို့ quarantine (နေအိမ်တွင်အသွားအလာ ကန့်သတ်နေထိုင်ခြင်း)လည်း ၁၄ရက် ဝင်ပြီးသားလည်းဖြစ်ရမယ်။ နေလည်းကောင်းတယ်၊ သွေးအားလည်းပြည့်ပြီး သူကလည်းလှူဖို့ သဘောတူမှ ကျွန်တော်တို့လက်ခံတယ်။ အတင်းမယူပါဘူး”လို့ ဒေါက်တာရဲမြက ပြောပါတယ်။


ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ဇော်သန်းထွန်းနှင့် အကြံပေးပညာရှင်အဖွဲ့ခေါင်းဆောင် ဦးရဲမြတို့ သွေးရည်ကြည်ကုထုံးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ဧပြီ၁၄ရက်ကနေ မေ၇ရက်အထိ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူ အဆိုတော်နီတာကတော့ သူ့အနေနဲ့ သွေးရည်ကြည် လှူဒါန်းခွင့်ရတာကို ဝမ်းသာမိကြောင်း ဆိုပါတယ်။

“ကိုယ့်ရဲ့ သွေးရည်ကြည်ကိုသုံးပြီး ရောဂါခံစားရတဲ့ လူနာတွေကို သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုတာကိုသိရလို့ ကျွန်တော့်ရဲ့သွေးရည်ကြည်ကို လာလှူဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီသွေးရည်ကြည်ကြောင့် လူနာတွေအသက်ရှင်ခွင့်ရမယ်ဆိုရင် အတိုင်းမသိဝမ်းသာပီတိဖြစ်တာပေါ့”လို့ သူက ပြောပါတယ်။

တစ်ခါလှူဒါန်းလိုက်တဲ့ သွေးရည်ကြည်တစ်အိတ်ကို တစ်နှစ်လောက် သိမ်းဆည်းထားနိုင်တယ်လို့လည်း အကြံပေးပညာရှင်အဖွဲ့ကဆိုပါတယ်။

သွေးရည်ကြည်နဲ့ ကုသပေးတဲ့ လူနာရှစ်ဦး

မြန်မာနိုင်ငံမှာ သွေးရည်ကြည်ကုထုံးကြောင့် ကိုဗစ်ရောဂါကနေ ပြန်လည်သက်သာလာတဲ့ လူနာ ရှစ်ဦးရှိခဲ့ပေမဲ့ လူနာတွေဟာ ဒီကုထုံးတစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြားခေတ်မီဆေးဝါးတွေနဲ့ပါ ကိုဗစ်-၁၉ပျောက်ကင်းအောင် ကုသပေးခဲ့ရတယ်လို့ အကြံပေးပညာရှင်အဖွဲ့ တာဝန်ရှိသူတွေကဆိုပါတယ်။

“သွေးရည်ကြည် လည်းပေးရတယ်။ တခြားဆေးတွေလည်းပေးရတယ်။ ပြီးတော့မှ နှလုံးရောဂါလည်း ကုရတယ်။ အစာအိမ်အူလမ်းကြောင်းလည်းကုရတယ်။ ကျောက်ကပ်လည်း ကုရတယ်။ အကုန်လုံး စုပေါင်းပြီးတော့ ကုရတယ်။ Team work (တစ်ဖွဲ့လုံးလုပ်ရတဲ့အလုပ်)ပေါ့”လို့ ဒေါက်တာရဲမြက ပြောပါတယ်။

အကြံပေးပညာရှင်အဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ကုသပေးခဲ့ပြီး ပျောက်ကင်းခဲ့တဲ့ ပထမဆုံး ပြင်းထန် ကိုဗစ်-၁၉လူနာရှစ်ဦးမှာ နှလုံးသွေးကြောပိတ်ပြီး ကြွက်သားသေတဲ့ လူနာ၊ ဦးနှောက်သွေးကြော ပိတ်ပြီး လေဖြတ်တဲ့လူနာ၊ သွေးပြန်ကြောမကြီး နှစ်ခုစလုံး ပိတ်တဲ့လူနာတွေ၊ ကျောက်ကပ်နဲ့အသည်း ထိခိုက်ထားတဲ့ လူနာတွေ၊ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကိုယ်အင်္ဂါ အစားထိုးပြီးကုထားတဲ့သူနဲ့ ကိုယ့်ရဲ့ ကိုယ်အင်္ဂါကိုဖြတ်ပြီး လှူထားတဲ့သူတွေ ပါဝင်ခဲ့ပါတယ်။

ဒီလူနာတွေထဲကကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် ကျန်းမာရေးပညာရှင်တွေက ကိုဗစ်ရောဂါကိုသွေးရည်ကြည်နဲ့ ပျောက်ကင်းအောင်ကုသပေးနိုင်ရုံမက ရင်သွေးငယ်ကိုလည်း လမစေ့သေးဘဲ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

“လူနာတွေကလည်း သူတို့အသက်ရှင်ချင်ကြတဲ့အတွက်  အားလုံးတတစိုက်မတ်မတ်  အားလုံးစကားနား  ထောင်ပြီးတော့ သူတို့ရဲ့နေထိုင်မှုတွေ၊ သူတို့ရဲ့စိတ်ခံစားမှုတွေ အားလုံးကိုလည်း ကျွန်မတို့ ဖြေဖျောက်ပေး   တွေနဲ့ အားပေးမှုတွေလုပ်လို့ ဒါတွေအားလုံးကြောင့်ပဲ သူတို့က ပြန်ကောင်းလာ တာပါ”လို့ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန ပါမောက္ခ ဒေါက်တာစံပယ်ဖြူ ကပြောပါတယ်။

အနာဂတ် ဆောင်ရွက်မဲ့အစီအမံ

သွေးရည်ကြည်နဲ့ ကုသတဲ့လူနာတစ်ယောက်အနေနဲ့  တစ်ခါကုသမှုခံယူရင် သွေးရည်ကြည် ၂၀၀စီစီ နှစ်ထုပ် လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ချို့လူနာတွေကို ကုသပေးတဲ့အခါ သွေးရည်ကြည် လေးထုပ်အထိ သုံးရတဲ့ကုသမှုမျိုး လည်းရှိတယ်လို့ အကြံပေးပညာရှင်အဖွဲ့ဝင်တွေကဆိုပါတယ်။

လက်ရှိမှာတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သွေးရည်ကြည်တွေကို သွေးနီဥတွေကနေ ခွဲထုတ်ပေးရာမှာ အသုံးပြုတဲ့ plasmapheresis စက် တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဒီစက်ကို အသုံးပြုပြီး အလှူရှင်တွေဆီကနေ တစ်ကြိမ်မှာ ၄၀၀စီစီကနေ ၆၀၀စီစီအထိ သွေးရည်ကြည် ထုတ်နိုင်ပါတယ်။ 

ဒါ့ပြင် အလှူရှင်တွေဆီကနေ သွေးရည်ကြည်ပိုမိုရရှိဖို့ ရန်ကုန်မြို့၊​ ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည်စုဆောင်းသိုလှောင်ဖို့ ဌာနတစ်ခုဖွင့်လှစ်ထားပါတယ်။ အဲဒီဌာနမှာလည်းပဲ Plasmapheresis စက်ကို တပ်ဆင်ထားပြီး သွေးရည်ကြည်သွားရောက် လှူဒါန်းနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသွားတွေကို သူတို့ရဲ့ သွေးရည်ကြည်လှူဒါန်းဖို့ အောက်တိုဘာလက ဖိတ်ခေါ်ခဲ့ပါတယ်။ အလှူရှင်တစ်ဦးက သွေးရည်ကြည် ၄၀၀စီစီကနေ ၆၀၀စီစီအထိကို နှစ်ပတ်ကနေ လေးပတ်အတွင်း တစ်ကြိမ်ကနေ သုံးကြိမ်အထိ လှူဒါန်းနိုင်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမဲ့ လှူဒါန်းမဲ့သူဟာ အသက် ၁၈နှစ်ကနေ ၆၀နှစ်အတွင်း ရှိရမှာဖြစ်ပြီး အမျိုးသားဆိုရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင်၁၂၀နဲ့ အမျိုးသမီးဆိုရင် ပေါင် ၁၁၀ရှိရမှာဖြစ်ပါတယ်။

သွေးရည်ကြည်လှူဒါန်းရာမှာ အလှူရှင်ရဲ့ သွေးနီဥတွေကို အလှူရှင်ရဲ့ ကိုယ်ခန္ဓာအတွင်းကို စက်ကတစ်ဆင့် ပြန်သွင်းပေးတာကြောင့် သွေးရည်ကြည်အလှူရှင်အနေနဲ့ သွေးအားလျော့နည်းသွားမဲ့ အခြေအနေမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ လှူဒါန်းတဲ့ သွေးရည်ကြည် ၄၀၀စီစီကနေ ၆၀၀စီစီကို လူနာနှစ်ဦးကနေ သုံးဦးအတွက် အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကဆိုပါတယ်။

“အရေးပေါ်လူနာတွေရောက်လာရင် သုံးနိုင်အောင် ကျွန်မတို့ ကြိုးစားပြင်ဆင်ထားတာဖြစ်ပါတယ်။ ကျွန်မတို့ အကြံပေးပညာရှင်အဖွဲ့ကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးပါတယ်”လို့ အမျိုးသားသွေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာအောင်က ပြောပါတယ်။

အောက်တိုဘာ ၂၈ရက်အထိ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၄၇,၆၆၆ဦး၊ သေဆုံးသူ ၁,၁၄၇ဦးနဲ့ ပျောက်ကင်းပြီးလူနာ ၂၇,၃၇၃ဦးအထိ ရှိနေပါတယ်။ ဒါပေမဲ့ ပြင်းထန်ကိုဗစ်ရောဂါလူနာတွေအတွက် အသုံးပြုဖို့ သွေးရည်ကြည်လိုအပ်ချက်က ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

“အခုကိုဗစ်ရောဂါပျောက်ကင်းလာတဲ့သူတွေအနေနဲ့ တစ်လလောက်အကြာဆိုရင် သွေးရည်ကြည်လှူလို့ရပါပြီ။ အခက်အခဲက နေ့တိုင်းနေ့တိုင်းကို ကျွန်တော်တို့က သွေးလှူရှင် ရှာရတယ်။ A တို့၊ AB တို့ဆို အရမ်းရှားပါတယ်။ ဒါကြောင့် ရောဂါပျောက်ကင်းတဲ့ သွေးရည်ကြည်ရရင် လူနာတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်”လို့ ဒေါက်တာရဲမြက ပြောပါတယ်။

ပျော်ဘွယ်မြို့နယ်အတွင်းက မဲဆန္ဒနယ်များကို ကာကွယ်ရန် ကြိုးပမ်းနေသည့် ပြည်ခိုင်ဖြိုးပါတီနှင့် ယင်းတို့ကို ရယူသိမ်းပိုက်ရန် ကြိုးစားနေသည့် အင်န်အယ်လ်ဒီပါတီတို့အကြား ပြင်းထန်သည့် ရွေးကောက်ပွဲပြိုင်ဆိုင်မှုများကြောင့် မဲဆွယ်ကာလတွင် တင်းမာမှုအချို့ ဖြစ်ပွားခဲ့သည်။

ဖရွန်းတီးယားမြန်မာက လာမယ့်ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်မြို့နယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံနယ်မြေဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅က ပျော်ဘွယ်၏ မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရခဲ့သည်။​ ယင်းသို့အနိုင်ရခဲ့ခြင်းမှာ အမျိုးသားရေးအမည်ခံအဖွဲ့များ၏ ကူညီထောက်ပံ့မှုကြောင့်ဟု ပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီက ယူဆသည်။

ပျော်ဘွယ်မြို့နယ်တွင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများသည် ကျေးလက်ဒေသများကို အဓိကထား၍ မဲဆွယ်လျက်ရှိသည်။ အကြောင်းမှာ ပျော်ဘွယ်၏ ၈၇ရာခိုင်နှုန်းသော မဲဆန္ဒရှင်များမှာ ကျေးလက်နေပြည်သူများဖြစ်၍ဖြစ်သည်။ ယခုနှစ်တွ၍ မဲပေးပိုင်ခွင့်ရှိသည့် တစ်မြို့နယ်လုံး၏ လူဦးရေသည် ၂၁၃,၈၂၃ဦးဖြစ်သည်။

နိုင်ငံရေးပါတီခုနှစ်ခုက ကိုယ်စားလှယ်လောင်း၂၀ဦးသည် ပျော်ဘွယ်မြို့နယ်၏ မဲဆန္ဒနယ်လေးခုတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။​ ယင်းတို့မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်ခု၊ တိုင်းဒေသကြီးမဲဆန္ဒနယ် နှစ်ခုနှင့် ပျော်ဘွယ်နှင့် ရမည်းသင်းမြို့နယ်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၀) (မန္တလေး)တို့ဖြစ်ကြသည်။

အခြားနိုင်ငံရေးပါတီများရှိသည့်တိုင် ပျော်ဘွယ်မြို့နယ်သည် ပါတီကြီးနှစ်ခုဖြစ်သည့် အင်န်အယ်လ်ဒီပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့သာ အဓိက၊ အကြိတ်အနယ်ယှဉ်ပြိုင်ရာ နယ်မြေဖြစ်လာသည်။

အင်န်အယ်လ်ဒီပါတီကလည်း ယခုနှစ်ရွေးကောက်ပွဲတွင် ပျော်ဘွယ်မြို့နယ်အတွင်းက မဲဆန္ဒနယ်များကို ပြည်ခိုင်ဖြိုးပါတီထံမှ ရယူသိမ်းပိုက်ရန် ပြင်ဆင်သည်ဖြစ်ရာ ပါတီနှစ်ခုအကြား ပြိုင်ဆိုင်မှုက ပြင်းထန်လာသည်။ ပြင်းထန်လာသည့် ပြိုင်ဆိုင်မှုနှင့်အတူ စိုးရိမ်ဖွယ်ကောင်းသော တင်းမာမှုအခြေအနေများလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအတွင်း ပေါ်ပေါက်လာခဲ့သည်။

ပျော်ဘွယ်မြို့နယ်။ (Thibi အဖွဲ့က ရေးဆွဲသည်)

ပြည်ခိုင်ဖြိုးပါတီဝင်များသည် မဲဆွယ်စည်းရုံးစဉ်တွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို နှောင့်ယှက်ခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီ၏ ပျော်ဘွယ်မြို့နယ်ဥက္ကဋ္ဌဦးအေးချိုက စွပ်စွဲသည်။

“ကျွန်တော်တို့ ရွာတစ်ရွာကို ဝင်တဲ့အခါကျတော့ တခါတလေ သူတို့က ကျွန်တော်တို့ရှေ့မှာ လာ ကကြတယ်။ မလှမ်းမကမ်းကနေပြီးတော့လည်း ရိုင်းပြဆဲဆိုတာမျိုးရှိတယ်။ ကျွန်တော်တို့ကတော့ သည်းခံပါတယ်။ ဒါပေမဲ့ ပိုဆိုးလာရင် တရားစွဲဖို့ပြင်ဆင်သွားမယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ထိပ်တိုက်တိုးမှုများကို ရှောင်ရှားရန် နိုင်ငံရေးပါတီများသည် ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေး ဆင်းမည်ဆိုပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို သွားမည့်ရက် ကြိုတင်အကြောင်းကြားရလေ့ရှိသည်။ ယင်းမှသာ ကော်မရှင်အဖွဲ့ခွဲက ပါတီများနှင့် ၎င်းတို့၏ ထောက်ခံသူများအကြား တင်းမာမှုမဖြစ်ပွားစေရန် စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ပြိုင်ဘက်ပါတီများအကြား ဖြစ်ပေါ်နိုင်သည့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းမှုများရှိသော်လည်း ပါတီများ၏ ဝန်းရံသူများသည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ၎င်းတို့၏ ပြိုင်ဘက်များကို မကြာခဏ ရန်စသည့်ဖြစ်စဉ်များ ကြားသိနေရသည်ဟု ပျော်ဘွယ်မြို့နယ်အခြေစိုက် ငြိမ်းချမ်းရေးဖိုရမ်ကွန်ရက်အဖွဲ့ဝင် မသီသီမာကပြောသည်။

“သိပ်မကြာသေးခင်ကပဲ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက လူငယ်တစ်ယောက်ကို ထိုးကြိတ်ကြပြီး ခေါင်းမှာ ဒဏ်ရာတွေရသွားတယ်။ အဲဒီလူငယ်က အင်န်အယ်လ်ဒီပါတီထောက်ခံတဲ့သူဖြစ်နေတယ်။ အဲဒီလူငယ်က သူတို့ကို တရားပြန်စွဲထားတယ်”ဟု မသီသီမာက ပြောသည်။

တစ်ဘက်ပါတီဝင်များ၏ ရန်စမှုများကို စိတ်လက်မာန်ပါ မတုံ့ပြန်ရန် ပါတီဝန်းရံသူများကို ပြောကြားထားကြောင်း ပျော်ဘွယ်မြို့နယ်၊ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဦးအေးချိုက ပြောသည်။ ရွေးကောက်ပွဲအလွန်ကာလတွင် တရားမဲ့ပြုကျင့်မှုများကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် သက်သေအထောက်အထားများ စုဆောင်းထားကြောင်း ၎င်းကဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကမူ ၎င်းတို့၏ ပါတီဝင်များနှင့် ပါတီကို ဝန်းရံသူများသည် အကြမ်းဖက်သည့် ဖြစ်စဉ်များတွင် ပါဝင်ခြင်းမရှိဟု ဆိုသည်။ ထို့ပြင် ၎င်းတို့သည် ပါတီဝင်များနှင့် ဝန်းရံသူများကို အမြင်မတူကွဲပြားမှုများအား လက်ခံရန် ညွှန်ကြားထားသည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများက ဖရွန်းတီးယားမြန်မာကို ပြောသည်။

သို့သော် ယင်းသတင်းစကားများကို မလိုက်နာသောပါတီဝင်အချို့လည်း ရှိကြောင်း ပျော်ဘွယ်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင်စိုးကဆိုသည်။ ၎င်းသည် အဆိုပါမဲဆန္ဒနယ်၏ လက်ရှိ လွှတ်တော်အမတ်လည်း ဖြစ်သည်။

“ကျွန်တော်တို့လည်း အနှောင့်အယှက်တွေ ကြုံတွေ့ခဲ့ရတာပါပဲ။ ကျွန်တော်တို့ဆို မိန့်ခွန်းပြောနေတုန်းမှာ သူတို့ (အင်န်အယ်လ်ဒီပါတီဝန်းရံသူများ)တွေက ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံရိုက်တာ၊​ ဗွီဒီယိုရိုက်တာတွေလည်း ကြုံတွေ့ခဲ့ရတယ်။ နောက်ပြီး ကျွန်တော်က မဲဆန္ဒရှင်တွေကို စကားပြောနေတဲ့အခါမှာ သူတို့ဘက်က လော်စပီကာအကျယ်ကြီးဖွင့်တာတွေလည်း ကြုံခဲ့ရတယ်”ဟု ၎င်းကပြောသည်။

ဦးမြင့်စိုးက ယင်းသို့ဆိုသည့်တိုင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးခြင်းသည် ကန့်သတ်အနည်းငယ်ကလွဲ၍ လုံးဝ တရားမဝင်သည်တော့မဟုတ်ပေ။

၂၀၁၅တွင် ဦးမြင့်စိုးကို ရှုံးနှိမ့်ခဲ့သည့် အင်န်အယ်လ်ဒီပါတီဝင် ဦးအေးချိုကမူ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများသည် အင်န်အယ်လ်ဒီပါတီဝင်နှင့် ဝန်ရံသူများကို အမြဲလိုလို နှောင့်ယှက်နေသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် သက်သေနှင့် မှတ်တမ်းများကို စုဆောင်းလျက်ရှိပြီး ရွေးကောက်ပွဲအလွန်တွင် တရားမဲပြုကျင့်မှုအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်တန်းသွားမည်ဟု ဦးအေးချိုကဆိုသည်။

ဦးမြင့်စိုးကမူ အင်န်အယ်လ်ဒီပါတီကသာ တိုင်တန်းရန် ရှိသည်မဟုတ်။ ၎င်းတို့တွင်လည်း ကော်မရှင်ထံ အင်န်အယ်လ်ဒီပါတီကို တိုင်တန်းရန် ခိုင်လုံသော အကြောင်းအရင်းများရှိသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းက အခြားဒေသများတွင် ယင်းပါတီနှစ်ခု၏ ဝန်းရံထောက်ခံသူများ အကြားက ပြိုင်ဆိုင်မှုသည် လူကိုထိခိုက်စေသည့် အမှုအခင်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ၂၀ရက်က ပျော်ဘွယ်နှင့် ထိစပ်နေသည့် မိတ္ထီလာမြို့နယ်အတွင်း ညောင်ကိုင်းကျေးရွာတွင်  ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ အင်န်အယ်လ်ဒီပါတီထောက်ခံသူတစ်ဦး၏ နေအိမ်ကို ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်းရံသူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ဖြစ်စဉ်တွင် ပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူခြောက်ဦး ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများကမူ အင်န်အယ်လ်ဒီပါတီဝန်းရံသူများက ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုကို လာရောက်နှောင့်ယှက်ရာမှ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပါတီနှစ်ခုအကြားက ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် နှစ်ဘက် ပါတီထောက်ခံသူနှင့် ဝန်းရံသူများအကြား တင်းမာမှုများက မန္တလေးတိုင်းဒေသကြီးအတွင်း၌သာ ဖြစ်ပွားခဲ့သည်မဟုတ်။ အောက်တိုဘာ၃ရက်တွင်လည်း မြိုင်မြို့နယ်၊ ကနီကျေးရွာတွင်လည်း အလားတူရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။ ၎င်းတို့နေထိုင်ရာ ပျော်ဘွယ်မြို့နယ်အတွင်းတွင်မူ ယင်းသို့အမှုအခင်းများ ဖြစ်ပေါ်နိုင်ခြေမရှိကြောင်း ဦးမြင့်စိုးသာမက ဦးအေးချိုကပါ ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများထံက ရန်စသည့်အပြုအမူမျိုး ကြုံတွေ့ရသည့်တိုင် “စိတ်လက်မာန်ပါ မတုံ့ပြန်ကြရန် ပါတီထောက်ခံသူများကို ညွှန်ကြားထားကြောင်း” ဦးအေးချိုကပြောသည်။ ထို့ပြင် ၎င်တို့အနိုင်ရမည်မှာ သေချာသောကြောင့် ပါတီဝန်းရံသူများသည် စိတ်ရှည်သည်းခံမည်မှာ သေချာကြောင်း ၎င်းကဆိုသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးရွာ၁၅၀ခန့်သို့ မဲဆွယ်စည်းရုံးရန် သွားရောက်ခဲ့ရာ ကျေးရွာသုံး၊ လေးခုတွင်သာ နှောင့်ယှက်မှု ကြုံတွေ့ခဲ့ရကြောင်း ဦးမြင့်စိုးကဆိုသည်။

အောက်တိုဘာ၉ရက်က ပျော်ဘွယ်မြို့အတွင်း မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည် မဲဆွယ်နေသည့် အင်န်အယ်လ်ဒီပါတီဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများကမူ ပျော်ဘွယ်အတွင်းရှိ ကျေးရွာအားလုံး (၃၁၇ရွာ)သို့ သွားရောက်မဲဆွယ်ခဲ့ပြီးပြီဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမတိုင်မီအထိ ဆက်လက်မဲဆွယ်သွားမည်ဟုဆိုသည်။

အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူများက ပျော်ဘွယ်၏ မဲဆန္ဒနယ်များကို ၎င်းတို့အနိုင်ရမည်ဟု ယုံကြည်သည့်နည်းတူ ပြည်ခိုင်ဖြိုး၏ လက်ရှိလွှတ်တော်အမတ်များကလည်း သက်တမ်းငါးနှစ်အတွင်း ၎င်းတို့၏ စွမ်းဆောင်မှုများအတွက် ပြည်သူလူထုထံက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆန္ဒမဲများကို ရရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ပျော်ဘွယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကမူ လွှတ်တော်အတွင်း မဲဆန္ဒရှင်များအရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဆိုများစွာတင်သွင်းခဲ့သဖြင့် နိုဝင်ဘာ၈ရက်တွင်လည်း ထပ်မံအနိုင်ရဦးမည်ဟု မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေသည်။

 “ကျွန်တော်ကတတ်နိုင်သလောက် ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်အတွင်းမှာ မေးခွန်းတွေမေးတယ်။ အဆိုတွေတင်ခဲ့တယ်”ဟု ၎င်းကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးကလည်း အလားတူဆိုသည်။​ သို့သော် ၎င်းတင်ပြသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အင်န်အယ်လ်ဒီပါတီအဖွဲ့ဝင် များပါသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ၎င်းတို့နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည့်အစား မြို့နယ်အင်န်အယ်လ်ဒီပါတီရုံးများကတစ်ဆင့် လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ပျော်ဘွယ်မြို့လယ်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ| ပေးပို့)

အင်န်အယ်လ်ဒီပါတီဝင် ကိုယ်စားလှယ်လောင်းများကလည်း လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့သည် ပြည်ခိုင်ဖြိုးပါတီထံမှ ပျော်ဘွယ်ရှိ မဲဆန္ဒနယ်များကို သိမ်းပိုက်ရယူမည်ဟု ယုံကြည်ချက် မြင့်မားလျက်ရှိသည်။ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ မသီသီမာကမူ အင်န်အယ်လ်ဒီပါတီက အုပ်ချုပ်သည့် ငါးနှစ်သာကာလအတွင်း ပျော်ဘွယ်မြို့နယ်အတွင်း အင်တာနက် ဆက်သွယ်မှုနှင့် လျှပ်စစ်မီးကဲ့သို့သော ဒေသဖွံ့ဖြိုးတိုးတက်မှုလက္ခဏာများ ပိုမိုမြင်တွေ့လာရသည်ဟု ဆိုသည်။

ကျေးလက်နေပြည်သူများသည် ယခင်ရွေးကောက်ပွဲကနှင့်မတူ ဘာသာရေးနှင့်လူမျိုးရေးအခြေပြု မဲဆွယ်မှုများကို ယခုတစ်ကြိမ်တွင်မူ သတိကြီးစွာထား၍ မဲပေးကြလိမ့်မည်ဟု ယုံကြည်ကြောင်း မသီသီမာကဆိုသည်။

“အရင်ကတော့ (ပျော်ဘွယ်မြို့နယ်အတွင်းက) ရွာတွေအားလုံးနီးပါး ဗုဒ္ဓဘာသာအမည်ခံ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ ဝါဒမှိုင်းတိုက်တာ မိခဲ့တယ်။ ဒီတစ်ကြိမ်တော့ မဲဆန္ဒရှင်တွေက ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာ သိသွားကြပါပြီ။  အမျိုးသားရေးမှိုင်းမိခံရတာက လုံးဝကြီး ပျောက်ကွယ်သွားသေးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခြေအနေတွေက အများကြီးတိုးတက်လာပါပြီ”ဟု ၎င်းကပြောသည်။

နိုဝင်ဘာ၈ရက်တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပတော့မည်ဖြစ်သည်။ သို့သော် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအတွက် အရေးပါသောအစိတ်အပိုင်းများကို ကိုဗစ်-၁၉ကပ်ရောဂါက တားဆီးလျက်ရှိသည်။

အိအိတိုးလွင် ရေးသားသည်။

စက်တင်ဘာလအတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုများနှင့် သေဆုံးမှုများ သိသိသာသာ မြင့်တက်လာသဖြင့် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြသည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကမူ ၎င်းတို့၏ တောင်းဆိုမှုကို လျစ်လျူရှုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားသော်လည်း ရွေးကောက်ပွဲကိုရွှေ့ဆိုင်းမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ရောဂါပြန့်ပွားမှုကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲကိုလုံခြုံစွာနှင့်မျှတစွာ ကျင်းပနိုင်လိမ့်မည်ဟု သူတို့ကပြောကြားခဲ့သည်။

စက်တင်ဘာ၂၉ရက်က ကချင်၊ ကယားနှင့် ကရင်ပြည်နယ်များမှ မဲဆွယ်စည်းရုံးရေးတွင် ပါဝင်သည့် ပါတီဝင်များနှင့် တွေ့ဆုံသည့် အွန်လိုင်းဗွီဒီယိုဆွေးနွေးပွဲတစ်ခုတွင် “ကိုဗစ်-၁၉ရောဂါပိုးထိန်းချုပ်နိုင်ရေးက အရေးကြီးသလို ရွေးကောက်ပွဲကျင်းပနိုင်ရေးကလည်း အရေးကြီးသည်” ဟု အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောလမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပရန် မဲရုံများ၌ ရောဂါကာကွယ်ရေးအစီအမံများပြုလုပ်နေကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်  မဲရုံအရေအတွက်ကို မူလ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိထပ်မံတိုးမြှင့်ရန် စီစဉ်နေသည်ဟု ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောဆိုထားသည်။ မဲဆန္ဒရှင်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာခြား၍ မဲပေးနိုင်ရန် စီစဉ်ထားပြီး တစ်ဦးလျှင် မဲပေးချိန် ခုနှစ်မိနစ်ခန့်ကြာမြင့်မည်ဟု ၎င်းကဆိုသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ထောင်ထက်ပိုသည့် မဲရုံများတွင် မဲပေးရန် အချိန်နှစ်ဆိုင်း၊ နှစ်ထောင်ထက်ပိုလျှင် သုံးဆိုင်းထိခွဲ၍ စီစဉ်ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ‌ပြောကြားထားသည်။

အောက်တိုဘာ၁၀ရက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်လွယ်သည့် အသက်၆၀ကျော် မဲဆန္ဒရှင်များအား အောက်တိုဘာ၂၅ရက်မှ နိုဝင်ဘာ၅ရက်အထိ ကြိုတင်မဲပေးခွင့်ပြုမည်ဟု ကော်မရှင်ကကြေညာခဲ့ပြီး ယခု သက်ကြီးမဲဆန္ဒရှင်များ ကြိုတင်မဲပေးသည့် လုပ်ငန်းစဉ် ဆောင်ရွက်နေပြီဖြစ်သည်။​ နေအိမ်တွင်သာနေထိုင်စေရေး အမိန့်ထုတ်ပြန်ထားသည့် မြို့နယ်များအနက် တစ်စတုရန်းကီလိုမီတာတွင် အနည်းဆုံးလူ ၅,၀၀၀နေထိုင်သည့် ရန်ကုန်ရှိ ၂၉မြို့နယ်နှင့် မန္တလေးရှိ ငါးမြို့နယ်တို့သည်ယင်းကြေညာချက်တွင် အကျုံးဝင်သည်။

ထို့ပြင် ကော်မရှင်သည် ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲနေ့ မဲစာရင်းအမည်ပေါက်သည့် မဲဆန္ဒနယ်များသို့ မပြန်နိုင်သည့်သူများအား လက်ရှိနေထိုင်သည့်နေရာတွင် ကြိုတင်မဲပေးရန် စီစဉ်ပေးခဲ့သည်။ ကြိုတင်မဲပေးရန် ပုံစံ-၁၅လျှောက်လွှာများကို အနီးဆုံးရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့တွင် အောက်တိုဘာ ၂၅ နောက်ဆုံးထားတင်ရန်‌ ကော်မရှင်ကညွှန်ကြားခဲ့သည်။

နိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းရေးကိုသာ ဆက်လက်တောင်းဆိုနေကြဆဲဖြစ်သည်။ အဓိကအတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်မဟာမိတ်၂၂ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့ကလည်း ရွေးကောက်ပွဲကျင်းပရေးအတွက် ပါတီများနှင့် ညှိနှိုင်းဆွေးနွေးရန်၊ ရွှေ့ဆိုင်းရန် ကော်မရှင်ထံ စာရေးသားပေးပို့ခဲ့သည်။ သို့သော်​ယင်းကြိုးပမ်းချက်များမှာ အချည်းနှီးသာဖြစ်ခဲ့သည်။

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက သူ၏ပါတီသည် လူထုစိုးရိမ်မှုမြင့်တက်နေသည့် ကာလတွင်  လူထုထံက ထောက်ခံမှုတောင်းရန်မသင့်ဟုယူဆကာ မြေပြင်စည်းရုံးရေးများကို ရပ်ဆိုင်းရန်  စက်တင်ဘာ၂၁ရက်က ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ရွေးကောက်ပွဲရွေ့ဆိုင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တွန့်ဆုတ်မှုကို မေးခွန်းထုတ်နေကြသည်။

“ကျန်းမာရေးက ပထမ၊ ရွေးကောက်ပွဲက ဒုတိယပဲဖြစ်သင့်တယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကပြောသည်။ “ရွေးကောက်ပွဲကို ခေါင်းမာမာနဲ့ အတင်းတွန်းရင်း နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ကျန်းမာရေး ပိုလို့ဖရိုဖရဲ၊ ဒယိမ်းဒယိုင်ဖြစ်သွားမှာကို စိုးရိမ်ပူပန်မိတာ”ဟု သူကပြောသည်။ 

ကျပ်တည်းခက်ခဲသော မဲဆွယ်စည်းရုံးမှုများ

အမတ်လောင်းများသည် ၎င်းတို့နေထိုင်သည့် မြို့နယ်များအတွင်း တစ်အိမ်တက်ဆင်း မဲဆွယ်ရာတွင်ပင် ကပ်ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့သောဒေသခံများ၏ မနှစ်မြို့သည့် တုံ့ပြန်မှုကို ကြုံတွေ့ခဲ့ရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌနှင့် ကချင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဒွဲဘူက မြစ်ကြီးနားမြို့နယ်တွင်းရှိ  ကျေးလက်နေလူထုများက အမတ်လောင်းများကို ၎င်းတို့၏ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေးအတွက် ဝင်ရောက်ခွင့်ပြုရန် ရန် တွန့်ဆုတ်နေကြသည်ဟု ဆိုသည်။

“ခွင့်ပြုရင်တောင် ရွာသားတွေကမကြိုဆိုဘူး။ တစ်ယောက်နဲ့ တစ်ယောက်မယုံဘူးဆိုရင်ဘယ်လိုမဲဆွယ်စည်းရုံးနိုင်မလဲ။ ကျွန်မဆိုလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှာကြောက်တယ်”ဟု ဒေါ်ဒွဲဘူကပြောသည်။ 

တစ်ချိန်တည်းမှာပင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး (ကိုကိုးကျွန်းမြို့နယ်မပါ )၊ ရခိုင်ပြည်နယ်တစ်ခုလုံး၊ ဧရာဝတီ၊ ပဲခူးနှင့်မန္တလေးတိုင်းဒေသကြီးများ၊ မွန်နှင့် ကချင်ပြည်နယ်များရှိ မြို့နယ်အချို့တွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့် ထုတ်ပြန်ထားသည့်အတွက် အမတ်လောင်းများသည် တစ်အိမ်တက်ဆင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉စည်းမျဉ်းများအရ မဲဆွယ်ခွင့်ပင်မရှိပေ။

ပါတီ တော်တော်များများသည် မဲဆန္ဒရှင်များကို လှုံ့ဆော်စည်းရုံးရန် လူမှုကွန်ရက်မီဒီယာကိုအားကိုးနေရသော်လည်း ထိုသတင်းစကားများသည် ဒေသအချို့က မဲဆန္ဒရှင်များထံမရောက်ရှိနိုင်ပေ။

“ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ မဲဆွယ်စည်းရုံးတဲ့အခါ  အင်တာနက်ကနေ ဆက်သွယ်မှုကိုအားကိုးလို့မရဘူး”ဟု ကယားပြည်နယ်၊ မယ်စဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါ်အေးအေးထွန်းကပြောသည်။

အွန်လိုင်းမှတစ်ဆင့် စည်းရုံးလှုံ့ဆော်မှုများသည် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တို့ကဲ့သို့ အင်တာနက်အသုံးပြုရန်  မြန်နှုန်းနှေးကွေးသော 2G ကွန်ရက်သာ ရရှိသည့် ဒေသများသို့ လွှမ်းခြုံရန်မှာ မဖြစ်နိုင်သည့် အနေအထားတွင် ရှိသည်။

ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က စိတ်ချရမှုမရှိသည့် အင်တာနက်အသုံးပြုနိုင်ခွင့်၊ ကိုဗစ်-၁၉ကန့်သတ်ချက်များနှင့် တိုက်ပွဲများကြောင့် စိတ်ချလုံခြုံသည့် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို စိုးရိမ်မိကြောင်းမိကြောင်းပြောခဲ့ဖူးသည်။

ယင်းသို့ပြောကြားပြီး မကြာမီ အောက်တိုဘာ၁၆ရက်တွင် ကော်မရှင်က ရခိုင်ပြည်နယ်ရှိ မြို့နယ်၁၃ခုတွင် ရွေးကောက်ပွဲမကျင်းနိုင်ကြောင်း ကြေညာလိုက်သည်။ ကြေညာချက်အရ တစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်ကိုးခုရှိပြီး ကျန်မြို့နယ်လေးခုတွင်မူ နေရာအများစုတွင် မကျင်းပရန် ကော်မရှင်ကဆုံးဖြတ်ခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေအဖွဲ့)တို့အကြား ဖြစ်ပွားနေသောတိုက်ပွဲများသည် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။သို့သော် ပယ်ဖျက်ခဲ့သည့်နေရာများအနက် အချို့ဒေသများတွင် ရွေးကောက်ပွဲကျင်းပရန် လုံလောက်သည့် အခြေအနေရှိကြောင်း အမတ်လောင်းများက ထုတ်ဖော်ပြောဆိုကြသည်။

သို့တိုင် ကော်မရှင်သည် ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တိတိကျကျ ရှင်းလင်းပြောကြားခြင်းမရှိခဲ့ဘဲ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်ခုနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အချို့၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်များရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်အချို့ကို ရွေးကောက်ပွဲကျင်းပမည့် စာရင်းမှချန်လှပ်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိမြို့နယ်သုံးခုဖြစ်သော အမ်း၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌ မဲပေးခြင်းကို ရွှေ့ဆိုင်းခဲ့ပြီး မဲဆန္ဒရှင် ၁၀ ရာခိုင်နှုန်းခန့်သာမဲပေးနိုင်ခြင်းက မဲများ၏မျှတမှု အပေါ် သံသယဖြစ်စေသည်။ အောက်တိုဘာ၂၇ရက်တွင် ကော်မရှင်သည် ဖျက်သိမ်းခဲ့သည့်မဲဆန္ဒနယ်များအနက် ကျေးရွာနှင့် ရပ်ကွက်အနည်းငယ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြန်လည်ဆုံးဖြတ်ခဲ့သည်။ ယခင်က ချန်လှပ်သည့်စာရင်းတွင် မပါဝင်ခဲ့သည့် ပလက်ဝမြို့နယ်၏ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ရွေးကောက်ပွဲမကျင်းပတော့ဟု ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေက ကော်မရှင်ကို သဘာဝဘေးအန္တရာယ် သို့မဟုတ် ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာတိုင်း၌ မဲပေးခြင်းကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခွင့်ပေးထားသည်။ သို့သော် ဤသို့ဆုံးဖြတ်ရာတွင် လိုက်နာရမည့် တိကျသည့် စံသတ်မှတ်ချက်များမရှိပေ။ ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်းကို မကြေညာမီ ပါတီများနှင့် တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခြင်းနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းတို့သည် နိုင်ငံရေးအရဘက်လိုက်မှုများရှိသည်ဆိုသည့် သံသယကိုသာ ပိုမိုခိုင်မာစေတော့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်  အင်န်အယ်လ်ဒီက မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရခဲ့ပြီး၊ ယခုအချိန်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်ပြီးခါမှ ဝေဖန်မှုများ ဆူညံလာမှသာ ဆုံးဖြတ်ချက်ပြန်ပြင်သည့် ကော်မရှင်၏လုပ်ရပ်ကလည်း ဝေဖန်စရာဖြစ်ခဲ့သည်။ ထို့ပြင် ပယ်ဖျက်လိုက်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်နေရာအများစုကို လွန်ခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက အနိုင်ရခဲ့ပြီး အချို့ကို ပြည်ခိုင်ဖြိုးပါတီကအနိုင်ရထားသည်။

ကိုဗစ်-၁၉ ဒုတိယလ
ရန်ကုန်မြို့တွင်းတစ်နေရာတွင် ချိတ်ဆွဲထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းလား

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ဧပြီလတွင် အစိုးရက သဘာဝဘေးအန္တရာယ်အဖြစ်သတ်မှတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ လူမှုရေးဆိုင်ရာထိန်းချုပ်မိန့်များကို ချမှတ်ကျင့်သုံးခဲ့သည်။ ထို့ကြောင့်ပင် ကော်မရှင်သည် ကိုဗစ်-၁၉ကို အသုံးချကာ ရောဂါပိုးပျံ့နှံ့မှုများသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခွင့်ရှိနေသည်။ ထို့အတူ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန် မဲဆွယ်စည်းရုံးရေးအပါအဝင် နိုင်ငံရေးပါတီနှင့် အမတ်လောင်းများ၏ ရွေးကောက်ပွဲ လှုပ်ရှားမှုများကိုလည်း ကန့်သတ်နိုင်သည်။

အတိုက်အခံပါတီများဘက်ကမူ မဲဆွယ်စည်းရုံးရေးအခက်အခဲနှင့် လုံခြုံစိတ်ချစွာ မဲပေးနိုင်ခြင်းမရှိသည့် အခြေအနေများသည် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်သက်ရောက်သည့် မြို့နယ်များတွင်သာမ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်နေသည်ဟု ပြောဆိုကြသည်။ ထိုအချက်များကြောင့်ပင် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ဆိုင်းပေးရန် ၎င်းတို့က တောင်းဆိုကြခြင်းဖြစ်သည်။

သို့သော် မည်မျှကြာအောင် ရွှေ့ရမည်နည်းဟူသည့် မေးခွန်းအတွက်မူ မည်သူ့တွင်မျှ အဖြေမရှိပေ။ အချို့က ရွေးကောက်ပွဲကျင်းပရန် နှစ်လကျော် နှောင့်နှေးကြန့်ကြာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်စေနိုင်သည်ဟု ခန့်မှန်းသုံးသပ်ကြသည်။ အရေးပေါ်အခြေအနေဖြစ်ပေါ်စေပြီး နိုင်ငံရေးကိုပြန်လည်ဝင်ရောက်ရန်အတွက် တပ်မတော်ကို တံခါးဖွင့်ပေးရာ ရောက်နိုင်သည်ဟု အချို့ကစိုးရိမ်ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းသည် ပထမအကြိမ်လွှတ်တော်စတင်သည့်နေ့မှ ငါးနှစ်ဖြစ်သည်ဟု ဆိုထားသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံသည်ပုံမှန်လည်ပတ်နေသော ဥပဒေပြုလွှတ်တော်ကို ဆက်လက်ထားရှိလိုပါက လွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီလကုန်တွင် ရွေးကောက်တင်မြှောက်ပြီးနောက် ၎င်းတို့ကို လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုစေရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရသည် ဆက်လက်လည်ပတ်နိုင်ပြီး လွှတ်တော်မရှိသည့်တိုင် ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကို ဆက်လက်စီမံခန့်ခွဲပိုင်ခွင့် ရှိနေသည်။  ရွေးကောက်ပွဲကော်မရှင်၏သက်တမ်းသည် သမ္မတသက်တမ်းနှင့် တူညီသကဲ့သို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူး၏ သက်တမ်းနှင့်လည်း ထပ်တူညီမျှဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၁တွင် သမ္မတရာထူးသက်တမ်း ငါးနှစ်ရှိသော်လည်း “ယင်းရာထူးသက်တမ်းကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတ အသစ်ရွေးကောက်ပြီးသည်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏လုပ်ငန်းတာဝန်များကိုဆက်လက် ထမ်းဆောင်ရမည်”ဟု ဖော်ပြထားသည်။

ပုဒ်မ ၂၃၅၊ ၂၄၀ နှင့် ၂၆၂ (ဍ)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ရာထူးသည်လည်း သမ္မတ၏ သက်တမ်းနှင့် အတူတူသာဖြစ်သည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်သည့်တိုင် ဆက်လက်အုပ်ချုပ်ခွင့်ရှိနေသည့် သဘောဖြစ်သည်။

ထို့ပြင် လွှတ်တော်မရှိခြင်းကြောင့် အခြေခံဥပဒေ၏ပုဒ်မ ၂၁၂အရ သမ္မတသည် ပြည်ထောင်စုဘက်ဂျတ်ဆိုင်ရာ ကိစ္စများမှအပ “ချက်ချင်းအရေးယူ ဆောင်ရွက်ရန်လိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက်” ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်ခွင့်ရှိနေသည်။ ဖြစ်နိုင်ချေရှိသော အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁) တွင်ကြေညာရန် အခြေအနေများကို အသေးစိတ်ဖော်ပြထားသော်လည်း ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်း မပါဝင်ပေ။

“ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင်” သမ္မတသည် တပ်မတော်၏ အကူအညီကိုရယူနိုင်သည်ဟု ဖော်ပြထားသည်။

အရေးပေါ် အခြေအနေများဖြစ်သည့် အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ထိပါးအန္တရာယ်ပြုနိုင်မည့် အရေးပေါ်အခြေအနေကြုံခြင်းနှင့် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုများကြောင့် တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်လာပါက သမ္မတသည် အာဏာကို ဆက်လက်ရယူထားနိုင်ပြီး ပုဒ်မ၄၁၃အရ “လိုအပ်ပါက”  စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။

အသေးစိတ် လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် တိုင်ပင်ကာ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်များထုတ်ပြန်နိုင်သည်။ ထို့ကြောင့် ထိုဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သမ္မတသည် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် “ညှိနှိုင်း” ရန်သာလိုအပ်ပြီး စစ်တပ်ကြီးစိုးသည့်အစုအဖွဲ့၏ ဆုံးဖြတ်ချက်များကို မဖြစ်မနေ လိုက်နာရန် မလိုအပ်ပေ။

သို့သော် လအတန်ကြာစွာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ မရှိခြင်းသည် ဒီမိုကရေစီကို ပျက်ဆီးစေသည့် အခြေအနေကဲ့သို့ပင် တည်ငြိမ်မှုကို အန္တရာယ်ပြုလာနိုင်ဖွယ်ရှိသည်။ ဤအချက်ကြောင့် အချို့လေ့လာသုံးသပ်သူများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် လွှတ်တော်၏ သက်တမ်းတိုးခြင်းကို အတည်ပြုနိုင်သည် ဟုဆိုကြသည်။ သို့သော် အခြေခံဥပဒေအရ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိခြင်း၊ မရှိခြင်းကို ရှင်းလင်းစွာမဖော်ပြထားပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များသည် အာဏာရပါတီ၏ သမ္မတနှင့် ၎င်း၏ အမတ်အများစု လွှမ်းမိုးထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က ခန့်အပ်ထားခြင်းဖြစ်သည့်အပြင် ခုံရုံးသက်တမ်းသည် အစိုးရအဖွဲ့၏‌ သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။ ထိုအခြေအနေတွင် အစိုးရသည် လွှတ်တော်သက်တမ်း တိုးခွင့်အတွက် ခုံရုံး၏သဘောထားကိုတောင်းခံခဲ့ပါက ခုံရုံးထံမှ အစိုးရကိုစာနာသည့် ကြားနာမှုကိုရရှိနိုင်လိမ့်ဟု သုံးသပ်ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။ “ဒါကြောင့်ရွေးကောက်ပွဲကို ရွှေ့ဖို့လိုအပ်တယ်။အနည်းဆုံး နေအိမ်တွင်းနေထိုင်တဲ့ အမိန့်သက်ရောက်တဲ့ နေရာတွေကို ရွေ့သင့်တယ်”ဟု သူက အခိုင်အမာပြောသည်။ သို့သော် နေအိမ်တွင်းနေထိုင်ရေးအမိန့်သက်ရောက်နေပြီး ရောဂါပိုးတွေ့ရှိမှုအမြင့်ဆုံးဖြစ်သည့် ရန်ကုန်မြို့အပါအဝင်အခြား မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်က ဆုံးဖြတ်ထားသည်။

သို့သော် အခြားနိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားစာပေဆုရှင် ဦးကျော်ဝင်းက ရွှေ့ဆိုင်းခြင်းကို ဥပဒေကြောင်းအရ စဉ်းစားခြင်းမှာ ဒီမိုကရေစီကို နောက်ကြောင်းပြန်စေနိုင်သည့် အလားအလာများကို ဖြစ်စေနိုင်ဟု သံသယရှိသည်။ 

“ဥပဒေဆိုတာ မျှော့ကြိုးလိုပဲ။ လျှော့ချင်သလိုလျှော့၊ တင်းချင်သလို တင်းလို့ရတယ်။ နိုင်ငံရေးက တရားရုံးမဟုတ်ဘူး။ နိုင်ငံရေးမှာ ဆုံးဖြတ်ပေးတဲ့ အင်အားစုတွေရှိတယ်။ မြန်မာပြည်မှာဆို စစ်တပ်၊ နောက် လူထုထောက်ခံမှုဘက်ကပြောရင် အင်န်အယ်လ်ဒီရှိတယ်။ သူတို့အပေါ် မူတည်တယ်။ သူတို့ညှိနိုင်ရင် အခြေအနေမဆိုးဘူး။ မညှိမနိုင်ရင် အခြေအနေဆိုးနိုင်တယ်။ ကျွန်တော်က မြန်မာ့နိုင်ရေးကို ဥပဒေရှုထောင့်က မကြည့်စေချင်ဘူး။ နိုင်ငံရေးကို နိုင်ငံရေးလိုပဲကြည့်စေချင်တယ်”ဟု ဦးကျော်ဝင်းကပြောသည်။ အကယ်၍ လွှတ်တော်အသစ်အချိန်မှီ မကျင်းပနိုင်ပါက၊ တပ်မတော်နှင့် ညှိနှိုင်းမရပါက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုက နောက်ကြောင်းပြန်ကောင်း ပြန်နိုင်သည်ဟု သူကသုံးသပ်သည်။ 

သို့သော် အင်န်အယ်လ်ဒီပါတီသည် ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပလိမ့်မည်ဟု ဦးကျော်ဝင်းက ယုံကြည်သည်။ အဓိကအကြောင်းမှာ လူထုအများစု၏ ထောက်ခံမှုကိုရရှိသည့် အခြေအနေတွင် အာဏာဆက်လက်တည်မြဲနိုင်မည့် အခွင့်အလမ်းကိုလက်လွှတ်မခံနိုင်သောကြောင့်ဖြစ်သည်။

“နောက်တစ်ချက် ကိုဗစ်ကဘယ်အချိန်မှ ပြီးမလဲမသိဘူး။ တစ်ကယ်လို့ အခြေအနေပိုဆိုးလာရင်၊ ထိန်းမနိုင်ဖြစ်လာရင် အင်န်အယ်လ်ဒီရဲ့ စန်းက အထိုက်အလျောက် ကျနိုင်တယ်။ နံပါတ်သုံးကတော့ ဘီအာရ်အိုင် (ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း) ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးပြီး အကောင်အထည် မဖော်နိုင်သေးတာ တွေရှိနေတယ်။ တရုတ်က ဒါကိုကျေနပ်ပုံမရဘူး။ ဒီဖိအားတွေကြောင့် လုပ်ငန်းတွေကို ဆက်လုပ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်မှဖြစ်မယ်”ဟု ဦးကျော်ဝင်းက ရွေးကောက်ပွဲ မရွှေ့လိုသည့် အင်န်အယ်လ်ဒီ၏ သဘောထားအပေါ် မှတ်ချက်ပေးသည်။

နည်းပါးလာသည့် စောင့်ကြည့်သူများ

ကူးစက်ရောဂါနှင့် ရောဂါထိန်းချုပ်ရေးအပေါ် အစိုးရ၏ တုန့်ပြန်မှုသည် အများယုံကြည်မှုရှိစေသည့် ရွေးကောက်ပွဲတစ်ရပ်၏ အင်္ဂါရပ်များကို ထိခိုက်စေသည်။ ယုံကြည်ထိုက်သည့်ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံရေးပါတီများအားလုံး သာတူညီမျှ ယှဉ်ပြိုင်ခွင့်ရှိစေမည့် အခင်းအကျင်းတစ်ခု ဖန်တီးပေးရုံတစ်ခုထက် သာလွန်သည်။ ဥပမာရွေးကောက်ပွဲကို စောင့်ကြည့်ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစိုးရသည် မတ်၃၀ရက်က စတင်၍ နိုင်ငံတကာလေယာဉ် ခရီးစဉ်များပိတ်ပင်ခဲ့သည်။ ထိုအမိန့်ကို အောက်တိုဘာ ၃၁ရက်အထိ ထပ်မံတိုးမြှင့်ထားရာ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ လာရောက်ရန် အခက်အခဲဖြစ်စေခဲ့သည်။

၂၀၁၅တွင် ရွေးကောက်ပွဲလေ့လာသူ ၁၀၀ကျော်စေလွှတ်ခဲ့သည့် ဥရောပသမဂ္ဂသ(အီးယူ)သည် နိုဝင်ဘာ၈ရက်တွင် ရွေးကောက်ပွဲလေ့လာရေးကျွမ်းကျင်သူ လေးဦးသာစေလွှတ်နိုင်မည်ဖြစ်သည်။ ထို့အတူ ၂၀၁၅ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား အများအပြားကို စုဆောင်းကာ ရွေးကောက်ပွဲဆိုင်ရာ ရေရှည်လေ့လာစောင့်ကြည့်မှုများကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့သည့် အမေရိကန်အခြေစိုက် ကာတာစင်တာသည်  ပြည်တွင်းခရီးသွားလာမှုကန့်သတ်ချက်များကြောင့် အဖွဲ့ဝင်များစေလွှတ်ရန် အခက်အခဲဖြစ်နေသည်။

ထို့အတူ ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့်အဖွဲ့များသည် စေတနာ့ဝန်ထမ်းအလုံအလောက်ရရှိရန်‌ အခက်အခဲရှိနေသည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Hornbill အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးချန်းလျန်က စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် စာရင်းပေးခဲ့သူများသည် ဗိုင်းရပ်စ်ပျံ့နှံ့လာမှုအပေါ် စိုးရိမ်မှုဖြစ်လာခဲ့ပြီး ပြန်လည်နှုတ်ထွက်သွားကြသည်ဟု ပြောသည်။ ရေတို၊ ရေရှည်လေ့လာသူ ၄၇၀ စာရင်းပေးခဲ့သော်လည်း ၁၇၀ နီးပါးသည် ပြန်လည်နုတ်ထွက်သွားကြသည်ဟု ၎င်းကဆိုသည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲနေ့၌ Hornbill ၏ လေ့လာစောင့်ကြည့်နိုင်မှုသည် ၂၀၁၅ကထက် ပိုမိုအားနည်းသွားမည် ဖြစ်သည်။ ၎င်းတို့အဖွဲ့အစည်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် လူဦးရေ  ၅၃၁ဦးဖြင့် ကာလတိုစောင့်ကြည့်မှုများကို ပြုလုပ်နိုင်ခဲ့သည်ဟု ဦးချန်းလျန်ကဆိုသည်။

တစ်ချိန်တည်းမှာပင် အစိုးရနှင့်ပုဂ္ဂလိကသတင်းစာများ၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတင်းဖော်ပြမှုများသည် အားနည်းလာသည်။ ရန်ကုန်မြို့တွင်အခြေစိုက်လုပ်ကိုင်ကြသည့် သတင်းဌာနများက သတင်းသမားများကို ရန်ကုန်တိုင်းအတွင်းချမှတ်ခဲ့သည့် နေအိမ်တွင်းနေထိုင်ရေး အမိန့်မှ ကင်းလွတ်ခွင့်ပြုရန်အစိုးရ ငြင်းဆန်ခဲ့သည်။

ပြည်တွင်းသတင်းထောက်များသည် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ သတင်းရယူရန် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် အောက်တိုဘာ၂၃ရက်အထိ သတင်းရယူခွင့်အသိအမှတ်ပြုကတ်ပြား လျှောက်ထားရန် လိုအပ်သည်။ သို့သော် ခရီးသွားလာရေး ကန့်သတ်ချက်များကြောင့် ရန်ကုန်ပြင်ပရှိ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်ရုံးများတွင် လျှောက်ထားနိုင်ခြင်း မရှိခဲ့ပေ။ ပြည်တွင်းခရီးသွားလာမှု ကန့်သတ်ခြင်းနှင့်အတူ သတင်းရယူမှု လျှောက်ထားခွင့် ဆုံးရှုံးခြင်းသည် ရွေးကောက်ပွဲနေ့တွင် ရန်ကုန်ပြင်ပရှိ အခြားမဲဆန္ဒနယ်များတွင် သတင်းဖော်ပြမှုဆုံးရှုံးနိုင်သည့် အခြေအနေဖြစ်သည်။

နိုင်ငံခြားသတင်းထောက်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကတ်ပြား ထုတ်ပေးနေသည်။ 

သို့သော် နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုရပ်တန့်ထားသည့် အခြေအနေတွင် မြန်မာ့ရွေးကောက်ပွဲကို သတင်းလာယူနိုင်သည့် နိုင်ငံခြားသတင်းထောက်အရေအတွက်သည် ၂၀၁၅ကထက် နည်းသွားနိုင်သည်။ 

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းက ကောင်စီသည်‌ ရွေးကောက်ပွဲနေ့တွင် သတင်းမီဒီယာသမားများ ရန်ကုန်သာမက အခြားနေရာများတွင် သတင်းယူခွင့်ရရန် ကော်မရှင်နှင့်ဆွေးနွေးရန် စီစဉ်နေသည်ဟုပြောသည်။ 

လက်ရှိအချိန်အထိ ကော်မရှင်ဘက်ကတိကျသည့် တုံ့ပြန်မှုမရှိသေးရာ ကော်မရှင်သည် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုတွင် အရေးပါသည့် မီဒီယာများ၏ပါဝင်မှုကို ချန်လှပ်ထားရန် စဉ်စားနေသည်လားဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်နေသည်။