၈၈ အပါအဝင် နိုင်ငံရေးလှုပ်ရှားခဲ့သူများ စုပေါင်းကာ နိုင်ငံရေးပါတီတစ်ခု ဖွဲ့စည်းရန် ပြင်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် အဖွဲ့ဝင်များအပါအဝင် ၁၉၆၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများစုပေါင်းကာ နိုင်ငံရေးပါတီတစ်ခုကို ယခုနှစ်ကုန်တွင် အပြီး ဖွဲ့စည်းမည်ဖြစ်သည်။

“၈၈ တစ်ခုတည်းမဟုတ်ဘဲ ၆၂၊ ၇၄၊ ၈၈၊ ၉၇၊ ၂၀၀၇ စတဲ့အချိန်တွေက နိုင်ငံရေးသမားတွေအားလုံး ပါဝင်မှာပါ။ ၈၈ တစ်ခုတည်းမဟုတ်သလို၊ ထောင်ထွက်နိုင်ငံရေးသမားတွေချည်းပဲလဲ မဟုတ်ပါဘူး။ ပညာရှင်တွေ၊ တခြား ပါမ9ယ့်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ပါတီဖြစ်မြောက်ရေးဆွေနွေးမှုကော်မတီဝင် ကိုမာကီးက ဆိုသည်။

ပါတီဖြစ်မြောက်ရေး ဆွေနွေးမှုကော်မတီကို ၎င်းအင်အားစုများတွင် ပါဝင်ဦးဆောင်နေသူ ၆၀ နီးပါးက ဦးဆောင်ကာ ပါတီဖြစ်မြောက်ရေး အစည်းအဝေးကို မေလတွင်ပြုလုပ်ရန် ပြင်ဆင်နေသည်။ အစည်း အဝေး ဖြစ်မြောက်ရေးအတွက် ဆပ်ကော်မတီငါးခုဖြစ်သည့် ညှိနှိုင်းရေး၊ ပြန်ကြားရေး၊ ဖိတ်ကြားရေး၊ ဘဏ္ဍာရေး၊ ပြင်ဆင်ရေးစသည့်ကော်တီများကို ဖွဲ့စည်းကာ ပြင်ဆင်နေခြင်းဖြစ်သည်။

၎င်းအစည်းအဝေးတွင် တစ်နိုင်ငံလုံးရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များ အပြင် ၆၂၊ ၇၄၊ ၉၇ နှင့် ၂၀၀၇ ကာလအတွင်း နိုင်ငံရေးလှုပ်ရှားသူများလည်း တက်ရောက်ကာ ဆွေးနွေးနိုင်ရေး ပြင်ဆင်နေကြသည်။

အဆိုပါ အင်အားစုပေါင်းစုံပါဝင်သည့် အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို အခြေခံကာ နိုင်ငံရေးပါတီတံဆိပ်၊ အမည်နှင့် ရည်ရွယ်ချက်စသည်များကို ပြင်ဆင်ပြီး ဆောင်ရွက်သွားမည်ဟုလည်း ကိုမာကီးက ဆိုသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးပါတီတစ်ခု ထူထောင်ကာ လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်ရန် ပြင်ဆင်နေခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလက်ခံခြင်း မဟုတ်ဘဲ ဥပဒေကို ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်း ကြိုးပမ်းနိုင်ရေးကိုလည်း ဦးတည်ခြင်းဖြစ်သည်ဟုလည်း ကိုမာကီးက ပြောသည်။

၎င်းတို့က ယခုနှစ်အကုန်တွင် ပါတီတစ်ခုပေါ်ပေါက်နိုင်ရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ ပါတီကို တရားဝင် လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးပါတီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းရာတွင် လက်ရှိ ဦးဆောင်သူများတွင်ပါဝင်သည့် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့မှာ ပါဝင်ခြင်းမရှိဘဲ လက်ရှိ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့်သာ လူမှုရေးလုပ်ငန်းများတွင် ပါဝင်သွားမည်ဖြစ်သည်။

“ကျွန်တော်ရယ် ကိုပေါ်(မင်းကိုနိုင်} ရယ် ပါတီဖွဲ့မယ့်ထဲမှာ မပါပါဘူး၊ ကိုကိုကြီး၊ မြအေးတို့ ဦးဆောင်မှာဖြစ်ပါတယ်။ အခု ၈၈ ငြိမ်းပွင့်နဲ့ပဲ ကျွန်တော်တို့ဆက်သွားမယ်” ဟု ကိုဂျင်မီက ပြောကြားသည်။

လက်ရှိနိုင်ငံရေးပါတီ ဖွဲ့စည်းရန်ဆောင်ရွက်မှုများတွင် ၎င်းတို့မပါဝင်သော်လည်း ဖွဲ့စည်းပြီးနောက် မည်သည့်အချိန်တွင်မဆို ပါဝင်လာနိုင်ခွင့်ရှိနေသည်ဟုလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၏ အဖွဲ့ဝင် ကိုအံ့ဘွယ်ကျော်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ အမှုဆောင်အဖွဲ့ဝင် ကိုရဲနိုင်အောင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကဲ့သို့ပင် ဒီမိုကရေစီနှင့် ပြည်သူ့အရေးလွှတ်တော်အတွင်း မားမားမတ်မတ် ရပ်တည်ပေးနိုင်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါဝင်သည့် ပါတီတစ်ရပ် လိုအပ်ကာ ၈၈ ဦးဆောင်သည့်ပါတီကို ဖွဲ့စည်းသင့်ကြောင်း သုံးသပ်သည်။

သတင်-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar