၂၁ ရာစု ပင်လုံအတွက် အရပ်ဖက်အဖွဲ့အစည်းဖိုရမ် ကျင်းပနေစဉ် အငြင်းပွားမှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

၂၁ ရာစုပင်လုံအတွက် ရည်ရွယ်၍ ယနေ့က စတင်ကျင်းပသည့် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်၏ ဆွေးနွေးချက်အချို့နှင့် ပတ်သက်၍ တပ်မတော်ဖက်က သတိပေးမှုများရှိခဲ့၍ ပြေလည်အောင် ပြန်လည် ညှိနှိုင်းနိုင်ခဲ့သည်ဟု ဖိုရမ် ကျင်းပရေး ကော်မတီဝင်အချို့က အတည်ပြုပြောကြားသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ-၂ တွင် ပြုလုပ်သည့် ဖိုရမ်ပထမနေ့ အစည်းအဝေးအတွင်း ကချင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုယ်စား စာတမ်းတင်သွင်းသည့် ဦးနော်ထွဲ ဆွေးနွေးနေစဉ် ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“တိုက်ရိုက်ထပြီး ကန့်ကွက်တာတော့ မဟုတ်ပါဘူး။ အခမ်းအနားမှူးဆီသွားသွား စကားပြောတာမျိုး၊ ဒီလိုပဲ တွေ့ရပါတယ်” ဟု ဦးနော်ထွဲက ညနေပိုင်းတွင်ပြုလုပ်သည့် ဖိုရမ်ပထမနေ့ သတင်းစာရှင်းလင်းပွဲအတွင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ထိုသို့ ကန့်ကွက်ခံရခြင်းနှင့် ပတ်သက်၍မူ မည်သို့မျှ မှတ်ချက်ပြုရန်မရှိကြောင်းလည်း ဦးနော်ထွဲက ဆိုသည်။

“ကျွန်တော့်အနေနဲ့တော့ ကချင်အဖွဲ့အစည်းတွေ တင်ပြခိုင်းတာ လာတင်ပြခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ မယူဆပါဘူး။ ဒါက ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို လာပြောတာ၊ ဆွေးနွေးတာ၊ ငြင်းခုံတာပါပဲ။ တပ်မတော်ဖက်က ကန့်ကွက်တဲ့အပေါ် ဘာမှ မှတ်ချက်ပြုစရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။

ပြည်တွင်းစစ် ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်မှ ကိုယ်စားလှယ် ဦးနော်ထွဲက တပ်မတော်၏ စစ်အင်အား တိုးချဲ့မှုများ၊ မြေပြင်တွင် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ မလုပ်နိုင်သည့် အခြေအနေများ၊ တစ်ရက်ထက်တစ်ရက် တိုးပွားလာသော စစ်ဘေးရှောင်ဒုက္ခသည်များ၊ ပဋိပက္ခကာလအတွင်း ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများစသဖြင့် အကြောင်းအရာများကို ထည့်သွင်းပြောဆိုခဲ့သည်ဟု ဆိုသည်။

၎င်း ဆွေးနွေးစဉ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှု ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်အချို့က ကန့်ကွက်မှုအချို့ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသော်လည်း မည်သူက ကန့်ကွက်သည်ကိုမူ အရပ်ဖက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင်တို့က အတည်ပြု မပေးကြပေ။

ထုတ်ပြန်ချက်များအရ အဆိုပါကြီးကြပ်မှုကော်မတီတွင် ကိုးဦးပါဝင်ပြီး အုပ်ချုပ်ရေးနှင့် တပ်မတော် ကိုယ်စားလှယ်အဖြစ် စာရင်းဝင်သူနှစ်ဦးမှာ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး သိန်းဇော်တို့ ဖြစ်သည်။

ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးသွင်လင်းအောင်ကမူ အဆိုပါဖြစ်ရပ်မှာ နားလည်မှုလွဲခြင်းသာ ဖြစ်သည်ဟု ရှင်းပြသည်။ အရပ်ဖက်အဖွဲ့အစည်းဖိုရမ်ကို ဒေသအလိုက်ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဟု အထင်မှားပြီး ၎င်းတို့ကြီးကြပ်ပေးရန် လိုအပ်သည်ဟု ယူဆမိ၍ ဖြစ်ပွားရခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒေသအလိုက်လို့ ထင်သွားပြီးတော့ တောက်လျှောက် သူတို့ကြီးကြပ်ပေးနေရမယ်။ သူတို့ဆီကနေပြီးတော့မှ ရုံးအဖွဲ့က လူတွေလာပြီးတော့ ဆွေးနွေးချက်တွေ လိုက်မှတ်၊ တစ်ခါတည်းစာတမ်းပြုစု၊ လုပ်ငန်းကော်မတီကို တင်ရမယ်လို့ ထင်နေတာ။ အဲဒီလိုထင်တဲ့အခါကျတော့ အသေးစိတ်ဆွေးနွေးချက်တွေကအစ သူတို့ထမေးတာတို့ အဲဒါမျိုးဖြစ်သွားတာ”ဟု ဦးသွင်လင်းအောင်ကပြောသည်။

ထို့နောက် လက်ဖက်ရည်သောက်နားချိန်တွင် နှစ်ဖက်အကြေအလည် ဆွေးနွေးရာ၌ ပြေလည်မှုရသွားခဲ့ပြီး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတို့ ဖိုရမ်မှ ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

“ကျွန်တော်တို့က ဒါဟာ အကြောင်းအရာလိုက် ဆွေးနွေးပွဲဖြစ်တယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက လုပ်ရမှာ ဖြစ်တယ်။ ဦးဆောင်တာရော၊ ပါဝင်သူရော အရပ်ဖက်အဖွဲ့အစည်းတွေပဲ ဖြစ်ရမယ်ဆိုတာ သေသေချာချာ ရှင်းပြလိုက်တဲ့အခါမှာ လုပ်ငန်းလမ်းညွှန်အပေါ်မှာ ရှုပ်ထွေးသွားခြင်းဖြစ်ပါတယ်ဆိုပြီး ပြေလည်သွားတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ဦးသွင်လင်းအောင်က ရှင်းပြသည်။

သို့သော် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းဝင်အချို့နှင့် အငြင်းပွားမှုမှာ ပထမနေ့ဖိုရမ်အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထပ်မံဖြစ်ပွားခဲ့ပြန်သည်။ အကြောင်းရင်းမှာ မီဒီယာနှင့် ဖိုရမ်တာဝန်ရှိသူမဟုတ်သော လူအချို့က သတင်းစာရှင်းလင်းပွဲကို မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးနေသောကြောင့်ဖြစ်သည်။

“အားလုံးကို သိစေချင်လို့ လုပ်တာပါ။ ခေါ်တာကလည်း မီဒီယာကို ခေါ်တာဖြစ်ပါတယ်။ ဒီထဲမှာ မီဒီယာမဟုတ်ဘဲနဲ့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းရိုက်နေတဲ့သူတွေ မိမိမှတ်တမ်းတွေကို ဖျက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အများကို သိရှိဖို့အတွက် မီဒီယာကိုပဲ ခေါ်တာဖြစ်ပါတယ်” ဟု ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးမရန်ဂျော်ဂွန်းက တရားဝင် သတိပေးခဲ့သည်။

အဆိုပါဖိုရမ်ကို ယခုလ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရရှိလာသောရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကြီးကြပ်မှုကော်မတီထံသို့ ပေးပို့သွားမည်ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar