၂၁ ရာစု ပင်လုံညီလာခံ ထပ်မံ ကျင်းပမည့်နေ့ရက် ပြောင်းလဲဖွယ်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

ယခုလကုန်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းပြင်ဆင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို ရက်ပြောင်းလဲကျင်းပဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကိုပြောပါတယ်။

“ဆွေးနွေးနေတုန်း ရှိသေးတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိဖို့ရှိတယ်”လို့ သူက ဆိုပါတယ်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ယခုလ ၆ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်တီ(UPDJC) အစည်းအဝေးအပြီးမှာ ပင်လုံညီလာခံကို ယခုလ ၂၈ ရက်နေ့ ကျင်းပနိုင်ဖို့ မျှော်မှန်း ပြင်ဆင်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မူလက ကျင်းပခွင့်မပြုဘူးလို့ UPDJC က ဆုံးဖြတ်ခဲ့တဲ့ ချင်းပြည်နယ်မှာ လူမျိုးကိုအခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ထန်တလန်မြို့မှာ ယခုလ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ကျင်းပဖို့ရှိနေပြီး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ မှာ ယခုလ ၂၄ ရက်နေ့ ပြုလုပ်မယ့် အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်ဟာလည်း ယခုလ ၂၅ ရက်နေ့မှသာ ပြီးဆုံးမှာဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ နေပြည်တော်မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေမတိုင်မီ ကြားကာလမှာ လူမျိုးစုကို အခြေခံတဲ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဟိုပုံး (ရှမ်းပြည်နယ်)နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ထိန်းချုပ်ရာနယ်မြေ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

ဒီအစည်းအဝေးတွေမတိုင်မီ ပြီးခဲ့တဲ့လအတွင်းကတော့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးစီးခဲ့ပါတယ်။ အပစ်ရပ်လက်မှတ် (NCA)ထိုးပြီးသား အဖွဲ့တွေ ရှိတဲ့နေရာနဲ့ အခြားအဆင်သင့်ဖြစ်တဲ့နေရာတွေမှာ လုံခြုံရေးဆိုင်ရာကဏ္ဍမှအပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များပါဝင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ UPDJC မှာ မူဝါဒ ရှိပါတယ်။

ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံ တစ်ကြိမ်နဲ့ တစ်ကြိမ်ကို ခြောက်လအတွင်း ကျင်းပဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပေမယ့် လက်ရှိအခြေအနေအရ တိုင်းနဲ့ ပြည်နယ်အချို့မှာ ထပ်မံပြုလုပ်ဖို့ရှိတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးစီးမယ့်အချိန်ဟာ ဒုတိယအကြိမ် ညီလာခံ ကျင်းပရမယ့်ရက်နဲ့ နီးကပ်လွန်းနေတဲ့ အခြေအနေ ရှိပါတယ်။

စီစဉ်ထားမှုအရဆိုရင် ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရာ ရခိုင်ပြည်နယ်မှအပ အစိုးရနဲ့ အပစ်ရပ်စာချုပ် (NCA) ထိုးပြီးသား အခြားအဖွဲ့တွေထဲက ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)နဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) တို့ အခြေစိုက်တဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)နဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့ အခြေစိုက်တဲ့ ရှမ်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) အခြေစိုက်တဲ့ ချင်းပြည်နယ်တို့မှာ ဒုတိယအကြိမ် ညီလာခံမတိုင်မီ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးစီးဖို့ ရှိနေပါတယ်။

UPDJC ရဲ့ မူဝါဒအရ တိုင်း၊ ပြည်နယ်တွေမှာ ပြုလုပ်ပြီးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အခြေခံပြီး ဒုတိယအကြိမ် ၂၁ ရာစုပင်လုံမှာ ဆွေးနွေးဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။ ဒီညီလာခံကို အပစ်ရပ်လက်မှတ် (NCA) လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်အဖြစ် တက်ခွင့်ရ မရကတော့ မသေချာသေးပါဘူး။

အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့ ၁၃ ဖွဲ့ကတော့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ယခုလ ၁၂ ရက်နေ့ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနား အဖွင့်မိန့်ခွန်းမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ NCAကို လက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်ကြဖို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို မေတ္တာရပ်ခံထားပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပါဝင်နေတဲ့ အစုအဖွဲ့အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုးအတွက် စွန့်စားပါ။ စွန့်လွှတ်ပါ။ စွန့်စားခြင်း၊ စွန့်လွှတ်ခြင်းဆိုတာ အမြင့်မားဆုံး သတ္တိပါ”လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar