၂၁ ရာစုပင်လုံ မတိုင်မီ တိုင်းရင်းသားအဖွဲ့အချို့နှင့် “ဝ” အဖွဲ့တို့ ဦးစွာ တွေ့ဆုံမည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တို့ ၂၁ ရာစု ပင်လုံ၊ ဒုတိယ ညီလာခံမတိုင်မီနဲ့ တွေ့ကြဖို့ရက်ကို ညှိနှိုင်းလို့ မရသေးပေမယ့် “ဝ”အဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အချို့ကတော့ လာမယ့်ရက်သတ္တပတ်မှာ ဦးစွာ တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။

ယခုလ ၂၃ နဲ့၂၄ ရက်နေ့တွေမှာ တွေ့ဆုံကြမယ်လို့ အစိုးရဖက်က စာပို့လာပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ အခြားအစီအစဉ်တွေ ရှိပြီးသားမို့ မတ်လ ပထမပတ်အတွင်းမှသာ ဖြစ်နိုင်မယ်လို့ အကြောင်းပြန်ထားတဲ့အကြောင်း UNFC အတွင်းရေးမှူး ခူဦးရယ်က Frontier ကို ပြောပါတယ်။

“လူစုံစုံလင်လင်နဲ့ တက်ဖို့ ကျွန်တော်တို့မှာလည်း အခက်တွေ့နေတယ်။ လူမစုံဘဲနဲ့သွားရင် အလေးအနက်မထားတဲ့သဘော သက်ရောက်မှာလည်း စိုးရိမ်တယ်” လို့ အပစ်ရပ်လက်မှတ် ထိုးမထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဒုဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တဲ့ သူက ဆိုတယ်။

ဒါပေမယ့် UNFC နဲ့တွေ့ဖို့ အစိုးရက ကမ်းလှမ်းထားတဲ့ အဲဒီရက်ဝန်းကျင်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ အင်အားအတောင့်တင်းဆုံး ဖြစ်သလို UNFC အဖွဲ့ဝင်လည်းဖြစ်၊ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးမထားတဲ့ အဖွဲ့တစ်ခုလည်းဖြစ်တဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က တိုင်းရင်းသားအဖွဲ့အချို့နဲ့ ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့မှာ ယခုလ ၂၀ ကနေ ၂၂ ရက်နေ့အထိ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။

အစိုးရနဲ့တွေ့ဆုံဖို့ ရက်ပြန်ညှိရတဲ့အကြောင်းက ယခုလိုအဖွဲ့အချို့နဲ့တွေ့ဖို့ UWSA ရဲ့ ဖိတ်ကြားမှုကြောင့်လားဆိုတာနဲ့ အပစ်ရပ်စာချုပ် (NCA) စာချုပ် လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေကိုပဲ ရွေးဖိတ်ထားတယ်ဆိုတာ ဟုတ်ပါသလားဆိုတာကိုတော့ ခူဦးရယ်က တိကျတဲ့ မှတ်ချက်မပေးခဲ့ပါဘူး။

“ညီလာခံတော့ မဟုတ်ပါဘူး။ တစ်ဖွဲ့ချင်းစီကို ဖိတ်တဲ့စာ ရောက်ပါတယ်။ UWSA ကနေဖိတ်တာပါ။ အစည်းအဝေးလို့ပဲ ပြောရမလားမသိဘူး။ ဘာခေါင်းစဉ်တွေ၊ ဘာကိစ္စရပ်တွေ ဆွေးနွေးမယ်ဆိုတဲ့အကြောင်းလည်း မပါပါဘူး။ ဘယ်အဖွဲ့တွေကိုဖိတ်လည်း ကျွန်တော်အတိအကျမသိပါဘူး” လို့ သူက ဆိုတယ်။

NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းကတော့ UWSA က သူတို့ကို ဖိတ်မထားဘူးလို့ Frontier ကို ပြောတယ်။ “ဘယ်သူတွေကို ဖိတ်လဲဆိုတာလည်း မသိဘူး” လို့ သူက ပြောတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အခြေစိုက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)တို့က တာဝန်ရှိသူတွေထံ Frontier က မေးမြန်းဖို့ကြိုးစားပေမယ့် မအောင်မြင်သေးပါဘူး။

သမ္မတရုံးဖက်ကတော့ UNFC နဲ့ တွေ့မယ့်ရက်ကို ပြန်လည်ညှိနှိုင်းနေတာ ဟုတ်မှန်ကြောင်းနဲ့ မူလက ယခုလ ၂၈ ရက်နေ့လုပ်ဖို့ စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံ၊ ဒုတိယညီလာခံကို မတ်လထဲကို ရွှေ့ဖို့ရှိတဲ့အကြောင်း၊ အဲဒီမတိုင်မီ UNFC နဲ့ တွေ့ဖို့ စီစဉ်မှာဖြစ်တဲ့အကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“UNFC နဲ့တွေ့ဖို့ ရက်ပြန်ကြည့်နေတယ်။ ၂၁ ပင်လုံမတိုင်ခင် တွေ့ဖို့လုပ်နေပါတယ်။ မတ် ၁၄ လုပ်မယ့် ကရင်အမျိုးသားအစည်းအရုံး ညီလာခံအပြီးကျမှ ၂၁ ပင်လုံကို လုပ်မယ်မှန်းတယ်။ သူတို့နဲ့ တိုက်နေလို့လဲ မရဘူးလေ။ ဒုတိယ ပင်လုံက မတ်လကုန်တော့ မရောက်ပါဘူး” လို့ သူကပြောပါတယ်။

ဒါပေမယ့် “ဝ”တို့က ပန်ဆန်းမြို့မှာလုပ်မယ့် တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ သူက ငြင်းဆန်ပါတယ်။ “အဲဒီကိစ္စက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးနေတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိချမှတ်ထားတဲ့မူဝါဒတွေအရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်နိုင်မယ့် အခြေအနေရှိနေတာမို့ ညီလာခံမှာ ပါဝင်ခွင့်ရရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားအပြင် လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာပါ ညှိနှိုင်းမှုတွေလုပ်နိုင်ဖို့ အပြန်အလှန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ NCA စာချုပ်နဲ့ ပတ်သက်တဲ့ သဘောထားတစ်စုံတစ်ရာ ထုတ်ပြောထားခြင်းမရှိသလို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ တရားဝင်တောင်းဆိုထားတဲ့ UWSA ဖက်က စီစဉ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တွေ့ဆုံပွဲက အရင်ဖြစ်မြောက်လာမှာ ဖြစ်ပါတယ်။

နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးများ ရေးသားနေသူ ဦးသန်းစိုးနိုင်ကတော့ “မြန်မာပြည်မြောက်ပိုင်းမှာ တပ်မတော်က ပြင်းထန်တဲ့ ထိုးစစ်တွေလုပ်လာတဲ့အချိန်မှာ သူတို့ကိုလည်း တိုက်မလားလို့ “ဝ” ဖက်က စိုးရိမ်မှုတွေ ရှိလာတယ်။ ဒီအချိန်မှာ အစိုးရနဲ့မတွေ့ခင် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေ အရင်တွေ့ကြဖို့ စီစဉ်တဲ့ အနေအထားပါပဲ”လို့ သုံးသပ်ပါတယ်။

ဦးသန်းစိုးနိုင်ဟာ “ဝ”တပ်ဖွဲ့အခြေစိုက်ရာ ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) ဒေသတွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်နဲ့ အဲဒီကာလအလွန် ၁၉၇၅-၈၉ အထိ နေထိုင်ခဲ့ဖူးပြီး “ဝ”တပ်ရင်း ၄၀၄၆ ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

ဒုတိယအကြိမ် ၂၁ ပင်လုံမတိုင်မီ အစိုးရက တွေ့ဖို့စီစဉ်နေတဲ့ UNFC ဟာ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေရော၊ မထိုးထားတဲ့အဖွဲ့တွေရော ပါဝင်နေတဲ့အဖွဲ့ဖြစ်ပြီး မကြာသေးခင်ကမှ တပ်မတော်နဲ့ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ အကြီးအကဲ အင်ဘန်လက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar