၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး အဖွဲ့မစုံတော့

နေပြည်တော်၊ မေ ၂၄

ယနေ့စတင် ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ စုံစုံလင်လင် တက်ရောက်လာခြင်း မရှိတော့ပါဘူး။

ညီလာခံကို တက်ရောက်နိုင်ဖို့ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မချုပ်ဆိုနိုင်ခင် နှစ်ဖက် အပြန်အလှန်ကတိကဝတ်(Deed of Commitment-DOC)ထိုးဖို့ အချက် ကိုးချက် ညှိနှိုင်းရာမှာ အဆင်မပြေသေးတဲ့အတွက် တက်ရောက်ခြင်းမရှိတော့ဘူးလို့ အဖွဲ့ ခုနစ်ဖွဲ့ကို ကိုယ်စားပြုတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ယမန်နေ့ ညဦးပိုင်းမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ မေ ၂၂ နဲ့ ၂၃ ရက်တွေက ကျင်းပခဲ့တဲ့ UNFC ရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (တိုးချဲ့)အစည်းအဝေးကနေ ချမှတ်လိုက်တာပါ။ အစိုးရနဲ့ ညှိနှိုင်းနိုင်ခြင်းမရှိသေးတဲ့ အခြေအနေကြောင့် ယနေ့စတင်ကျင်းပမယ့်ညီလာခံကို ဆွေးနွေးဆုံးဖြတ်ခွင့်မရှိတဲ့ အထူးဖိတ်ကြားသူ အနေနဲ့သာ ပါဝင်ခွင့်ရမှာမို့ မတက်ရောက်တော့တာဖြစ်တယ်လို့ UNFC ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

UNFC ကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုးသားလွတ် မြောက်ရေးကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် (WNO) အဖွဲ့ တွေ ပါဝင်ပါတယ်။

UNFC က အဲဒီလို ကြေညာချက်ထုတ်ပေမယ့် ဝ သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဦးဆောင်ပြီး မြောက်ပိုင်းအဖွဲ့တွေလို့ အသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)တို့နဲ့အတူ UNFC အဖွဲ့ထဲက နှုတ်ထွက်စာတင်ထားတဲ့ KIO အပြင် SSPP တို့လည်း ညီလာခံတက်ဖို့ နေပြည်တော်ကို ရောက်ရှိနေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့ UNFC ဖက်က ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ (NMSP)၊ အတွင်းရေးမှူး ခူဦးရယ် (KNPP) တို့ကို Frontier က ဆက်သွယ်မေးမြန်းလို့မရသေးသလို အစိုးရဖက်က တာဝန်ရှိသူတွေထံကလည်း သဘောထားတစ်စုံတစ်ရာ မသိရသေးပါဘူး။

ဒီအခြေအနေကြောင့် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ(၂)မှာ ယနေ့ကနေ မေ ၂၈ ရက်အထိ ပြုလုပ်မယ့် ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ပဲ တက်ရောက်တော့မှာဖြစ်ပါတယ်။

အဲဒီ ၁၆ ဖွဲ့ထဲက NCA လက်မှတ်ထိုးပြီးသား ရှစ်ဖွဲ့သာ ညီလာခံအတွင်း ဆွေးနွေးဆုံးဖြတ်ခွင့်ရမှာဖြစ်ပြီး ကျန် ရှစ်ဖွဲ့ကတော့ အထူးဖိတ်ကြားထားသူအနေနဲ့သာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

ဆွေးနွေးဆုံးဖြတ်ခွင့်ရမည့် အဖွဲ့များ

၁) ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)

၂) ကရင်အမျိုးသား အစည်းအရုံး (KNU)

၃) ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)

၄) ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)

၅) ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)

၆)ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

၇) ချင်းအမျိုးသားတပ်ဦး (CNF)

၈) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)

အထူးဖိတ်ကြားထားသူအဖြစ် တက်ရောက်မည့်သူများ

၁) ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)

၂) ရခိုင် အမျိုးသားကောင်စီ (ANC)

၃) ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)

၄) လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)

၅) ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)

၆) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)

၇) ရက္ခိုင့် တပ်မတော် (AA)

၈) နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar