၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ သူရဦးရွှေမန်းက ပါတီထောင်

ကလဲရ် ဟမ်မွန်

“ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ဟု အမည်ပေးထားသည့် နိုင်ငံရေးပါတီသစ်ကို ထူထောင်မည်ဟု သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကြေညာလိုက်ပြီး ပြည်သူ့အကျိုးစီးပွား ဆောင်ရွက်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်နှင့် စီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်သည်ဟုလည်း ပြောကြားသည်။

ပါတီအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးတို့နှင့် “ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေး”တို့အား ဆောင်ရွက်မည်ဟု ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုသို့ ပါတီထူထောင်ရန် ကြေညာချက်ကြောင့် တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချမှုရရှိထားသူ ၎င်းအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိမရှိ လပေါင်းများစွာ မှန်းဆနေမှုများလည်း အဆုံးသတ်သွားသည်။

တပ်မတော်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ခုအား တည်ထောင်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ဆွေးနွေးနေစဉ်မှာပင် ဦးရွှေမန်းအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား စိတ်အားထက်သန်နေသည့်ပုံ ပေါ်နေသည်။

၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စဉ်က အခြေခံဥပဒေပြင်ဆင်ရေးအား ထည့်သွင်းပြောကြားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ယခုအကြိမ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အာဏာရရှိပြီးချိန်ကတည်းက စတင်ကာ တပ်မတော်အား အနီးကပ်ဆုံး စိန်ခေါ်မှုလည်းဖြစ်သည်။

ဦးရွှေမန်း၏ ပါတီသစ်အနေဖြင့် NLD သို့မဟုတ်၊ အခြားပါတီများနှင့် မဟာမိတ် ဖွဲ့မဖွဲ့နှင့် ရွေးကောက်ပွဲ၌ မည်မျှကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကိုမူ သဲသဲကွဲကွဲ မသိရှိရသေးပေ။

ဦးရွှေမန်းက Facebook ပေါ်တွင် လွှင့်တင်ထားသည့် သတင်းစကားအရ ၎င်း၏ပါတီအနေဖြင့် “NLD အစိုးရထံတွင် တိုင်းပြည်အုပ်ချုပ်ရန်အတွက် စီမံထားမှု တိတိပပ မရှိဟု ယုံကြည်ထားကြသည့် ပြည်သူများနှင့် စီးပွားရေးအထက်တန်းလွှာများ စိတ်ကျေနပ်မှုဖြစ်စေရန်” ဖြစ်ပုံရသည်ဟု ပြည့်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အချက်အလက်စုဆောင်းထားသည့် Ānanda Data အား တည်ထောင်သူ ကိုထင်ကျော်အေးက ပြောကြားသည်။

အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကဲ့သို့ ရပ်တည်ချက်သီးသန့် ထားရှိခြင်းအား ရှောင်ရှားရန်အတွက် တိုင်းပြည်နှင့် ပိုမိုသင့်တော်သည့် အခြေခံဥပဒေအဖြစ် ပြင်ဆင်ရေးဟူသည့် ကတိကဝတ်အား ထားရှိခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ ထို့ကြောင့် ပါတီအနေဖြင့် ပါဝင်ပတ်သက်သူ အသီးသီးနှင့် အတူလုပ်ကိုင်ရန် လမ်းပွင့်သွားမည်ဖြစ်သည်။

ယခင်စစ်အစိုးရလက်ထက်က တတိယမြောက် ရာထူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သူ ဦးရွှေမန်းသည် ၂၀၁၁ ခုနှစ်တွင် လွှတ်တော်သစ်များ စတင်ချိန်၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ ရှိနေပြီး နောက်ပိုင်းတွင်မူ ထိုစဉ်က သမ္မတဖြစ်သူနှင့် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဦးသိန်းစိန်က ပါတီခေါင်းဆောင်ဖြစ်လာခဲ့သည်။

ပါတီတွင်း အာဏာသိမ်းပွဲဟု မီဒီယာများက ရေးသားကြသည့် ထိုဖြစ်စဉ်တွင် နေပြည်တော်ရှိ ပါတီရုံးချုပ်အား လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက ဝန်းရံထားပြီးနောက် ဦးရွှေမန်းနှင့်အတူ ၎င်း၏ မဟာမိတ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ရာထူးမှ အတင်းအကြပ် နှုတ်ထွက်စေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်း၏ ဇာတိဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကံမကောင်း အကြောင်းမလှဖြစ်ကာ ရှုံးနိမ့်ခဲ့သည်။ ထိုမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်အနိုင်ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် လွှတ်တော်အတွင်းသို့ NLD ဝင်ရောက်လာပြီးနောက်ပြီး ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့သည်။ ထို့ကြောင့် NLD က အစိုးရမဖွဲ့မီ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရန် ဦးရွှေမန်းအား ကမ်းလှမ်းခဲ့သည်။ ထိုကော်မရှင်ကို ဦးရွှေမန်းက ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကျယ်ပြန့်သည့် တာဝန်ယူမှုများရှိပြီး အင်အားကောင်းသည့် လွှတ်တော်ကော်မတီဖြစ်သည်။

တစ်နှစ်တစ်ခါ ပြန်လည်ဖွဲ့စည်းရသည့် ကော်မရှင်၏ လုပ်ငန်းတာဝန်များ ချဲ့ထွင်ခြင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထပ်ခါတလဲလဲ ကန့်ကွက်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်မှုက ဥပဒေနှင့်မညီဟု ၎င်းတို့က စောဒက တက်ခဲ့ကြသည်။ ဦးသိန်းစိန်နှင့် ဖြစ်ပေါ်ခဲ့သည့် ရန်ညှိုးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်စွာဆက်ဆံနေမှုကြောင့် ဦးရွှေမန်းအား သစ္စာဖောက်အဖြစ် တပ်မတော်တွင်းမှ အများအပြားက ယူဆထားကြသည်။

ကော်မရှင်တွင် ပါဝင်သည့်အချို့အဖွဲ့ဝင်များက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ ဝင်ရောက်ပူးပေါင်းလိမ့်မည်ဟု ၎င်းနားလည်ထားသည်ဟု ကိုထင်ကျော်အေးကပြောသည်။

“ပါတီမှာ ပါဝင်ဆောင်ရွက်ပြီး အထူးကော်မရှင်မှာလည်း တာဝန်ဆက်ယူထားခြင်းက ဥပဒေကို ချိုးဖောက်ခြင်းမရှိပါဘူး” ဟု ၎င်းကပြောသည်။

“ဒါပေမယ့် (ပါတီကို) တရားဝင်မှတ်ပုံတင်ပြီးတာနဲ့ သူတို့ တာဝန်တွေက နှုတ်ထွက်သင့်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်မရှိတဲ့ ပါတီတစ်ခုက ကော်မရှင်ကို လွှမ်းမိုးမှုရှိနေရင် လွှတ်တော်ရဲ့ပုံရိပ်အတွက် မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က NLD အစိုးရအား တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရေးအတွက် အင်အားကောင်းသည့် အတိုက်အခံပါတီတစ်ခု ပေါ်ပေါက်လာမှုကို ထောက်ခံသည်ဟု ဖေဖော်ဝါရီ ၅ ရက်နေ့က ပြောကြားသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်မှာ ပါတီတစ်ခုတည်းက အုပ်ချုပ်သည့်ပုံစံထက် ကျော်လွန်ပြောင်းလဲဖြစ်ပေါ်နေပြီဖြစ်သောကြောင့် NLD အနေဖြင့် ပြင်ဆင်ရန်လိုအပ်လာပြီဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် စိန်ခေါ်မှုများရင်ဆိုင်ရဖွယ်ရှိသည်ဟု ၎င်းကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.