မြောက်ကိုရီးယားနှင့် အမေရိကန်ပါဝင်သော ပြိုင်ဘက်တို့၏ ပဋိပက္ခ၊ ဆော်ဒီအာရေဗီးယားနှင့် အီရန်တို့၏ ပဋိပက္ခပြီးလျင် မြန်မာနိုင်ငံ၏ ရိုဟင်ဂျာအကြပ်အတည်းက ၂၀၁၈ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထိပ်တန်းအကြပ်အတည်း ၁၀ ခုတွင် တတိယနေရာ၌ ရှိနေသည်။
သြဂုတ်လနှောင်းပိုင်းကတည်းက စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ လူပေါင်း ခြောက်သိန်းခွဲကျော် ထွက်ပြေးခဲ့ခြင်းက နှစ်နိုင်ငံလုံးအတွက် ကြီးမားသည့်အန္တရာယ်များကို ဖြစ်ပေါ်စေသည်ဟု ဘရပ်ဆဲလ်အခြစိုက် ပညာရှင်အဖွဲ့က ပြောကြားသည်။
အခြေအနေကို ကိုင်တွယ်ရေးအတွက် အဓိကအချက်မှာ ဒုက္ခသည်များ ၎င်းတို့ဆန္ဒအလျောက် အန္တရာယ်ကင်းကင်းနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ရှိရေးဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော International Crisis Group (ICG) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုက္ခသည်များ လွှဲပြောင်းပေးရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား သဘောတူညီချက် ရရှိခဲ့သော်လည်း မြန်မာနိုင်ငံက လူ့အသိုင်းအဝိုင်း အားလုံးအတွက် လုံခြုံရေး ဆောင်ရွက် မပေးနိုင်သရွေ့၊ ရိုဟင်ဂျာများ လွတ်လပ်စွာ သွားလာခွင့်မရသရွေ့၊ ဝန်ဆောင်မှုနှင့် အခြားအခွင့်အရေးများ မရသရွေ့နှင့် လူသားချင်းစာနာမှုဆိုင်ရာနှင့် ဒုက္ခသည်ဆိုင်ရာ အေဂျင်စီများ လွတ်လပ်စွာ ဝင်ရောက်ခွင့်မရသရွေ့ ဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်လာမည်မဟုတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက ရင်ဆိုင်နေရသော အန္တရာယ်များတွင် လွန်ခဲ့သည့် သြဂုတ်လနောက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော အာဆာဟုခေါ်သည့် အာရကန်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် Arakan Rohingya Salvation Army (ARSA) ပြန်လည်ဖွဲ့စည်း လှုပ်ရှားလာနိုင်မှုလည်း ပါဝင်သည်။ အာဆာ၏ တိုက်ခိုက်မှုများကြောင့်ပင် စစ်တပ်၏ ပြင်းထန်သည့် လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ထို့အပြင် ရိုဟင်ဂျာအရေးကို အသုံးချ အမြတ်ထုတ်နိုင်သည့် အာဆာ၊ သို့မဟုတ် နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းများ၏ အန္တရာယ်ရှိနေသည့်အပြင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအကြား လူသစ်စုဆောင်းမှုများ ပြုလုပ်လာနိုင်ခြေလည်း ရှိနေသည်။
ထိုသို့သာ ဖြစ်ပေါ်ခဲ့ပါက ရခိုင်ပြည်နယ်တွင် မူစလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား တင်းမာမှု မြင့်တက်လာမည့်အပြင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားတွင်လည်း တင်းမာမှုများ ရှိလာနိုင်သည်ဟု ICG က ဆိုသည်။
ပြင်ပမှ မည်သည့်တိုက်ခိုက်မှုမျိုးမဆို ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်တို့အကြား တင်းမာမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေမည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလာနိုင်သည်ဟု ICG က ဆက်လက် ပြောကြားသည်။
အကြပ်အတည်းကို အသိအမှတ်ပြုခြင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန်အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်း၊ သွေးကွဲစေသော ဇာတ်လမ်းများကို မသိယောင်ပြုခြင်းသည်သာ မြန်မာအစိုးရနှင့် မြန်မာလူထုအတွက် ပိုမိုကောင်းမွန်သော နည်းလမ်းကောင်းဖြစ်လိမ့်မည်ဟု ICG က ပြောသည်။
ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို လူသိရှင်ကြားပြောဆိုနေသော်လည်း ဤကြိုးပမ်းမှုမှာ မျှော်လင့်ချက်မရှိကြောင်း တိတ်တစိတ် အသိအမှတ်ပြုထားပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း မြန်မာနှင့် နယ်စပ်အနီးရှိ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်အတွက် ကာလလတ်နှင့် ကာလရှည်စီမံကိန်းများ လုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်တွင် ဆုံးဖြတ်ချက်များလည်းမရှိသလို ပေါ်လစီလည်း မရှိသေးဟု ICG က ပြောသည်။
“နိုင်ငံတကာအရေးပေါ် အကူအညီများမှာ ဖေဖော်ဝါရီလတွင် ကုန်ခမ်းတော့မည်ဖြစ်သည်။ များပြားလှစွာသော နိုင်ငံမဲ့ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်အတွင် ကြီးမားသော အန္တရာယ်ကို ဖန်တီးလျက်ရှိသည်” ဟု ICG က ပြောသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒေသခံ လူဦးရေထက် အဆမတန် ပိုမိုများပြားနေသော ဒုက္ခသည်တို့အကြား ပဋိပက္ခကြောင့် ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ လုပ်ခလစာ ကျဆင်းခြင်းတို့သည် လတ်တလော အန္တရာယ် ဖြစ်နေသည်။
ဒုက္ခသည်များ ရှိနေခြင်းကို အသုံးချ၍ ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်တော့မည့် ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေး သဘောကွဲလွဲမှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ကမ္ဘာ့ပဋိပက္ခနေရာများစာရင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရ်ှ ရိုဟင်ဂျာအကြပ်အတည်းပြဿနာပြီးလျှင် ယီမင်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ဆာဟဲလ်၊ ဒီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံ၊ ယူကရိန်းနှင့် ဗင်နီဇွဲလားတို့က တန်းစီ ရှိနေကြသည်။