၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်း ၅၇ ရာခိုင်နှုန်းခန့်သာ ပြီးစီး

ပြည်ထောင်စုဝန်ကြီးဌာနများက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများ၏ ၅၇ ရာခိုင်နှုန်းခန့်သာ ပြီးစီးသည်ကို တွေ့ရှိခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ထံ သြဂုတ် ၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၁၇-၁၈ မှာ ဝန်ကြီးဌာနတွေရော၊ စည်ပင်ကော်မတီတွေရော၊ အားလုံး လုပ်ငန်းရပ်ပေါင်း ၉,၀၀၀ ကျော်မှာ ၅,၂၀၀ ကျော်ပဲ တကယ် ၁၀၀ ရာခိုင်နှုန်းပြည့် ပြီးတယ်။ အဲဒီတော့ ဝန်ကြီးဌာနအားလုံး ပေါင်းလိုက်ရင်၊ ပြည်ထောင်စုဘတ်ဂျက် အကုန်ပေါင်းလိုက်ရင် ၅၇ ရာခိုင်နှုန်းလောက်ပဲ ပြီးတယ်”ဟု ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

တင်ဒါလုပ်ငန်းစဉ်များတွင် အဆင့်ဆင့် နှောင့်နှေးမှုများ ရှိနေသည်သည့်အတွက် လုပ်ငန်းများ အချိန်မှီ မပြီးခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အခုဘာသွားတွေ့လဲဆိုတော့ တင်ဒါခေါ်ပြီးတဲ့အချိန်မှာ အတည်ပြုတဲ့လူကို တိုင်းဒေသကြီး ပြည်နယ် အစိုးရဆီမှာ ပြန်တင်ပြီးတော့ အတည်ပြုချက်ယူရတယ်။ အဲဒီတော့ တင်ဒါအောင်တဲ့လူကို တင်ဒါကော်မတီက တာဝန်ခံရမယ့်အစား တိုင်းဒေသကြီး ပြည်နယ်အစိုးရက တာဝန်ခံရတဲ့သသဘော ဖြစ်နေတယ်” ဟု ဇလွန်မဲဆန္ဒနယ်၏ အမတ်ဖြစ်သူ ဦးအောင်မင်းက ပြောသည်။

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအနေဖြင့် မူဝါဒကိုသာ တာဝန်ယူဆောင်ရွက်ပြီး ကျန်လုပ်ငန်းများကို ဌာနဆိုင်များအား လုပ်ကိုင်ခွင့်ပေးခြင်းအားဖြင့် ဖြေလျော့ပေးသင့်သည်ဟု ၎င်းကပြောသည်။

“ဒါပေမယ့် စည်းကမ်းဖောက်ဖျက်တယ်ဆိုရင်တော့ သူ့ရဲ့စည်းမျဉ်း စည်းကမ်းတွေနဲ့ အရေးယူဖို့ပဲ။ အဲဒါဆို ကျွန်တော်တို့ လုပ်ငန်းဟာ တော်တော်လေး သွက်လက်မြန်ဆန်လာမှာပါ” ဟု ဦးအောင်မင်းက ပြောသည်။

“အလားတူ လုပ်ငန်းအပ်တဲ့လူကလဲ လုပ်ငန်းပြီးရင် ပြီးတာနဲ့အလျောက် လုပ်ငန်းတန်ဖိုး ပေးချေနိုင်ရမယ်။ လုပ်ငန်းအပ်တဲ့လူကလည်း ငွေပေးချေမှုပိုင်းမှာ နှောင့်နှေးမှုတွေ ရှိနေတယ်။ အဆင့်ဆင့်နှောင့်နှေးမှုတွေ ဖြစ်နေတဲ့အတွက် လုပ်ငန်းတွေ အချိန်မှီ မပြီးတာပါ” ဟု ၎င်းကပြောသည်။

လုပ်ငန်းများ မပြီးစီးသည့်ဌာနများတွင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနများက အများဆုံး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဘတ်ဂျက်ဥပဒေအရ အသုံးစားရိတ်များသည် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက်သာ ဖြစ်သောကြောင့် ဘဏ္ဍာနှစ်ကုန်ဆုံးသည့် မတ် ၃၁ ရက်နေ့နောက်ပိုင်းတွင် ခွင့်ပြုထားသည့်ငွေများအား ဆက်လက် သုံးဆွဲခွင့်မရှိတော့ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တင်ဒါများ ဒေါ်ယူရေးတွင် ကြပ်ကြပ်မတ်မတ်ဖြင့် အချိန်မှီအောင် ခေါ်ယူသင့်သည်ဟု ပြောကြားသည်။

“ခေါ်ပြီးတဲ့ တင်ဒါကိုလည်း သေသေချာချာ စစ်ဆေးသင့်တယ်။ နောက်တစ်ခုက ဒီလုပ်ငန်းကို သေသေချာချာ ပြီးစီးအောင် လုပ်နိုင်တဲ့ ကုမ္ပဏီမျိုးတွေမှပဲ ကျွန်မတို့က အလုပ်တွေ ပေးအပ်စေချင်တယ်” ဟု ၎င်းကပြောကြားသည်။

အဆိုပါအစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar