ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများမှ ဒဏ်ငွေကျပ် သန်း ၂,၀၀၀ ကျော်ရရှိခဲ့သည်ဟု တိုင်းဒေသကြီးအစိုးရက ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်၍ အရေးယူခဲ့သော အမှုပေါင်း ၁၁၃,၃၉၈ မှုအား မော်တော်ယာဉ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စုစုပေါင်းဒဏ်ငွေ ကျပ် ၂၀၁၃,၄၆၈,၅၀၀ ရရှိခဲ့သည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန် ၁ ရက်နေ့က ပြောကြားသည်။
ထို့ပြင် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်၍ အရေးယူခဲ့သော အမှုပေါင်း ၃၀,၃၉၈ မှုအား မော်တော်ယာဉ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒဏ်ငွေ ကျပ် ၅၄၆,၆၃၉,၀၀၀ ရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါဒဏ်ငွေများကို မော်တော်ယာဉ် တရားရုံးမှ နိုင်ငံတော်ဘဏ်သို့ ပေးသွင်းခဲ့သည်ဟုလည်း ဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သော မော်တော်ယာဉ်များအား မော်တော်ယာဉ်ဖမ်းဆီးမှု ပုံစံ (၁၈)ဖြင့် ချလံဖြတ် အရေးယူပြီး မော်တော်ယာဉ် တရားစွဲတင်မှုပုံစံ (၁၉)ဖြင့် မော်တော်ယာဉ်တရားရုံးများသို့ တရားစွဲ တင်ပို့ခြင်းဖြစ်သည်။ ထို့နောက် မော်တော်ယာဉ်တရားရုံး တရားသူကြီးမှ မော်တော်ယာဉ် ဥပဒေအရ သတ်မှတ်ဒဏ်ငွေများအား တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် ဒဏ်ငွေ တပ်ရိုက်ခြင်းဖြစ်သည်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။
မြို့နယ်အလိုက် ယာဉ်ကြော ကြပ်တည်းပိတ်ဆို့သည့် နေရာများ၊ မီးပွိုင့်အနီးရှိ Shopping Center များ၊ လမ်းဆုံနေရာများ၊ ဈေးများ၊ ဆေးရုံများရှိသည့်နေရာများတွင် စည်းကမ်း ချိုးဖောက်သောယာဉ်များ၊ နှစ်ထပ်ရပ်ယာဉ်များ၊ ဖြူနီကြား ရပ်တန့်သော ယာဉ်များအား လှည့်ကင်း မီးတန်းမော်တော်ဆိုင်ကယ်များဖြင့် နေ့စဉ်ဖမ်းဆီး အရေးယူဆောင်ရွက်နေသည်ဟု သိရသည်။
ထို့ပြင်ယာဉ်ကြော ကြပ်တည်းသည့် နေရာများအား မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အစုလိုက်ရှိသည့် တပ်ဖွဲ့ဝင်အင်အားဖြင့် ယာဉ်ကြော ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်နေသလို နှစ်ထပ် ရပ်တန့်သောယာဉ်များ၊ ဖြူနီကား ရပ်တန့်သော ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲယူပြီး အရေးယူနေသည်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။