၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျော်ကြားခဲ့သူများ အပိုင်း ၁

ချစ်စဖွယ် ခွေးငယ်ကလေးမှအစပြု၍ နိုင်ငံရေးခေါင်းဆောင်များနှင့် အကျဉ်းခံဂျာနယ်လစ်များအပါအဝင် ၂၀၁၇ ခုနှစ်အတွင်း အကောင်း၊ သို့မဟုတ် အဆိုး အကြောင်းတမျိုးမျိုးဖြင့် ကျော်ကြားခဲ့သူများကို စုစည်းဖော်ပြထားသည်။

စာသား Frontier သတင်းအဖွဲ့၊ သရုပ်ဖော် – ဂျာရတ်ဒေါင်းနင်း

width=

၂၀၀၇ ခုနှစ် ထင်ရှားကျော်ကြားသူ၊ ဥပဒေပညာရှင်နှင့် အထင်ကရ မွတ်စလင်ဘာသာဝင် ဦးကိုနီ

ဇန်နဝါရီ ၂၉ ရက်သည် မြန်မာနိုင်ငံ၏ အရပ်ဘက်အုပ်ချုပ်ရေးသို့ “ကူးပြောင်းမှု” အတွက်ရရှိထားသော ရှိစုမဲ့စု အကောင်းမြင်မှုသည် လူများစုအတွက် တစ်စစီ ထာဝရကွဲကြေခဲ့ရသည့် နေ့တစ်နေ့ဖြစ်ခဲ့သည်။ လေးစားထိုက်သည့် ရှေ့နေ၊ အသိပညာရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ် ဦးကိုနီသည် ထိုနေ့က ရန်ကုန်လေဆိပ် ပြင်ပအဆောက်အအုံအတွင်း၌ နောက်ဘက်မှနေ၍ သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရသည်။ ထိုသို့ ပစ်သတ်မခံရမီက သူ့မြေးကလေးကို သူ ချီပွေ့ထားသေးသည်။  သေနတ်သမားအား လိုက်လံဖမ်းဆီးပေးသူ တက္ကစီယာဉ်မောင်းမှာ သေနတ်သမားကို ဖမ်းဆီးရမိခြင်းမရှိမီ အသတ်ခံခဲ့ရသည်။ အသတ်ခံခဲ့ရသူမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သက်တော်စောင့် ဖြစ်ခဲ့ဖူးသည်။

သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတော်၏ တရားဥပဒေနှင့် မီဒီယာအသိုင်းအဝိုင်းအပေါ် ကျရောက်ခဲ့သည့် ထိတ်လန့်တုန်လှုပ်မှုကို ပေါ်လွင်အောင်ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်အောင် ဖြစ်ခဲ့ရသည်။ အများစုက သူ့ကို ဆရာသမားနှင့် မိတ်ဆွေတစ်ဦးသဖွယ် သဘောထားကြသည့်အတွက် သူ၏အသုဘအခမ်းအနားသို့ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ သူ့အား လုပ်ကြံသတ်ဖြတ်ရသည့် အကြောင်းရင်းကို ကျေနပ်လောက်အောင် ရှင်းလင်းတင်ပြနိုင်ခြင်း မရှိသေးပေ။

ဦးကိုနီသည် မြန်မာနိုင်ငံတွင် အထင်ရှားဆုံးသော မွတ်စလင်တစ်ဦးဖြစ်သည်။ လူသတ်မှုမှာ လူမျိုးရေးကြောင့်ဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယူဆထားသော်လည်း ကျေနပ်လက်ခံနိုင်လောက်သည့်အဖြေ မဟုတ်သေးပေ။ စစ်တပ်က ရေးဆွဲထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ လုပ်ခွင့်မရအောင် တားမြစ်ထားသော အခြေခံဥပဒေကိုပင် တနည်းတဖုံ အသုံးချ၍ De Facto Leader ခေါ် အစိုးအဖွဲ့၏ ခေါင်းဆောင်နေရာကို ရရှိအောင် ကြံဖန်ဆောင်ရွက်ပေးခဲ့သဖြင့် ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်မည်ဟု အချို့က ယူဆကြသည်။

လုပ်ကြံသတ်ဖြတ်မှုအတွက် လူလေးဦးကို ဖမ်းဆီးပြီး ၎င်းတို့အမှုမှာ မပြီးဆုံးနိုင်သေးဘဲ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။ လုပ်ကြံသတ်ဖြတ်မှုခေါင်းဆောင် အောင်ဝင်းခိုင်မှာ လုပ်ကြံသတ်ဖြတ်အပြီး နေပြည်တော်၌ တွေ့လိုက်ရသော်လည်း လွတ်မြောက်နေဆဲဖြစ်သည်။ စွပ်စွဲခံရသူများအနက် သုံးဦးမှာ စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းများ ဖြစ်ကြသည်။

width=

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

တခါတရံ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသော အကြောင်းတရားများကြောင့် ၂၀၁၇ ခုနှစ်သည် “ကံဆိုးသောနှစ်” ဖြစ်ခဲ့သည်။ အာနန်ကော်မရှင်ကို ဖွဲ့စည်းပြီး ရေရှည်တည်တံ့မည့် ဆုံးဖြတ်ချက်ကို ၎င်းက ချမှတ်ခဲ့သော်လည်း ဘင်္ဂါလီပြဿနာသည် နိုင်ငံတကာတွင် ရရှိထားသော ၎င်း၏ နာမည်ကောင်းကို အကြီးအကျယ် ထိခိုက်ခဲ့သည်။

ကော်မရှင်၏ အပြီးသတ် ထောက်ခံတင်ပြချက်များကို ထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်မတော် Arakan Rohingya Salvation Army ၏ သြဂုတ်လ တိုက်ခိုက်မှုများနောက်ပိုင်း ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက်မှုကလည်း အစိုးရနှင့် တပ်မတော်အကြား စိုးရိမ်ပူပန်နေခဲ့ရသော ဆက်ဆံရေးအတွက် အကျပ်အတည်းသစ်ကို ထပ်မံဖန်တီးပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အစဉ်၌ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လမ်းစရှာဖွေမှုဖြင့် ၂၀၁၇ ခုနှစ်ကို စတင်ခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာကို နေပြည်တော်၌ ဖွင့်လှစ်ရန် ဇန်နဝါရီ ၁ ရက်ကို ၎င်းက ရွေးချယ်ခဲ့ပြီး အကြိမ် ၇၀ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ၁၉၄၇ ခုနှစ်က တိုင်းရင်းသားခေါင်းဆောင်များနှင့် ၎င်း၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဖက်ဒရယ်မူကို သဘောတူညီခဲ့ကြသော ပင်လုံရွာသို့ ဖေဖေါ်ဝါရီ ၁၂ ရက်တွင် သွားရောက်ခဲ့သည်။ အနာဂတ် သဘောတူညီချက်၌ ထည့်သွင်းမည့် အချက် ၃၇ ချက်ကို သဘောတူညီမှု ရရှိအောင် ဆောင်ရွက်ခြင်းအားဖြင့် မေလတွင် ကျင်းပသည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထူးထူးခြားခြား တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသူနှင့် မထိုးသူဟူ၍ စတင်ကွဲလွဲခဲ့သည်။

နှစ်ရလာသည်နှင့်အမျှ လာမည့်ရွေးကောက်ပွဲအတွက် မျှော်ကြည့်လာသော ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဖွံ့ဖြိုးမှုအပိုင်း၊ အထူးသဖြင့် လမ်းပိုင်းနှင့် လျှပ်စစ်ကဏ္ဍကို တိုး၍တိုး၍ ဦးစားပေးလာခဲ့သည်။

စီမံခန့်ခွဲမှုပုံစံ၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးရန်တွန့်ဆုတ်မှု၊ အသေးစိတ်လိုက်၍ စီမံခန့်ခွဲမှုနှင့် မျိုးဆက်သစ်ခေါင်းဆောင်များ မွေးထုတ်ရန် ပျက်ကွက်မှုတို့အတွက် ၂၀၁၇ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများ တိုးတက်များပြားလာခဲ့သည်။ ပုဒ်မ ၆၆(ဃ) ကို အသုံးပြုမှုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့်ပတ်သက်သော အစိုးရ၏ ကတိကဝတ်ကို သံသယ ကြီးထွားစေခဲ့ပြီး ၎င်းက ပိုမိုလွတ်လပ်ပွင့်လင်းမှုနှင့် တာဝန်ယူမှု မရှိသည့်အတွက် မီဒီယာများ စိတ်ပျက်ခဲ့ရသည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ ၁၉ နေရာအနက် အင်န်အယ်လ်ဒီက ကိုးနေရာ အနိုင်ရခဲ့သဖြင့် ထောက်ခံမှုမှာ အများအားဖြင့် ယိမ်းယိုင်မှုမရှိခဲ့ဟုဆိုနိုင်သော်လည်း ယင်းကဲ့သို့ အနိုင်ရခဲ့ခြင်းမှာ အတိုက်အခံဘက်မှ ခိုင်ခိုင်မာမာ မရှိသောကြောင့်သာ ရခြင်းဖြစ်ကြောင်း ဝေဖန်သူတို့က ထောက်ပြကြသည်။

တံတားအမည်ပေးရေးကိစ္စ အငြင်းပွားမှုနှင့်ပတ်သက်၍ ပါတီ၏ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် မွန်ပြည်နယ်တွင် ကိုယ်စားလှယ် တစ်နေရာ ဆုံးရှုံးခဲ့ဟန်ရှိကြောင်းလည်း သုံးသပ်ကြသည်။ ၂၀၁၈ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမည့် အကြီးမားဆုံး စိန်ခေါ်မှုများတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးနှင့် တပ်မတော်နှင့်ဆက်ဆံရေးတို့ ပါဝင်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလုပ်များသောနှစ်ဖြစ်သည်။ မြောက်ပိုင်းဒေသတွင် ပိုမိုဖြစ်ပွားလာသောတိုက်ပွဲများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော စစ်ဆင်ရေးကြီးများ၊ အစိုးရနှင့် အာဏာယှဉ်ပြိုင်မှုများတွင် နည်းဗျူဟာ အဆုတ်အတက်များနှင့် အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ခရီးစဉ်များ စသည်တို့ဖြစ်သည်။ ဧပြီတွင် သြစတြေးလျနှင့် ဂျာမဏီတို့သို့လည်း ခရီးထွက်ခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးသည် ဥရောပသို့ လောလောဆယ်တွင် နောက်တစ်ခေါက် ပြန်သွားဖွယ် မရှိတော့ပေ။

အစ္စလာမ္မစ် စစ်သွေးကြွတို့၏ သြဂုတ်လ တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ စစ်တပ်က သူတို့အဆိုအရ အင်အားကို “မတန်တဆ” အသုံးပြုခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဖိတ်ကြားမှုကို ဥရောပသမဂ္ဂက အောက်တိုဘာလအတွင်းက ဆိုင်းငံ့ထားခဲ့သည်။

ပြည်သူလူထု၏ ထောက်ခံမှု ကျယ်ပြန့်စွာ ရရှိခဲ့သော စစ်ဆင်ရေးကို အပြည်ပြည်ဆိုင်ရာက ဝေဖန်ခဲ့သည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထူးတလည် ဒေါသဖြစ်ခဲ့သည်။ ဗြိတိန်နိုင်ငံသည် စက်တင်ဘာလက မြန်မာစစ်သားများအား လေ့ကျင့်ရေးအစီအစဉ်ကို ရပ်ဆိုင်းပြီး အချိန်တိုအတွင်း ထွက်ခွာစေသည့်အခါ မိမိတပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်တော့မည်မဟုတ်ကြောင်း ၎င်းက ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာသော “ဘင်္ဂလီ” အရေအတွက်မှာ ၅၃၀,၀၀၀ ဦးရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သောအခါ ယင်းအရေအတွက်မှာ ချဲ့ကားပြောဆိုခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူအမြောက်အမြား သတ်ဖြတ်မှုများ၊ မုဒိန်းမှုများနှင့် မီးရှို့မှုများမှာ မဟုတ်မှန်ကြောင်းနှင့် “အင်အားအလွန်အကျွ ံ” သုံးစွဲမှုများမရှိခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သော တပ်မတော်တွင်း စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ၌ ဖော်ပြသည်။ ယင်းကို အမေရိကန်ပြည်ထောင်စုက လက်မခံဘဲ လူမျိုးစု သုတ်သင်ရှင်းလင်းမှု ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂနှင့်အတူ ပူးတွဲကြေညာခဲ့သည်။

“ဒီရက်စက်မှုတွေကို ဆောင်ရွက်ခဲ့သူတွေက တာဝန်ယူဖြေရှင်းရပါမယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြီးအကဲတို့အား နိုဝင်ဘာ ၁၅ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရက်တေလာဆန်က ပြောသည်။ ပြည်ပမှ ပြစ်တင်ပြောကြားမှုက စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်နယ်စစ်ဆင်ရေးကို ထောက်ခံသောအားဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ လူထောင်ပေါင်းများစွာ ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရရှိရန် အဓိကျသောအချက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ၂၀၁၅ ခု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် 2015 Nationwide Ceasefire Agreement ကို လက်မှတ်ရေးထိုးရေးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခိုင်အမာ ယုံကြည်ထားသည်။ ၎င်း၏ရပ်တည်ချက်ကို အင်န်စီအေကို ပြန်လည်စေ့စပ်ညှိနှိုင်းရန် တောင်းဆိုလျက်ရှိပြီး နိုင်ငံတွင် အင်အားအတောင့်တင်းဆုံးဖြစ်သော ဝ ပြည်ထောင်စုတပ်မတော် United Wa State Army က ဦးဆောင်သော လက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်သည့် မဟာမိတ်အဖွဲ့က ဆန့်ကျင်လျက်ရှိသည်။ စာချုပ်လက်မှတ် မရေးထိုးသူများသည် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရန် ပြင်းပြလျက်ရှိသော ပြည်သူ့ဆန္ဒကို ပိတ်ပင်တားဆီးသူများဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲခဲ့သည်။

သံတမန်မျက်နှာစာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဘင်္ဂါလီပြဿနာနှင်စပ်လျဉ်း၍ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ထောက်ခံမှုအတွက် တရုတ်အစိုးရအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တပ်မတော်အကြီးအကဲသည် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကိုလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။ နှစ်နှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဇူလိုင်က သွားရောက်ခဲ့သော ၎င်း၏ခရီးစဉ်တွင် နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို နယူးဒေလီအစိုးရက တိုးချဲ့လိုကြောင်း အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက ပြောကြားသည်။

အာဆာခေါင်းဆောင် အတ္တာအူလာ

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး အကြမ်းဖက်မှုက ခွဲခြားဆက်ဆံမှုကြောင့် စိတ်ခံစားမှုဖြစ်ပေါ်နေသော ဘင်္ဂါလီလူငယ်များအတွင်း သဘောထားများ တင်းမာလာစေခဲ့သည်။ အစိုးရက ၎င်းတို့၏ ယာယီမှတ်ပုံတင်ကတ်များကို တရားမဝင်တော့ကြောင်း ကြေညာခြင်း၊ နိုင်ငံရေးအရ ၎င်းတို့၏ ပြောရေးဆိုခွင့် ဆုံးရံှုးခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း မှောင်ခိုလုပ်နေသူများအား နှိမ်နင်းခြင်းတို့ကြောင့် ကောင်းမွန်သော ဘဝထူထောင်ရေး မျှော်လင့်ချက်များ ပျက်စီးခဲ့ရခြင်းဖြင့် ဘင်္ဂါလီများ၏ အခွင့်အရေးများကို ရုပ်သိမ်းခံရသောအခါ ၂၀၁၅ ခုနှစ်တွင်  မျှော်လင့်ချက်များ နက်ရှိုင်းစွာ ဆုံးရှုံးခဲ့ရသည်။

ကရာချိတွင် မွေးဖွားပြီး မက္ကာ၌ကြီးပြင်းခဲ့သူ ဘင်္ဂါလီလူမျိုး အတ္တာအူလာနှင့် အများက Arakan Rohingya Salvation Army  ဟုသိထားသော အုပ်စု၏ခေါင်းဆောင်များသည် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လူသူစုဆောင်း လေ့ကျင့်သည့်အခါ လက်ခံသည့်အင်အားစုကို ရရှိခဲ့သည်။ ဖိနှိပ်ခံရမှုကို အဆုံးသတ်ရန်နှင့် ဘင်္ဂါလီများကို နိုင်ငံသားဖြစ်အောင် ဆောင်ရွက်ရန် အချိန်ကျပြီဖြစ်ကြောင်း အတ္တာအူလာက ပြောသည်။

အများအားဖြင့်  လယ်ယာသုံးပစ္စည်းများကို လက်နက်အဖြစ် အသုံးပြုလျက် လူရာပေါင်းများစွာကို လေ့ကျင့်ပေးခဲ့သည်။ ၂၀၁၆ ခု အောက်တိုဘာ ၉ ရက်က လုံခြုံရေးစခန်းများကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုသည် “ရခိုင်ပြည်နယ်တွင် မွတ်စလင်ပုန်ကန်မှုသစ်” ပေါ်ထွန်းမှုအတွက် အထိမ်းအမှတ် ဖြစ်ခဲ့ကြောင်း International Crisis Group က ဆိုသည် ။

အာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်တွင် ရေရှည်ဖြေရှင်းဆောင်ရွက်ရမည့် အကြံပြုချက်များ ထုတ်ပြန်ပြီးနောက် နာရီပိုင်းအတွင်း သြဂုတ် ၂၅ ရက်တွင် အာဆာက ဒုတိယအကြိမ် တိုက်ခိုက်သောအခါ တပ်မတော်က အသင့်အနေအထား၌ ရှိနေခဲ့သည်။ တိုက်ခိုက်မှုများကို စစ်ရေးအရ တုံ့ပြန်မှုများက ပြင်းထန်ခဲ့သည်။ စက်တင်ဘာ ၉ ရက်တွင် အတ္တာအူလာက တစ်ဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း အကြမ်းဖက်သမားများနှင့် စေ့စပ်ညှိနှိုင်းမည် မဟုတ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည့်နည်းတူ ဘင်္ဂလားဒေ့ရှ်ရှိ မရေရာသော အနာဂတ်သို့ ဘင်္ဂါလီများ ထွက်ပြေးမှုများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုကို ဆောင်ရွက်ရာတွင် အတ္တာအူလာ၏ မဟာဗျူဟာမှာ ဘင်္ဂါလီပြဿနာကို ကမ္ဘာက အာရုံစိုက်လာအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဆိုပါက ထူးထူးခြားခြား အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း သူ့လူများက ပေးဆပ်ရသော အတိဒုက္ခရောက်ရှိမှုတန်ဖိုးက မည်မျှရှိပါသနည်း။

typeof=

ကိုဖီ အာနန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခ၊ နေရပ်စွန့်ခွာမှုနှင့် ဖွံ့ဖြိုးရေးနိမ့်ကျမှုတို့ကို ရေရှည်ဖြေရှင်းနိုင်မည့်အဖြေများကို အဆိုပြုရန် အဖွဲ့ဝင်ကိုးဦးပါသော ကော်မရှင်တစ်ရပ်ကို ၂၀၁၆ ခုနှစ် သြဂုတ်လတွင် အစိုးရက ခန့်အပ်ခဲ့သည်။ မဟာဗျူဟာမြောက် စဉ်းစားရာတွင် နာမည်ကြီးပြီး စကားပြောရာ၌ လေသံအေးအေးဖြင့် ပြောတတ်သူ ဂါနာလူမျိုးတစ်ဦးအား ကော်မရှင်ကို ခေါင်းဆောင်ရန် ရွေးချယ်လိုက်ခြင်းမှာ စိတ်ကူးကောင်းသော ရွေးချယ်မှုဟု ဆိုနိုင်သည်။

အသက် ၇၉ နှစ်ရှိ မစ္စတာ ကိုဖီ အာနန်သည် အထွေထွေ အတွင်းရေးမှူးချုပ်တာဝန် အပါအဝင် ကုလသမဂ္ဂ၌ တာဝန်ထမ်းဆောင်ခဲ့သော ၄၅ နှစ်သက်တမ်းတွင် ပဋိပက္ခများ အဆုံးသတ်ရေးအတွက် နှစ်အများစုကို မြှုပ်နှံကြိုးပမ်းခဲ့သည်။ ကော်မရှင်သည် “ကျွန်မတို့နိုင်ငံ၏ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးရန်” လိုကြောင်း ရက်အနည်းငယ်အကြာတွင် နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခုကော်မရှင်ကို ခန့်ထားခြင်းသည် ၁၉၆၁ ခုနှစ်က မေယုရှေ့တန်းဒေသ အုပ်ချုပ်ရေးအဖွဲ့ Mayu Frontier Administration ကို ဝန်ကြီးချုပ် ဦးနုက ဖွဲ့စည်းခဲ့သော်လည်း အချိန်တိုအတွင်း ပြိုကွဲပျက်စီးခဲ့သည့်နောက်ပိုင်း ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေးအတွက် ပထမဆုံးအကြိမ်အဖြစ် အလေးအနက်ထား ကြိုးပမ်းခြင်း ဖြစ်သည်။ မြန်မာလူမျိုး ခြောက်ဦးနှင့်နိုင်ငံခြားသား သုံးဦးအား ခန့်အပ်မှုအတွက် ယုံကြည်ချက်နှင့် မျှော်လင့်ချက် ရှိခဲ့သော်လည်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

ရခိုင်အရေးကိစ္စတွင် နိုင်ငံခြားသား ပါဝင်နေမှုကို ရခိုင်အမျိုးသားပါတီက ရှုတ်ချခဲ့ပြီး ကော်မရှင် ခန့်အပ်မှုနှင့်စပ်လျဉ်း၍ ၎င်းတို့အား ကြိုတင်ညှိနှိုင်းမှုမရှိသည့်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွင်း မကျေလည်မှုများ ရှိခဲ့သည်။ ကော်မရှင်အပေါ် ယုံကြည်မှုကို ယမန်နှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုက လှုပ်ခါပစ်ခဲ့သည်။ ထို့ထက်ပိုဆိုးသောအဖြစ်ကလည်း ရှိနေသေးသည်။ ရက်စက်လှသော ကံကြမ္မာအလှည့်အပြောင်း၊ သို့မဟုတ် ရည်ရွယ်ချက်ဖြင့် တမင်လုပ်ကြံဖန်တီးမှုကြောင့် ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် အချက် ၈၈ ချက်ပါ ထောက်ခံတင်ပြချက်များကို ရန်ကုန်မြို့၌ ထုတ်ပြန်ပြီးနောက်တစ်ရက်ဖြစ်သည့် သြဂုတ် ၂၅ ရက်တွင် အာဆာ၏ ဒုတိယအကြိမ် တိုက်ခိုက်မှုက အကောင်းမြင်မှုကို ပြယ်လွင့်ပျောက်ကွယ်စေခဲ့သည်။

အစီရင်ခံစာ၏အမည်မှာ “ရခိုင်ပြည်သူများအတွက် ငြိမ်းချမ်း၍ တရားမျှတပြီး သာယာဝပြောသော အနာဂတ်ဆီသို့ ” Towards a peaceful, fair and prosperous future for the people of Rakhine ဟူ၍ဖြစ်သည်။ နိုင်ငံသားဖြစ်မှုနှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ဆိုင်ရာ ကော်မရှင်၏ ထောက်ခံတင်ပြချက်များသည် ရခိုင်ပြည်သူတို့အတွက် “သိမ်မွေ့နက်နဲသော” စိုးရိမ်ပူပန်မှုများ ဖြစ်စေနိုင်မည်ဟူသောအချက်ကို ကိုဖီ အာနန်က ဝန်ခံထားသည်။

“မည်သို့ပင်ဆိုစေ အစိုင်အခဲကို မချေဖျက်ဘဲ သူ့အတိုင်းထားမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့အနာဂတ်၊ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အဖတ်ဆယ်လို့ မရလောက်အောင် အန္တရာယ်ကြုံတွေ့လာနိုင်တဲ့အတွက် အကဲဆတ်တဲ့ ဒီပြဿနာတွေကို သမာသမတ်ကျကျ ရင်ဆိုင်ဖို့ ကော်မရှင်က ရွေးချယ်လိုက်ရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အပိုင်း (၂) ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။ 

(ကျန်အပိုင်းများ ဆက်လက်ဖော်ပြပါမည်။)

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar