နေပြည်တော်၊ ဒီဇင်ဘာ ၁၆
၂၀၁၆ ဇန်နဝါရီလ ၁၃ ရက် မတိုင်မီ ကျင်းပသွားမည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်မှု ရှိမည်ဟု NLD နာယက ဦးဉာဏ်ဝင်းက မီဒီယာကို ပြောသည်။
“ကိုယ်တိုင်လာရောက်ခြင်း ရှိ မရှိတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ပတ်သက်မယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု NCA မူဘောင်သဘောဆွေးနွေးမှု သဘောတူညီချက်ကို သမ္မတထံ ပေးအပ်ပွဲကို နေပြည်တော် MICC 2 တွင် ယနေ့ နေ့လယ် ၂ နာရီ၌ ပြုလုပ်အပြီး ၎င်းက မီဒီယာကို ပြောခဲ့သည်။
ယနေ့ပြုလုပ်သော မူဘောင်သဘောဆွေးနွေးမှု သဘောတူညီချက်ကို သမ္မတထံ ပေးအပ်ပွဲသည် မူလ သဘောတူခဲ့သည့်အတိုင်း ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး လာမည့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း မူလက သဘောတူထားသည့် ရက်ပေါင်း ၉၀ မတိုင်မီ ဆောင်ရွက်နိုင်မည်ဟု MPC အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
သတင်း – စိုးသန်းလင်း