၂၀၁၅ ရွေးကောက်ပွဲ ဘာတွေ ထူးခြားသလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်တွေလည်း ထွက်ပေါ်လာနေပါပြီ။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ၂၀၁၅ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်တွေလည်း ထွက်ပေါ်လာနေပါပြီ။

ဒါပေမယ့်လည်း အတည်ပြုစာရင်းတစ်ခု ရဖို့အတွက်ကိုတော့ အမတ်လောင်းတွေ တစ်ယောက်နဲ့ တစ်ယောက် စွပ်စွဲ ပြစ်တင်တာ၊ ဒီအမှုတွေကို ကော်မရှင်က စစ်ဆေးတာ၊ ခုံရုံးဖွဲ့တာ၊ ခုံရုံးက ဆုံးဖြတ်တာ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုတာ စတဲ့အချိန်အထိတော့ စောင့်ဆိုင်းရပါဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုအခြေအနေမှာကိုပဲ အနာဂတ် မြန်မာ့နိုင်ငံရေးကို မှန်းဆနိုင်ပါပြီ။ ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲမှာ ဘယ်လို ထူးခြားချက်တွေ ရှိနေသလဲ၊ မြန်မာ့နိုင်ငံရေး ရှေ့အနာဂတ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရွေးကောက်ပွဲကြီးရဲ့ အဓိက ထူးခြားချက်ကတော့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ခြင်းပါ။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု တချို့ကလွဲရင် ကြီးမားတဲ့ ပဋိပက္ခတွေ၊ သွေးထွက်သံယို ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားတာမျိုး မတွေ့မမြင်ကြရပါဘူး။ နဂိုတုန်းကတော့ မြန်မာနိုင်ငံသားတချို့နဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးတွေကနေ ရွေးကောက်ပွဲ အကြိုနဲ့ ရွေးကောက်ပွဲနေ့မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်ပွားလာလေမလား ဆိုပြီး စိုးရိမ်ခဲ့ကြတာပါ။ အခု အဲလို ဖြစ်စဉ်ကြီးကြီးမားမား မမြင်မတွေ့ရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီလို့ ပြောဆိုနိုင်ပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုကတော့ ပြည်သူတွေ တစ်ခဲနက် မဲလာပေးကြတာပါ။ ဒါနဲ့ ပတ်သက်ရင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို မဲရုံသွားဖို့ မဲပေးကြဖို့ အကြီးအကျယ် နှိုးဆော်ခဲ့သလို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေကလည်း မဲသွားပေးကြဖို့ တိုက်တွန်းကြတဲ့ အတွက် ခုလို တစ်နိုင်ငံလုံးက ပြည်သူတွေ မဲရုံသွား မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာ မဲပေးခွင့် ရှိတဲ့ ပြည်သူတွေရဲ့ ရာခိုင်နှုန်း ဘယ်လောက် မဲလာပေးတယ် ဆိုတဲ့ တိကျ သေချာတဲ့ စာရင်းတော့ ထွက်လာမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုတဲ့ မဲစာရင်း မှန်ကန်မှု မရှိတာကြောင့် ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲရဲ့ ထူးခြားချက်က မဲစာရင်းမှန်ကန်မှု မရှိတာပါ။ ပြည်သူ အတော်များများရဲ့ နာမည်စာရင်းတွေ မဲစာရင်းမှာ ပါမလာသလို မဲစာရင်းမှာ ဖော်ပြထားတဲ့ နာမည်တွေကလည်း ဖေါင်းပွနေတဲ့ကိစ္စပဲ ဖြစ်ပါ တယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းကတော့ မဲစာရင်းပြုစုစဉ်က ၁၉၉၀ က စတဲ့ အိမ်ထောင်စု စာရင်းတွေကို အသုံးပြုခဲ့တာ၊ ဒါတင်မက မြေပြင်မှာ တကယ်နေထိုင်သူတွေရဲ့ စာရင်းကိုပါ ကောက်ခံဖြည့်တင်းခဲ့လို့ ဖြစ်ပါတယ်။ ဒီအချက်ဟာ နောက်ပိုင်း မဲပေးကာနီး မဲပေးခွင့် သက်သေခံ လက်မှတ်တွေ ထုတ်ပေးတဲ့အခါ ပိုသိသာစေခဲ့ပါတယ်။ လူအများအပြားဟာ မဲစာရင်းမှာ နှစ်ကြိမ်ပါပြီး မဲလက်မှတ် နှစ်စောင် လက်ခံရရှိကြသလို တချို့လူတွေကတော့ မဲလက်မှတ် ၃ စောင်အထိတောင် ရကြပါတယ်။ တချို့ မိသားစု တစ်စုထဲမှာကို မဲလက်မှတ် စောင်ရေ ၃၀ ကျော် ပိုတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အဓိကကတော့ ဒီ ရွေးကောက်ပွဲကနေ ခိုင်လုံတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ထွက်ပေါ်မလာတာပါ။ နောက်တစ်ချက် မဲပေးပိုင်ခွင့် သက်သေခံ လက်မှတ်တွေ ထုတ်ပေးရာမှာလည်း မဲစာရင်းမှာ ပါတဲ့အတိုင်းပဲ ရေးသားထုတ်ပေးလိုက်တာကြောင့် မှားယွင်းနေတဲ့ အချက်အလက်တွေကိုလည်း ပြင်ဆင်တာ မလုပ်လိုက်နိုင်ပါဘူး။ ဒီအတွက် အချက်အလက်မှန်ကန်တဲ့ မဲစာရင်းကိုလည်း မရကြလို့ နောင် ရွေးကောက်ပွဲတွေမှာ ပြန်ပြီး အသုံးပြုဖို့ ခက်ခဲနေပါလိမ့်မယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ထူးခြားချက်ကတော့ အောက်ခြေ မဲရုံတွေမှာ မဲရေတွက်တာကိုတင်မက၊ မြို့နယ် ကော်မရှင်ရုံးတွေမှာ မဲရေတာ၊ မဲစာရင်းပေါင်းတာတွေကိုပါ သက်ဆိုင်ရာ အမတ်လောင်း၊ ကိုယ်စားလှယ်၊ သတင်းထောက်တွေနဲ့ စောင့်ကြည့်သူတွေ လေ့လာခွင့်ရခြင်းပါ။ ဒါဟာ အလွန်ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလဒ်အနေနဲ့ ပြောရရင် ဘယ်ပါတီ ဘယ်လောက် တိတိကျကျနိုင်တယ် မပြောနိုင်သေးပေမယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အပြတ်အသတ် အနိုင်ရတာကတော့ သေချာသွားပါပြီ။ ဒါပေမယ့် သမ္မတ တစ်ယောက်တင်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အဆင့်ထိ နိုင်မနိုင်ကတော့ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်အတွက် အင်န်အယ်လ်ဒီ က အမတ်အများစု အနိုင်ရထားတဲ့အတွက် ဒုသမ္မတ တစ်ယောက်ကတော့ သေချာပေါက် တင်နိုင်ပါပြီ။ ဒါပေမယ့် ဒီကနေ့ အချိန်ထိ ဒုသမ္မတလောင်း ဘယ်သူဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ထူးခြားချက်အနေနဲ့ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ အရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ယာယီဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးတဲ့ သူရဦးရွှေမန်း ရှုံးနိမ့်သွားခြင်းပါ။ အဓိပ္ပာယ်ကတော့ လွှတ်တော်အသစ်မှာ သူရဦးရွှေမန်း ပါဝင်တော့မှာ မဟုတ်ပါဘူး။ ပါတီကလည်း သူ့ကို ဖယ်ရှားထားပြီးသား ဆိုတော့ သူရဦးရွှေမန်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲ ပြဿနာတွေ ပြီးဆုံးသွားမှာ ဖြစ်သလို သူရဦးရွှေမန်းရဲ့ နိုင်ငံရေး အခန်းကဏ္ဍ ပြည်ဖုံးကား ကျသွားခဲ့ပြီ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းပြည်မှာ အရေးကြီးတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြဖို့၊ ရွေးကောက်ပွဲ အပြီး နိုင်ငံရေး အင်အားစုတွေ ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီး နိုင်ငံရေး အခင်းအကျင်းသစ်တွေ ဖော်ဆောင်ကြဖို့ ပြောဆို တိုက်တွန်းထားတာကြောင့် ရွေးကောက်ပွဲ အလွန် နှစ်ဘက်အင်အားစုတွေ ပြေလည်မှု ရနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခု ရွေးကောက်ခံလိုက်ရတဲ့ အမတ်တွေဟာ ၂၀၁၆ ဇန်နဝါရီလောက်မှ လွှတ်တော် စ တက်နိုင်မှာ ဖြစ်သလို အစိုးရသစ်ဆိုတာကလည်း လာမယ့် ဧပြီ ၁ ရက် လောက်မှ ပေါ်ပေါက်လာမှာ ဖြစ်လို့ ကြားမှာ အချိန်ကာလ အတော်ကြာ ဖြတ်သန်းဖို့ လိုပါသေးတယ်။ ဒီကာလ အတွင်း အစိုးရအဖွဲ့သစ် တစ်ရပ် ပေါ်ပေါက်ရေး၊ အာဏာလွဲှပြောင်းရေး အဆင်ပြေ ချောမွေ့ရေးအပါအဝင် တခြားဖြစ်နိုင်ခြေတွေလည်း အများကြီး ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar