၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် ရခိုင်အကြံပေးကော်မရှင်က အကြံပြု

ရန်ကုန်၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ်တွင် ပြည်သူများအားလုံး လွတ်လပ်စွာသွားလာခွင့်ရရှိရေးနှင့် အငြင်းပွားဖွယ်ဖြစ်နေသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်လေ့လာသုံးသပ်ရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အစိုးရထံတင်သွင်းခဲ့သည့် ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကြံပြုချက်များကို ကြားနေ ဘက်မလိုက်သော အဖွဲ့အစည်းအနေဖြင့် တင်ပြပေးနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အတူ ကိုဖီအာနန် ဖောင်ဒေးရှင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာတွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

အစိုးရက အသိအမှတ်ပြုရန် ငြင်းဆိုထားသည့် ရိုဟင်ဂျာအများစုပါဝင်သည့် မူဆလင် ၁ ဒသမ ၁ သန်းခန့်မှာ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခြင်းခံထားရသည်။ ရိုဟင်ဂျာများအား မြန်မာနိုင်ငံ၏ တိုင်းရင်းသားများ ၁၃၅ မျိုးတွင် တစ်မျိုးအဖြစ် ဥပဒေက အသိအမှတ်ပြုထားခြင်းမရှိပေ။

ယနေ့ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် အဆိုပါဥပဒေအား နိုင်ငံတကာ စံနှုန်းများအတိုင်း ပြင်ဆင်သွားရန် အစိုးရကို တိုက်တွန်းထားသည်။

“နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ကာလတိုအတွင်း အရှိန်အဟုန်ဖြင့် အရေးယူဆောင်ရွက်သွားရန် လိုအပ်ပြီး လုပ်ကိုင်ဆောင်ရွက်မှုများကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် ကော်မရှင်အနေဖြင့် အပြည့်အဝ အသိအမှတ်ပြု လက်ခံထားပါသည်။ သို့ရာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်” ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော ယဉ်ကျေးမှုများနှင့် မတူကွဲပြားသည့် လူ့အဖွဲ့အစည်းများကို အသိအမှတ်ပြု ဂုဏ်ယူသင့်ပါသည်” ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။

“အစိုးရအနေဖြင့် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းခံရပြီးသူများအား နိုင်ငံသားဖြစ်မှုနှင့်အညီ ရရှိခံစားရမည့် အကျိုးအမြတ်များ၊ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအားလုံးကို အပြည့်အဝ ရရှိခံစားနိုင်စေရန် နှောင့်နှေးမှုမရှိပဲ သေချာစွာဆောင်ရွက်ပေးသင့်ပါသည်” ဟု ကော်မရှင်က အကြံပြုတိုက်တွန်းထားသည်။

အစိုးရအနေဖြင့် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်အတွင်း ရှင်းလင်းတိကျသည့် မဟာဗျူဟာနှင့် အချိန်ကာလကို သတ်မှတ်ထားရန်လည်း တိုက်တွန်းထားသည်။ ထိုမဟာဗျူဟာသည် ပွင့်လင်းမြင်သာ၍ ထိရောက်မှုရှိကာ လက်ရှိတည်ရှိနေသော ဥပဒေပြုမှုအတွင်း၌ ခိုင်မာစွာအခြေပြုထားရမည်ဟုလည်း အကြံပြုထားသည်။

ထို့ပြင် “အစိုးရအနေဖြင့် နိုင်ငံသားဖြစ်ခွင့်မရရှိကြသူများ၏ အခြေအနေကိုလည်း ရှင်းလင်းတင်ပြမှုများ ပြုလုပ်သင့်သည်” ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မူဆလင်အများစုမှာ ခရီးသွားလာရေးတွင် ကန့်သတ်မှုများ ကြုံနေရဆဲဖြစ်သော်လည်း မကြာသေးမီက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် လွတ်လပ်စွာခရီးသွားလာခွင့် ပိုမိုရရှိစေရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ကော်မရှင်က ကြိုဆိုလိုက်သည်။ သို့သော် အစိုးရက တရားဝင် ထုတ်ပေးထားသည့် စိစစ်ရေးစာရွက်စာတမ်း ကိုင်ဆောင်ထားသူများအတွက်သာဖြစ်၍ ထိရောက်မှုအနည်းငယ်သာရှိသည်ဟု ကော်မရှင်ကပြောကြားထားသည်။

“အစိုးရ၏ ဆောင်ရွက်ချက်များ ထိရောက်မှုရှိလာစေရန် ရခိုင်ပြည်နယ်တွင် နေထိုင်သူအားလုံးအား နိုင်ငံသားစိစစ်ခံယူရမည့်သူ၏ သက်သေခံကတ်ပြား (NVC) သို့မဟုတ်၊ အမျိုးသားမှတ်ပုံတင်၊ သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ရှိမှုတို့အပေါ် အခြေမခံဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုသင့်ပါသည်” ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ “လွတ်လပ်စွာသွားလာခွင့်သည့် လူသားတိုင်း၏ အခြေခံရပိုင်ခွင့်ဖြစ်သည်”ဟူသော မူဝါဒနှင့် ကိုက်ညီသည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု ဆက်လက် ပြောကြားထားသည်။

ရခိုင်ပြည်နယ်တွင်းရှိ မူဆလင် ၁၂၀,၀၀၀ ခန့်မှာ ယာယီစခန်းများတွင် နေထိုင်နေကြရဆဲဖြစ်ကာ အများစုမှာ အခြေခံကျသည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းခွင့်များ မရရှိကြပေ။ စခန်းများတွင် နေထိုင်နေကြသူများအား ၎င်းတို့နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပြုရန်အတွက် ကြိုးပမ်းမှုများမှာလည်း “တိုးတက်မှုအနည်းငယ်သာ” ရှိသည်ဟု အစီရင်ခံစာတွင် ပြောကြားထားသည်။ ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းများအား ပိတ်သိမ်းနိုင်ရေးအတွက် ပြည့်စုံကုံလုံသော မဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်ရန်ကိုလည်း အစိုးရကို တိုက်တွန်းထားသည်။

ပြန်လည်နေရာချထားရေး/ပြန်လာစေရေး ဆောင်ရွက်ရာတွင်လည်း နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပြီး မိမိသဘောဆန္ဒအလျောက်ဖြစ်ရေး၊ လုံခြုံစိတ်ချစေရေးနှင့် ဂုဏ်သိက္ခာရှိစွာဖြစ်စေရေး အစိုးရက လုပ်ဆောင်သင့်သည်ဟု ဖော်ပြထားသည်။

ကြားကာလတွင် စခန်းများ၌ နေထိုင်သူများ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေး၊ အမိုးအကာ၊ ရေ၊ သန့်ရှင်းရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အခွင့်အလမ်းများ စသည်တို့ကို စခန်းများပိတ်သိမ်းရေး လုပ်ငန်းစဉ်များ မထိခိုက်စေပဲ သေချာအောင်ဆောင်ရွက်သင့်သည်ဟုလည်း အကြံပြုထားသည်။

အဆိုပါအစီရင်ခံစာကို နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မစ္စတာကိုဖီအာနန်က သြဂုတ် ၂၃ ရက်နေ့တွင် နေပြည်တော်၌ ပေးအပ်ခဲ့သည်။

သမ္မတက ယခု အစီရင်ခံစာကို အလေးအနက်ထားစဉ်းစားသွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ အချိန်အခါသည် နိုင်ငံတကာအသိုက်အဝန်းနှင့် မိမိတို့နိုင်ငံအကြား ယုံကြည်မှု ပိုမိုတိုးမြှင့် ရရှိစေရန် ကြိုးပမ်းနေရသည့် အချိန်ကာလလည်းဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံ တွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပကတိအခြေအနေမှန်ကို ကောင်းစွာ နားလည်ပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးခဲ့သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်သည်။

“ကော်မရှင်အနေနဲ့ ရိုးသားပြီး အပြုသဘောဆောင်သည့် အကြံပြုချက်များကို ပေးထားပြီး အဲဒီအကြံပြုချက်များကြောင့် ငြင်းခုံဆွေးနွေးရမှုများ ဖြစ်လာနိုင်တာကို သိရှိရပါတယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က အစီရင်ခံစာနှင့် ပတ်သက်ပြီး ယနေ့ ပြောကြားသည်။

“သို့သော်လည်း ကော်မရှင်က မျှော်မှန်းထားတဲ့ စိတ်ဓာတ်အတိုင်း ချမှတ် အကောင်အထည်ဖော်ခဲ့မယ် ဆိုရင် ကြားဖြတ်အစီရင်ခံစာက အကြံပြုချက်များအပါအဝင် ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေဟာ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစားမှုများ ရရှိလာမယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုက ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် ရေရှည်ဖြေရှင်းပေးနိုင်တဲ့ အဖြေကို ပေးနိုင်မှာ မဟုတ်ပါ” ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

“အစိုးရနဲ့ လူမှုအသိုင်းအဝိုင်း ကဏ္ဍအားလုံးရဲ့ အကူအညီရယူပြီး အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ခြင်း လုပ်ဆောင်နိုင်မှသာ ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာ ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုကို ပိုမို နက်ရှိုင်းစေမည့် အကြမ်းဖက်မှုနဲ့ အစွန်းရောက် လှုပ်ရှားမှုများ သံသရာ လည်ဖြစ်ပွားနေခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်” ဟုလည်း ကိုဖီအာနန်က ပြောဆိုသည်။

အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့အပေါ် အဓိက အဟန့်အတား ဖြစ်စေသည့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ကျယ်ပြန့်သည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားပါသည်။ အကြံပြုချက်များတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးများနှင့် တန်းတူညီမှု ရရှိပိုင်ခွင့်၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်းကိစ္စရပ်၊ IDP ကိစ္စရပ်များနှင့် မူဆလင် လူဦးရေကို အချိုးမညီစွာ သက်ရောက်မှုရှိနေသည့် လွတ်လပ်စွာ သွားလာခွင့် စသည့် ကိစ္စရပ်များကို အလေးပေး ဖော်ပြထားပါသည်။

အစီရင်ခံစာသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနစ်၊ စက်တင်ဘာလမှ စ၍ ကော်မရှင်က ပြုလုပ်ခဲ့သော အစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးပွဲပေါင်း ၁၅၀ ကျော်၏ ရလဒ်ဖြစ်သည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကော်မရှင် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်တဝန်း ကျယ်ပြန့်စွာ သွားလာခဲ့ပြီး ရန်ကုန်၊ နေပြည်တော်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျီနီဗာမြို့တို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြံပြုချက်များအား အကောင်အထည်ဖော်ရေးအတွက် ဝန်ကြီးအဆင့်နှင့်ညီသည့် တာဝန်ရှိသူတစ်ဦးအား ခန့်အပ်ရေးကိုလည်း ကော်မရှင်က အကြံပြုထားသည်။ ၎င်းအား ဦးစွာ တစ်နှစ်ကာလ ခန့်အပ်ပြီးနောက် ပြည်သူများထံ သုံးလတစ်ကြိမ်အစီရင်ခံသင့်သည်ဟုလည်း ပြောကြားထားသည်။

“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် မူဝါဒများကို ညှိနှိုင်း ပေါင်းစပ်ပေးသည့် တာဝန်တစ်ခုတည်းကိုသာ ယူသည့် ဝန်ကြီးအဆင့် တာဝန်ခံတစ်ဦး ခန့်အပ်ရန် ကျွန်တော်တို့ အဆိုပြုထားပါတယ်” ဟု ကိုဖီအာနန်က ပြောကြားသည်။

“ဝန်ကြီးအဆင့် ရှိသည့် တာဝန်ခံသည် လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် အတွက် လုံလောက်သည့် ဝန်ထမ်းအင်အားနဲ့ ဖွဲ့စည်းထားတဲ့ အမြဲတမ်း အထောက်အကူပြုအဖွဲ့ (Secretariat) မှ လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးရပါမယ်။ ထိုအထောက်အကူပြုအဖွဲ့သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ရမည် ဖြစ်ပြီး ဗဟိုကော်မတီ၏ လုပ်ငန်းများကိုလည်း အထောက်အပံ့ပြုရပါမည်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သတင်း-အိုလီဗာ ဆလိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar