၁၀ နှစ်အတွင်း ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းနီးပါးကို တရားမဝင် တင်ပို့ခဲ့ဟု လွှတ်တော်တွင် ထောက်ပြ

ဉာဏ်လှိုင်လင်း

လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ကျောက်စိမ်းထုတ်လုပ်မှုပမာဏ စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကိုသာ တရားဝင် တင်ပို့နိုင်ခဲ့တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးထွန်းထွန်းဦးရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

အဲဒီ ၁၀ နှစ်တာကာလအတွင်းမှာ ကျောက်စိမ်း ကီလိုဂရမ်ပေါင်း ၃၆၁ သန်းအထိ ထုတ်လုပ်ခဲ့ပြီး အဓိက အကျဆုံး ဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံက တရားဝင်တင်သွင်းတဲ့ ကျောက်စိမ်းပမာဏဟာ ကီလိုဂရမ် ၇၂ သန်းသာ ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး၊ အမှတ် ၂ မဲဆန္ဒနယ် အမတ်က ပြောလိုက်တာပါ။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးကြတဲ့ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးနေခြင်းကို အမျိုးသားရေးတာဝန်အဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်းအဆိုမှာ ပါဝင်ဆွေးနွေးစဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တရားဝင် သယ်ပို့ရောင်းချရင် နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်များကို တိမ်းရှောင်လို့ ရတာရယ်စတဲ့ အကြောင်းအရင်းတွေများစွာ ရှိပါတယ် ”လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဝင်လည်းဖြစ်သူ ဦးထွန်းထွန်းဦးက ဆိုတယ်။

ဒါ့အပြင် ကျောက်စိမ်းထွက်ရှိတဲ့နေရာတွေဟာ ထိန်းချုပ်ဖို့နဲ့ စီမံခန့်ခွဲဖို့ အလွန်ခက်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေရှိရာ ဒေသတွေမှာဖြစ်နေခြင်း၊ ကျေက်စိမ်းကရတဲ့ ဝင်ငွေဟာ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်နေခြင်း၊ အကျိုးအမြတ်ကြီးလွန်းတဲ့ လုပ်ငန်းဖြစ်လို့ အာဏာရှိသူတွေ၊ ငွေရှင်ကြေးရှင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက် ဆက်နွယ်နေခြင်းတို့ကြောင့် အလားတူအဖြစ်မျိုးတွေ ကြုံတွေ့နေရတာလို့လည်း သူက ထောက်ပြပါတယ်။

လက်ရှိအချိန်မှာလည်း ကျောက်စိမ်းအဓိကထွက်ရှိရာ ကချင်ပြည်နယ်ဖားကန့်မှာ လုပ်ကွက်ဧရိယာ ဧက ၃၅,၀၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့အစိုးရသက်တမ်း ကုန်ခါနီးမှာ ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ လိုင်စင်ပေါင်း ၂၀,၀၀၀ ကျော် ချထားပေးခဲ့တာကိုလည်း ဦးထွန်းထွန်းဦးက ထည့်သွင်းဝေဖန်ခဲ့ပါသေးတယ်။

“ကာလတိုအတွင်းမှာ ဧရာမ စက်ယန္တရားကြီးတွေသုံးပြီး များများနဲ့ မြန်မြန် အတင်းအဓမ္မ တူးဖော်ဖြိုခွဲ ထုတ်လုပ်ကြပါတော့တယ်”လို့ သူက ပြောခဲ့ပါတယ်။

ဒီအချက်အလက်တွေကို ဘယ်နေရာက ရယူပါသလဲလို့ မေးမြန်းကြည့်ရာမှာတော့ မြန်မာနိုင်ငံ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီးစောင့်ကြည့်နေတဲ့ MEITI၊ ပဋိပက္ခတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေမှုတွေရဲ့ နောက်ကွယ်က စီးပွားရေးလုပ်ငန်းတွေကို စုံစမ်း ဖော်ထုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ Global Witeness တို့ရဲ့ အစီရင်ခံစာတွေကနေ ကောက်နုတ်ထားတာလို့ သူက ပြောတယ်။

ဒါနဲ့ပတ်သက်လို့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ရော သက်ဆိုင်ရာအဖွဲ့အစည်းတွေထံကပါ သီးခြားအတည်ပြုချက်ရဖို့ Frontier က ကြိုးပမ်းနေပေမယ့် မရရှိသေးပါဘူး။။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကတော့ ကိုယ်စားလှယ်ခြောက်ဦးဆွေးနွေးအပြီးမှာ အစီအစဉ်ကို ရပ်နားလိုက်ပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမယ်လို့ ကြေညာလိုက်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.