ဦးဟန်ညောင်ဝေကို ပြည်ဝင်ခွင့် ပိတ်မထားဟု အစိုးရက တုန့်ပြန်

နေပြည်တော်၊ ဇွန် ၂၂

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ရဲ့ သားငယ်ဖြစ်သူ ဦးဟန်ညောင်ဝေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

“ဦးဟန်ညောင်ဝေအနေနဲ့ မြန်မာနိုင်ငံကို အချိန်မရွေး ဝင်ထွက်နိုင်ပါတယ်။ ကျန်တဲ့သူတွေ ဝင်ထွက်သလို နှစ်ရှည်တော့ မရတော့ဘူး။ Social Visa (လူမှုရေးဗီဇာ) နဲ့ ဝင်လို့ ရပါတယ်။ သံရုံးတွေဘာတွေကိုလည်း ပြောထားပြီးဖြစ်ပါတယ်” လို့ ဇွန် ၂၁ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်ဝင်းအတွင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားလိုက်တာပါ။

ဘယ်လ်ဂျီယန်နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံး(Euro Burma Office) ရဲ့ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ဦးဟန်ညောင်ဝေကို မြန်မာ အစိုးရက ပြည်ဝင်ခွင့်ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် အစိုးရက အခုလို ပြန်လည်ရှင်းလင်းတာဖြစ်ပါတယ်။

ဦးဟန်ညောင်ဝေရဲ့ EBO အနေနဲ့ အရင်စိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တာဝန်ယူခဲ့တဲ့အဖွဲ့အစည်းဖြစ်တဲ့ Myanmar Peace Center နဲ့ ပူးပေါင်းဆောင်ရွက်တာရှိတဲ့အတွက် မြန်မာနိုင်ငံကို အကြိမ်ကြိမ် ဝင်ထွက်နိုင်တဲ့ Multiple Visa ၎င်းကို ပေးထားပေမယ့် လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတော့တဲ့အတွက် Social Visa နဲ့သာ ဝင်ထွက်ခွင့်ပြုတော့မယ်လို့ အစိုးရဖက်က ဆိုလိုတာဖြစ်ပါတယ်။

အစိုးရက အခုလိုထုတ်ဖော်ပြောဆိုတာနဲ့ ပတ်သက်ပြီး ဦးဟန်ညောင်ဝေဖက်က တုန့်ပြန်မှု တစ်စုံတစ်ရာကိုတော့ မရရှိသေးပါဘူး။

သူဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်၊ တပ်မတော်က အာဏာသိမ်းမှုအပြီး နောက်တစ်နှစ်မှာပဲ ပြည်ပကိုထွက်ခွာသွားပြီး အခြေချနေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar