ဦးဝီရသူ၏ ပုသိမ်တရားပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ခံရ

ပုသိမ်၊ ဖေဖော်ဝါရီ ၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီ ပြီးခဲ့သည့် တနင်္ဂနွေနေ့က လုပ်ကြံခံရပြီးနောက် အစ္စလာမ်များအား တိုက်ခိုက်ဟောပြောလေ့ရှိသူ ဦးဝီရသူ၏ တရားပွဲတစ်ခုကို အာဏာပိုင်များက ပိတ်ပင်လိုက်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် ဦးဝီရသူ၏ တရားပွဲကို ဖျက်သိမ်းလိုက်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ အာဏာပိုင်များက ကြာသပတေးနေ့တွင် အေအက်ဖ်ပီကို ပြောကြားသည်။ ဦးဝီရသူသည် မဘသဟု လူသိများသည့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

“လက်ရှိ လုံခြုံရေးအခြေအနေကြောင့် ဦးဝီရသူရဲ့တရားပွဲကို တားမြစ်လိုက်ပါတယ်” ဟု အမည်မဖော်လိုသူ ဒေသအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ကာ တင်းမာမှုများ ဖြစ်ပွားလာအောင် လှုံ့ဆော်နိုင်သည့် ရေးသားမှုများကို ကန့်သတ် တားဆီးနိုင်ရန် အစိုးရအနေဖြင့် ကြိုးစားနေသည်ဟုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက အေအက်ဖ်ပီကို ပြောကြားသည်။

တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရေးအတွက် ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်ပွားလာစေရေးအတွက် ဦးတည်ကာ ကြမ်းတမ်းသည့် စကားလုံးများသုံးဆွဲပြီး လူမှုကွန်ယက်ပေါ်တွင် သတင်းအမှားများ ဖြန့်ချိနေမှုများကိုလည်း သတိရှိကြရန် ဝန်ကြီးဌာနက သတိပေးထားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ထို့သို့ ပုသိမ်မြို့တွင် တရားပွဲ ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး ဦးဝီရသူက “စေတနာမွဲသည်”ဟု ဝေဖန်လိုက်သည်။

“ ပြောရမယ် ဆိုရင်တော့ စေတနာ မွဲတာပေါ့နော်။ စေတနာမွဲတော့ လုံခြုံရေး တာဝန် မယူနိုင်လို့ ဆိုပြီးတော့ အကြောင်းပြတာပေါ့” ဟု ဦးဝိရသူက ပြောကြားကြောင့် ယနေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar