ဦးမျိုးရန်နောင်သိမ်းကို ထောင်ဒဏ်ခြောက်လ ချမှတ်

ရန်ကုန်၊ ဧပြီ ၇

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိမ်းကို ထောင်ဒဏ် ခြောက်လကျခံစေရန် ကမာရွတ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်စခန်းများအား စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ထားသည့် စာသားများကို လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သည်ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုတေသနအဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သူ ဦးမျိုးရန်နောင်သိမ်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင်ဖမ်းဆီးပြီးကတည်းက ၎င်းအား အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခြင်း ဖြစ်သည်။ ထိုအချိန်က စတင်ကာ ချုပ်နှောင်ထားသည့် ရက်များအား ထည့်သွင်းတွက်ချက်ပါက နောက်ထပ် ရက်သတ္တပတ် သုံးပတ်အကြာတွင် ၎င်း၏ ပြစ်ဒဏ် ရက်စေ့မည်ဖြစ်သည်။

ကိုမျိုးရန်နောင်သိမ်းသည် အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်က ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် “ပြဿနာက ကိုယ့်အလုပ် ကိုယ်မလုပ်တာ” စသည့် စာသားများပါဝင်သော စာများကို ရေးသားခဲ့ခြင်းကြောင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ရေးသားမှုနှင့်ပတ်သက်ပြီး ပုဒ်မ ၆၆/ဃ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်မြင်တာကတော့ အကြောင်းအရာပေါ်မှာပဲ ချသင့်တယ်။ ဒါက အသုံးအနှုန်းပေါ်မှာချတာ ထူးဆန်းတယ်လို့မြင်ပါတယ်” ဟု စီရင်ချက်ချအပြီးတွင် ဦးမျိုးရန်နောင်သိမ်းက သတင်းထောက်များကို ပြောကြားသည်။

“ဒါကတော့ မရ ရအောင်ချမယ်ဆိုတဲ့ သဘောလို့ ကျွန်တော်မြင်ပါတယ်။ ဒါကတော့ ကာချုပ်ဆိုရင် မထိနဲ့လို့ဆိုတဲ့ သဘောအတိုင်း သက်ရောက်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် လူပေါင်း ၆၁ ဦး တရားစွဲခံခဲ့ရပြီးဖြစ်သည်။ ထိုအထဲတွင် ၅၄ ဦးမှာ လက်ရှိအစိုးရလက်ထက်တွင် ဖြစ်သည်။

အဆိုပါပုဒ်မဖြင့် ၂၀၁၅ ခုနှစ်က ထောင်ချခံခဲ့ရသူ ကဗျာဆရာ မောင်ဆောင်းခက အဆိုပါဥပဒေကို လက်ရှိအစိုးရအနေဖြင့် ပြင်ဆင်ရန် လိုအပ်နေပြီး မပြင်ဆင်နိုင်ပါက ထိုကဲ့သို့အမှုများ နောက်ထပ်များစွာ ပေါ်လာဦးမည်ဟု ပြောကြားသည်။

သတင်း- ဆုမြတ်မွန်နှင့် ရှောင် ဂလေစင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar