ဦးဖြိုးမင်းသိန်း ပြုတ်မလား၊ ဒေါက်တာသန်းထွဋ်အောင် ထောင်ကျမလား

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလဲဗင်းမီဒီယာက တာဝန်ရှိသူတွေကို ၆၆(ဃ)နဲ့ တရားစွဲဆိုလိုက်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းကျင့်ဝတ်များအကြောင်း ဆွေးနွေးစရာတွေ ပေါ်ထွက်ပွက်လောရိုက်ခဲ့ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ အလဲဗင်း နေ့စဉ်သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ်ပိုင်ရှင်လည်းဖြစ် အမှုဆောင်အရာရှိချုပ် CEO လည်းဖြစ်တဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ယောက်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တာမွေရဲစခန်းမှာ အမှုဖွင့် အရေးယူထားတဲ့ သတင်းပါပဲ။

ခုလို အမှုဖွင့် ဖမ်းဆီးသည်အထိ ဖြစ်လာတဲ့ အယ်ဒီတာ့အာဘော်ဟာ ပြည်တွင်းက အလဲဗင်းသတင်းစာ၊ ဂျာနယ်၊ အလဲဗင်းဝက်ဘ်ဆိုက်၊ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြခဲ့ရုံမက စင်ကာပူ The Straits Times နဲ့ ANN အာရှသတင်းကွန်ရက် ၂၁ နိုင်ငံက သတင်းစာ ၂၂ စောင်နဲ့ ဝက်ဘ်ဆိုက်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံခဲ့ရတဲ့အတွက် နိုင်ငံတကာ မီဒီယာအသိုင်းအဝိုင်းကလည်း အခု သတင်းကို စိတ်ဝင်စားပါတယ်။

ဒါတင်မက ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ နှစ်ယောက်ကို ဖမ်းဆီးပြီးနောက်ပိုင်း နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ Amnesty International, Asia News Network, CPJ, WAN-IFRA စတဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက် ထုတ်ပြန်တာ၊ အမြန် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ လုပ်ခဲ့ကြပါတယ်။

ပြည်တွင်းတင်မက ပြည်ပ မီဒီယာတွေကပါ စိတ်ဝင်စား ဝင်ပါလာကြတဲ့ ဒီပြဿနာ ဘယ်လို ဖြစ်ပေါ်လာတယ်၊ ပြည်တွင်းက သတင်းမီဒီယာလောကမှာ ဘယ်လို ဂယက်ရိုက်ခတ်စေတယ်၊ နောက်ထပ် ဘာတွေ ဆက်ဖြစ်လာနိုင်လာမလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံပေါင်းများစွာမှာ ပုံနှိပ်ထုတ်ဝေ ဖော်ပြခဲ့ပြီး မြန်မာဘာသာနဲ့ ပြည်တွင်းမှာ ထုတ်ဝေခဲ့တဲ့ အဲဒီ အယ်ဒီတာ့အာဘော်မှာ ဒေါက်တာသန်းထွဋ်အောင်က အင်န်အယ်လ်ဒီ အစိုးရ အနိုင်ရတဲ့ ရွေးကောက်ပွဲ အပြီး တစ်နှစ်ကျော်အကြာကာလ တိုင်းပြည်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ၊ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဖြစ်လာတာ စတဲ့အခြေအနေတွေ ဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွက် စိတ်ပျက်ဖွယ် အခြေအနေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း အစိုးရက တရားစွဲဖို့အထိ ဖြစ်လာစေတဲ့ စာပိုဒ်မှာတော့ ခုလို ဖော်ပြထားပါတယ်။ “ ယခင်အစိုးရလက်ထက်က အရှိန်ရနေသော Corruption and Cronyism က ပိုပြီး အရှိန်ရလာသည်။ တိုင်းပြည်၏ ကြွယ်ဝချမ်းသာမှု အများစုကို ထိန်းချုပ်ထားသော ခရိုနီလူတန်းစားနှင့် မနေ့တစ်နေ့က အာဏာရလာသော NLD အစိုးရသစ်တို့အကြား ဆက်နွှယ်မှုက လူတွေကို စိတ်ပျက်စေသည်။ ယခင်ခြစားပြီးသော ဗျူရိုကရေစီ ယန္တရားနှင့် လက်ရှိ သက်တမ်း ခုနစ်လသား အစိုးရထိပ်ပိုင်းတို့ ဆက်နွှယ်မှုကလည်း လူတွေအဖို့ စိတ်ပျက်စရာ။ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော သက်တမ်း ခုနစ်လသာ ရှိသေးပြီး လစာ ဒေါ်လာ ၂,၅၀၀ခန့်သာရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာ တစ်သိန်းခန့်တန်သည့် Patek Phillipe နာရီ ဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့ အနည်းဆုံး လုပ်ခ နှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရ အကူးအပြောင်းမှာ မြို့သစ် စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။ မိမိနှင့် ခင်မင်သည့် Patek Phillipe နာရီကို စွဲစွဲမြဲမြဲ ဝတ်ဆင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးကမူ ယင်းနာရီကို မည်သူက ပေးသည် အတည်ပြုလို့ မရသော်လည်း သူနှင့် ဝန်ကြီးချုပ်တို့ တွေ့ချိန် နှစ်ကြိမ်စလုံး ယင်းနာရီကို ဝန်ကြီးချုပ် ဝတ်ဆင်ထားသည်ဟု ဆိုသည် ” ဆိုပြီး ဖော်ပြထားပါတယ်။

အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွင်း ခရိုနီတွေနဲ့ပေါင်းပြီး အကျင့်ပျက် လာဘ်စားမှုတွေ လုပ်နေတယ်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ဒေါ်လာတစ်သိန်းတန် နာရီလက်ဆောင် လက်ခံရယူမှုက နမူနာပဲ၊ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရကို ပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်စေတယ်လို့ အဓိပ္ပာယ် ထွက်စေပါတယ်။

အယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ် တစ်ယောက်လို့ပဲ ဖော်ပြထားပေမဲ့ ကျန်တဲ့အချက်အလက်တွေနဲ့ ဆက်စပ်ကြည့်ရင် ဒီဖော်ပြချက်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရည်ညွှန်းတယ်ဆိုတာ လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ အာဘော်ကို ခြုံငုံသုံးသပ်လိုက်ရင် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွင်း ခရိုနီတွေနဲ့ပေါင်းပြီး အကျင့်ပျက် လာဘ်စားမှုတွေ လုပ်နေတယ်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ဒေါ်လာတစ်သိန်းတန် နာရီလက်ဆောင် လက်ခံရယူမှုက နမူနာပဲ၊ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရကို ပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်စေတယ်လို့ အဓိပ္ပာယ် ထွက်စေပါတယ်။

ဒီလို ကြီးမားတဲ့ စွပ်စွဲမှုတွေ ဖြစ်နေတာ၊ ဒီရေးသားချက်ကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မလွှဲမရှောင်သာဘဲ သတင်းစာရှင်းလင်းပွဲ လုပ်၊ ရှင်းပြရတဲ့ကိန်း ဆိုက်သွားပါတော့တယ်။

အဲဒီလို မရှင်းပြခဲ့ရင် သူဟာ ကြီးမားတဲ့ အဂတိလိုက်စားသူအဖြစ် ထင်မြင်ခံရနိုင်သလို၊ အစိုးရအဖွဲ့ရဲ့ အရေးယူစစ်ဆေးခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတောင် ခံရနိုင်လို့ပါပဲ။ နောက်တော့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်၊ ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ နှစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းတဲ့အဆင့်ထိ ရောက်သွားစေခဲ့ပါတယ်။

ခုလို သတင်းမီဒီယာတစ်ခုက ပိုင်ရှင်နဲ့ အယ်ဒီတာချုပ်တစ်ယောက်ကို တရားရင်ဆိုင်နေရစဉ် အတွင်း အာမခံမရတဲ့၊ ချုပ်နှောင်ခံပြီး တရားရင်ဆိုင်စေရမယ့် ပုဒ်မ ၆၆(ဃ) နဲ့ အရေးယူတာကို ပြည်တွင်းက မီဒီယာ အဖွဲ့အစည်းတွေက လက်မခံကြပါဘူး။ ဒီအတွက် ကြေညာချက်တွေထုတ် ကန့်ကွက်ကြပါတယ်။

အခြားတစ်ဘက်မှာလည်း ဒေါက်တာသန်းထွဋ်အောင် ရေးသားတဲ့ အဲဒီ အချက်အလက်တွေ မှန်ကန်တယ် ဆိုပြီး ပြည်တွင်းက ဘယ်ဂျာနယ်လစ်ကမှ မယုံကြည်ကြသလို၊ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ရေးခဲ့တယ်လို့လည်း မယူဆကြပါဘူး။

ဒါပေမဲ့ အဲလို ကျင့်ဝတ်နဲ့အညီ မရေးတာ၊ အချက်အလက်တွေ မှန်ကန်မှု မရှိဘူးဆိုတာကိုလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်းမီဒီယာဘက်က ဝန်မခံသလို၊ မှားယွင်းကြောင်း ထုတ်ပြန်ကြေညာ တောင်းပန်တာမျိုးလည်း ဒီနေ့အချျိန်ထိ မလုပ်ပါဘူး။

နောက်ထပ် ပိုပြီးဆိုးရွားစေတာ တစ်ခုက အခု ဖမ်းဆီးခံနေရတဲ့ ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်း မီဒီယာကိုယ်တိုင် သူတို့ ရေးသားဖော်ပြတာကို ဝေဖန်တယ်ဆိုပြီး တခြားမီဒီယာသမားတွေနဲ့ လူပုဂ္ဂိုလ်ပေါင်းများစွာကို ပုဒ်မ ၆၆(ဃ) နဲ့ အမှုပေါင်း ၁၀ မှုကျော် တရားစွဲထားတဲ့ ကိစ္စပါ။

ဒါတင်မက ပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ပုဒ်မ ၃၄(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ စတာတွေအပြင် ငွေကြေးကျပ်သိန်း ထောင်သောင်းချီ ရလိုတဲ့ တရားမမှုတွေနဲ့လည်း ဂျာနယ်လစ်တွေ၊ လူပုဂ္ဂိုလ်တွေကို အမှုပေါင်း ၂ ဒါဇင်ဝန်းကျင် စွဲခဲ့ပါသေးတယ်။

ဒီလိုနဲ့ အလဲဗင်းရဲ့ အမှုဟာ ပြည်တွင်း သတင်းမီဒီယာလောကမှာ ငြင်းခုံစရာ ပြဿနာကြီးတစ်ခု ဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားရုံးမှာ ဒေါက်တာသန်းထွဋ်အောင်က သူ ရေးတာ မှန်ကြောင်း သက်သေပြနိုင်ရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြုတ်သွားနိုင်ပြီး၊ မတရားစွပ်စွဲရေးသားခဲ့တယ် ဆိုရင်တော့  ထောင်ဒါဏ်ချမှတ်ခံရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.