ဦးဇော်ဝင်းအပါအဝင် လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် လေးဦး နုတ်ထွက်

ရန်ကုန်၊ အောက်တိုဘာ ၆

အင်းဝအပ်ချုပ်ဆိုင်အမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ခံနေရသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ဦးဇော်ဝင်းအပါအဝင် အဖွဲ့ဝင် လေးဦးအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်သည့် အဆိုပါ အမိန့်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၁၇ ပါ ပြဋ္ဌာန်းချက်အရ ကော်မရှင်အဖွဲ့ဝင်များကို ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

ပုဒ်မ ၁၇ တွင် ကော်မရှင် ဥက္ကဋ္ဌမှအပ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလ ျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို ကော်မရှင်ဥက္ကဋ္ဌမှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး နုတ်ထွက်နိုင်သည်ဟု ဖော်ပြထားသည်။

ရာထူးမှ နုတ်ထွက်သွားသူများမှာ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာသန်းနွဲ့နှင့် ဒေါ်မြမြတို့ ဖြစ်ကြသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေကြသည့် အသက်မပြည့်သေးသည့် အိမ်အကူများကို နှိပ်စက်ပြီး လစာမပေးပဲ ခိုင်းစေခဲ့သည်ဆိုသည့် အမှုကိစ္စအား ကိုင်တွယ်ဖြေရှင်းရာတွင် လျော်ကြေးပေး ကျေအေးစေမှုကို လက်ခံခဲ့သည့်အတွက် ကော်မရှင်အဖွဲ့ဝင်အချို့မှာ ဝေဖန်မှုများ ခံနေရသည်။

ကော်မရှင်၊ ရဲအရာရှိ၊ နှိပ်စက်ခံရသည့် ကလေးမိခင်များနှင့် ကျူးလွန်သူဟု ယူဆရသူများ ကော်မရှင်ရုံးတွင် စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သည့် ညှိနှိုင်းမှုတွင် ရာဇဝတ်မှုမြောက်သဖြင့် အမှုဖွင့်ရန်သင့်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ကော်မရှင်ထံ ပြောကြားခဲ့သည်ဆိုသော်လည်း ကော်မရှင်ကမူ နှစ်ဖက်ညှိနှိုင်းကာ ကြီးသည့်အမှု ငယ်ရန်၊ ငယ်သည့်အမှု ပပျောက်ရန် ဆောင်ရွက်ရေးအတွက်သာ တိုက်တွန်းခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုကဲ့သို့ လျော်ကြေးငွေပေးကာ နှစ်ဖက်ကျေအေးခဲ့မှုနှင့် ပတ်သက်ပြီး ”မှန်ခြင်း၊ မှားခြင်းသည် ၎င်းတို့ ကော်မရှင်နှင့် သက်ဆိုင်ခြင်းမရှိ” ဟု ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ပြီးခဲ့သည့်လက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စကြောင့် လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က စက်တင်ဘာ ၂၆ ရက်နေ့တွင် တခဲနက် အတည်ပြုခဲ့ကြပြီးဖြစ်သည်။

ဦးဝင်းမြ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar