ဦးကျော်ကျော်မောင်အား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပြန်လည်လျာထားမှုကို လွှတ်တော်အမတ်များ ဝေဖန်

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဇူလိုင် ၃၁ ရက်နေ့တွင် ရာထူးသက်တမ်းပြည့်မည်ဖြစ်သည့် ဦးကျော်ကျော်မောင်အား ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ရန် သမ္မတ၏ အဆိုပြုမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်လိုက်သည်။

“အရင်လူပြန်ခန့်တယ်။ အရင်အတိုင်းပဲ ပြန်သွားမှာပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“အရင်အတိုင်းဆိုတာ အစိုးရလိုငွေတွေကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးနေမယ်။ ဈေးကွက်က inflation (ငွေကြေးဖောင်းပွမှု) တက်နေမယ်။ ကုန်ဈေးနှုန်းတွေက တက်နေမယ်။ ဒါကို ကာမိအောင် အစိုးရက ကြိုးစားရင်းနဲ့ ဗဟိုဘဏ်ကနေ တခါ ထပ်ပြီးတော့ ငွေတွေ ရိုက်ထုတ်ခိုင်းမယ်။ ဒီလိုပဲ အရင်ခေတ်တုန်းကလည်း ဒါတွေပဲ ကြုံခဲ့တာပဲ။ ငွေကြေးနဲ့ ပတ်သက်ပြီး ဒီအတိုင်းပဲဆက်သွားနေမှာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် စစ်အစိုးရလက်ထက် ၁၉၉၇ မှ ၂၀၀၇ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန်ယူခဲ့ဖူးသည့် ဦးကျော်ကျော်မောင်အား ၂၀၁၃ ခုနှစ်၊ ဗဟိုဘဏ်ဥပဒေအရ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန်က အဆိုပြုခဲ့ပြီးနောက် အဆိုပါရာထူး ရရှိလာခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ ဥက္ကဋ္ဌသည် ရာထူးသက်တမ်း နှစ်ဆက်အထိ တာဝန်ထမ်းဆောင်နိုင်သည်။

ဗဟိုဘဏ်အား ဦးဆောင်မည့်သူ အပြောင်းအလဲဖြစ်လာရန် မျှော်လင့်နေကြသူများမှာ သမ္မတ၏ ဇူလိုင် ၂၆ ရက်နေ့က အဆိုပြုချက် ကြောင့် စိတ်ပျက်သွားခဲ့ကြသည်။

“ကျွန်တော်တို့တော့ သိပ်သဘောမကျဘူး။ ကျွန်တော်တို့က အသစ်လိုချင်တယ်။ ပြီးတော့ တကယ် reform (ပြုပြင်ပြောင်းလဲမှု) လုပ်နိုင်တဲ့သူ၊ နောက်ဗဟိုဘဏ်ကလည်း independence (လွတ်လွတ်လပ်လပ်) ဖြစ်ပြီးတော့ ဘဏ် facility (ပံ့ပိုးမှု) တွေ ပိုကောင်းလာမယ်။ နောက် နိုင်ငံခြားဘဏ်တွေ ဝင်လာမယ်။ ဝင်ခွင့်ပြုမယ်။ အဲဒါမျိုးကို ကျွန်တော်တို့က မျှော်လင့်တာ။ reform လုပ်မယ့်လူကို လိုချင်တာ။ အသစ်ကို လိုချင်တာ” ဟု အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

“(လွှတ်တော်မှာ)ဆွေးနွေးစရာကတော့ လက်ရှိ inflation rate ၉(ငွေကြေးဖောင်းပွမှုနှုန်း) ကို မထိန်းနိုင်ဘူး။ နောက် exchange rate (ငွေလဲလှယ်နှုန်း) ကို မထိန်းနိုင်ဘူး။ လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌအနေနဲ့။ အဲဒါတွေ ထိန်းဖို့ ဘာမှလည်း မတွေ့ရဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးနိုင်သည့် အရည်အချင်းရှိကာ ငယ်ရွယ်ပြီး ပြုပြင်ပြောင်းလဲရေးဘက်သို့ အားသန်သူများ ရှိနေပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

အသက် ၇၉ နှစ်ရှိ ဦးကျော်ကျော်မောင်အား ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်မည့် ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် မေလတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ရာထူးမှ နုတ်ထွက်သွားခဲ့ပြီး နောက်ပိုင်းတွင်မှ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Frontier က သိရှိထားသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖွယ်ရှိသည့် ဦးစိုးဝင်းအား ဦးကျော်ဝင်းနေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ စီမံဘဏ္ဍာဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌတို့အား အလျှင်အမြန် အစားထိုး ပြောင်းလဲခန့်အပ်ခြင်းက လှုပ်ခတ်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု အစိုးရတွင်းမှ အချို့က ယူဆထားကြသည်။

“အစိုးရရဲ့ပေါ်လစီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ သွားချင်တဲ့ သဘောရှိတယ်။ တည်ငြိမ်မှုကို ဦးစားပေးတယ်။ ကျွန်တော်တို့ကတော့ ပြုပြင်ပြောင်းလဲမှုကို ဦးစားပေးချင်တယ်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း ဗဟိုဘဏ်ကို အများကြီး ပြောင်းလဲစေလိုသည်ဟု ပြောကြားသည်။

“အဲဒီတော့ ဒီဥက္ကဋ္ဌအစား တခြား လုပ်နိုင်ကိုင်နိုင်ရှိပြီးတော့ ကျွန်မတို့ ပြည်တွင်းမှာလည်း ပညာရှင်တွေ များစွာ ရှိတယ်။ အဲဒီပညာရှင်တွေထဲကနေပြီးတော့ လုပ်ရည်ကိုင်ရည်ရှိပြီးတော့ အရွယ်အားဖြင့်ရော၊ ကျန်ရှိနေတဲ့ ကျွန်မတို့ အစိုးရရဲ့ သက်တမ်းမှာ အားကောင်းမောင်းသန် လုပ်နိုင်မယ့် ပုဂ္ဂိုလ်မျိုးကို ကျွန်မတို့ မျှော်လင့်ထားတယ်” ဟု ၎င်းကပြောကြားသည်။

“ဦးကျော်ကျော်မောင် ပြန်ဖြစ်မယ်ဆိုရင်လည်း ယခင်ကတည်းက ဗဟိုဘဏ်ကို ထိန်းကျောင်းလာခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့အခါမှာတော့ အခက်အခဲလည်း သိပ်မရှိဘူး။ ပိုပြီးတော့ အပြောင်းအလဲတွေ အများကြီးဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ကျွန်မတို့ မမျှော်လင့်ဘူး” ဟု ၎င်းကပြောသည်။

“ပြောချင်တာက သူ့အနေနဲ့တော့ ထိန်းကျောင်းထားနိုင်မယ်။ ဒါပေမယ့် လက်ရှိထက်ပိုပြီးတော့ တိုးတက်ပြီးတော့ ကောင်းအောင် လုပ်နိုင်ဖို့ရာ အခြေအနေတစ်ခုကိုတော့ သူ့ဘက်က ကျွန်မတို့က မျှော်လင့်ထားလို့တော့ မရဘူး” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“လူကြီးတွေပဲ ရွေးချယ်ကြတဲ့အပေါ်မှာတော့ ကျွန်မတို့က ထွေထွေထူးထူးပြောစရာတော့ မရှိဘူး။ ဦးကျော်ကျော်မောင်က အတွေ့အကြုံရှိတဲ့ လူဟောင်းတစ်ယောက်အနေနဲ့ သူတို့ လူကြီးတွေအနေနဲ့ ယုံကြည်စိတ်ချတယ်လို့ ကျွန်မတို့ မြင်တယ်” ဟု ၎င်းကပြောသည်။

ဦးကျော်ကျော်မောင်အား ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် သမ္မ၏ အဆိုပြုမှုကို လာမည့်ရက်သတ္တပတ်တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးကြမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.