ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် မိတ်ဆွေများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူဆွေးဝမ်းနည်း

နေပြည်တော်၊ ဇန်နဝါရီ ၃၀

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်တွင် ယမန်နေ့ညနေက သေနတ်ဖြင့် အနီးကပ် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည့် ရှေ့နေကြီး ဦးကိုနီအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အမျိုးသားလွှတ်တော်သို့ ယနေ့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက အနက်ရောင်ဖဲကြိုးများ တပ်ဆင်လာကြသည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီသေဆုံးမှုအတွက် အဖွဲ့ချုပ် ကိုယ်စားလှယ်အများစုက ဖဲကြိုးနက်များ တပ်ဆင်လာကြခြင်း ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်ဦးရေမည်မ ျှ တပ်ဆင်လာသည်ကိုမူ မသိရှိရသေးပေ။

ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အပြင်ဘက်တွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ဦးကိုနီနှင့် တက္ကသိုလ်တွင် ဥပဒေသာရပ်အတူ ဆည်းပူးခဲ့သူ အမျိုးသားလွှတ်တော်၊ ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “အခြေခံဥပဒေကို အရည်ကြိုသောက်ထားတဲ့ ဥပဒေပညာရှင်တစ်ယောက်ကို ဆုံးရှုံးရတာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုပါပဲ”ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း “ပါတီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ နောက်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဒီလိုလုပ်ကြံမှုဟာ အလွန်မကောင်းတဲ့ အခြေအနေတစ်ခုပါ”ဟု ပြောကြားခဲ့သည်။

ဖဲကြိုးနက်များ တပ်ဆင်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဖဲကြိုးနက်များ တပ်ဆင်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဦးကိုနီနှင့် ရင်းနှီးသည့် အစ္စလာမ်သာသနာရေးရာကောင်စီဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကလည်း ယခုလို လုပ်ကြံမှုသည် အလွန်ရက်စက်သည့်ဖြစ်ရပ် ဖြစ်သည်ဟု ပြောကြားသည်။

“ဦးကိုနီဟာ သူတတ်ကျွမ်းတဲ့ ဥပဒေပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ကိုလေယာဉ်ကွင်းမှာ လုပ်ကြံသတ်ဖြတ်သူဟာ အင်မတန်မှ ပက်စက်လွန်းပါတယ်။ လုပ်ကြံတဲ့သူဟာ ဘယ်သူတုန်းလို့မေးရင် ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အသက်အရွယ်၊ အတွေ့အကြုံအရ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ဆွဲတင်ဖို့ သူ့ရဲ့အသက်အိုးအိမ်စည်းစိမ် ပဓာနမထားပဲ တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ ဦးစားပေးတဲ့ပုဂ္ဂိုလ်ကို သုတ်သင်တဲ့မှုဟာ အင်မတန် ရိုင်းစိုင်းယုတ်မာတဲ့ကိစ္စဖြစ်သလို စနစ်တကျ လုပ်ကြံမှုမဟုတ်ဘဲနဲ့တော့ သူ့ကို ဒီလိုလွယ်လွယ်လုပ်ကြံသွားတယ်လို့မထင်ပါဘူး။

“ဒီလိုလေဆိပ်ကြီးထဲမှာ ဥပဒေမဲ့သယ်လာတဲ့ လက်နက်နဲ့ အနီးကပ်အေးအေးဆေးဆေးနဲ့ လုပ်ကြံသွားတာကို ကြည့်ရခြင်းအားဖြင့် လုံခြုံရေးဟာ အလွန်တရာ အားနည်းလွန်းပါတယ်။ ဒီလုပ်ကြံမှုမှာ ဘယ်သူတွေ ပါဝင်သလဲဆိုရင် ဒီမိုကရေစီစနစ်ကို မလိုလားသူတွေ၊ ဒီတိုင်းပြည်သာယာဝပြောပြီးတော့ ခေတ်သစ်စနစ်သစ်နဲ့ ရှေ့ဆက်သွားမှာကို မလိုလားတဲ့သူတွေက လုပ်တယ်ဆိုတာ ရှင်းရှင်းလေးပါပဲ” ဟု ၎င်းကပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား ကျွမ်းကျင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးပါသည့် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးကိုနီအသတ်ခံခဲ့ရမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဦးကိုနီသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ချွင်းချက်မရှိ ထောက်ခံသူဖြစ်ကြောင်းနှင့် လိုအပ်သော ဥပဒေရေးရာကိစ္စများ၊ အကြံဉာဏ်များကို အစဉ်အမြဲ ပံ့ပိုးပေးခဲ့သူဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖွဲ့ချုပ်အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးကိုနီအား အနီးကပ် လုပ်ကြံမှုဖြစ်စဉ်မှာ အဖွဲ့ချုပ်၏ လမ်းစဉ်ကို ဆန့်ကျင်သော သေးသိမ်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ပြင်းထန်စွာ ရှုံ့ချသည်ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကလည်း ဦးကိုနီအသတ်ခံရမှုအတွက် ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ဦးကိုနီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထွက်ပြေးသွားသည့် သေနတ်သမားအား လေဆိပ်ရှိ အငှားယာဉ်မောင်းများက လိုက်လံဖမ်းဆီးစဉ် သေနတ်သမားက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူလည်း သေဆုံးခဲ့ရသည်။

ဦးကိုနီသေဆုံးခဲ့သည့်နေရာတွင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ ဓာတ်ပုံ-ထွန်းခိုင်

ဦးကိုနီသေဆုံးခဲ့သည့်နေရာတွင် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်။ ဓာတ်ပုံ-ထွန်းခိုင်

ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ ဖမ်းဆီးခံထားရသည့် လုပ်ကြံသူမှာ မန္တလေးမြို့မှ အသက် ၅၃ နှစ်အရွယ် ကြည်လင်းဖြစ်သည်ဟု သိရသည်။

၎င်းထံမှ ၉ မမ မစ္စတိုတစ်လက်၊ ကျည်ကိုးတောင့်၊ ၅ လုံးပြူးသေနတ် တစ်လက်နှင့် ကျည်လေးတောင့်တို့အား သိမ်းဆည်းရမိခဲ့သည်ဟုလည်း မှတ်တမ်းတွင် ဖော်ပြထားသည်။ 

ဦးကိုနီသည် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ပြီး ပြန်လာချိန်တွင် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

ဦးကိုနီ၏ အသုဘ အခမ်‌းအနားကို ယနေ့ ည‌နေ ၄ နာရီတွင်‌ ရန်‌ကုန်‌‌ရေ‌ဝေးရှိ မွတ်ဆလင်‌သုသာန်‌တွင်‌ ပြုလုပ်‌မည်‌ဟု‌ ဆွေမျိုးများက‌ပြောကြားသည်‌။

သတင်း-ဉာဏ်လှိုင်လင်းနှင့် ကျော်ဖုန်းကျော် 

 

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.