ဦးကိုနီအား လုပ်ကြံခဲ့ခြင်းမှာ နိုင်ငံမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်နိုင်ဟု သမ္မတရုံးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၃၀

ရှေ့နေကြီး ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယမန်နေ့က လုပ်ကြံခဲ့သည့်ဖြစ်ရပ်သည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ကနဦး စစ်ဆေးချက်များအရ ထိုကဲ့သို့ သုံးသပ်တွေ့ရှိရခြင်းဖြစ်သည်ဟု ယနေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့မှု အခြေအနေများပေါ် မူတည်၍ လုံခြုံရေး အစီအမံများကိုလည်း အထူးအလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ဤဖြစ်စဉ်ကြောင့် အထိတ်တလန့်မဖြစ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြရန်၊ ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးမှုများကို အထူးဂရုပြုကြရန်လည်း သမ္မတရုံးက တိုက်တွန်းထားသည်။

မွတ်ဆလင် ဘာသာဝင်တစ်ဦးဖြစ်သူ ဦးကိုနီသည် ဥပဒေပိုင်းဆိုင်ရာတွင် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေ အကြံပေးလည်း ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒအား အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်ဟု အများက အသိအမှတ်ပြုထားကြပြီး အခြေခံဥပဒေပြင်ဆင်ရေးတွင် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သော အကြီးတန်း ခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့တွင် စင်ကာပူလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်၌ ညနေ ၅ နာရီ အချိန်ခန့်တွင် ဦးခေါင်းအား ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ထို့ပြင် သေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူ အငှားယာဉ် ယာဉ်မောင်း ဦးနေဝင်းလည်း သေဆုံးခဲ့ရသည်။

တရားခံဖြစ်သူ အသက် ၅၃ နှစ်အရွယ် ကြည်လင်းအား တာဝန်သိ ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့ရသည့် ဦးကိုနီနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရင်း သေဆုံးခဲ့သည့် ဦးနေဝင်းတို့အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ တရားခံအား ဝိုင်းဝန်းကူညီဖမ်းဆီး ပေးခဲ့ကြသည့် တာဝန်သိပြည်သူများအားလုံးကိုလည်း ကျေးဇူးဥပကာရ အထူးပင် တင်ရှိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ ဖြစ်စေ ထူးခြားမှုများတွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ်အသိပေးကြရန်လ သမ္မတရုံးက တိုက်တွန်းထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar