ဦးကိုနီအသတ်ခံရမှုတွင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား သေဒဏ်ချမှတ်

လွန်ခဲ့သည့် ၂ နှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုဖြင့် တရားစွဲဆိုခံထားရသူများအား သေဒဏ်နှင့် ထောင်ဒဏ်များကို မြောက်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ဦးကိုနီနှင့် အငှားယာဉ်မောင်းဖြစ်သူ ကိုနေဝင်းတို့ သေဆုံးခဲ့သည့်အမှုတွင် တရားလေးဦးအား နှစ်နှစ်ကျော်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် တရားရုံးက ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးကိုနီနှင့် ကိုနေဝင်းတို့ အသတ်ခံရမှုတွင် တရားခံဖြစ်သူ ကြည်လင်းအား တရားရုံးက သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၃ ချမှတ်ခဲ့ပြီး အောင်ဝင်းဇော်အား သေဒဏ် ချမှတ်လိုက်သည်။ ထို့ပြင် ဇေယျာဖြိုးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်နှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

ဦးကိုနီသည် ပြည်ပခရီးတစ်ခုမှ ပြန်အလာတွင် လေဆိပ်ပြည်ပဆိုက်ရောက်ဆောင်ရှေ့၌ ဦးခေါင်းအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး နေရာ၌ပင် သေဆုံးခဲ့သည်။ ထို့ပြင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကြည်လင်းအား လိုက်လံဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်းမှာလည်း သေနတ်ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်။

ထိုအမှုနှင့် ပတ်သက်ပြီး အတူပူးပေါင်းကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့အား ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး အမှု၏ အဓိကကျသော ကွင်းဆက်တရားခံဟု ယူဆနေကြသည့် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်ကာ တရားရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားသည်။

အမှုကို အထူးခုံရုံးဖွဲ့စည်းကာ တရားလိုဘက်က သက်သေ ၇၂ ယောက်စစ်ဆေးခဲ့ပြီး တရားခံဘက်က သက်သေ ၂၈ ဦး စစ်ဆေးခဲ့သည်။ တရားရုံးလုပ်ထုံးလုပ်နည်းအရ စစ်ဆေးချိန် ၂ နှစ်ခန့်၊ တရားရုံးချိန်းပေါင်း ၁၀၀ ကျော်ခဲ့ပြီးမှ အပြီးသတ်အမိန့် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)(စ)၊ ကြည်လင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ (၁)(ခ)/၃၄ နဲ့ ပုဒ်မ ၃ဝ၂ (၂)၊ အောင်ဝင်းဇော်အား ယင်းဥပဒေ ပုဒ်မ ၃ဝ၂(၁)(ခ)/၃၄၊ ဇေယျာဖြိုးအား ပုဒ်မ ၃ဝ၂(၁)(ခ)နှင့် အောင်ဝင်းထွန်းအား ပုဒ်မ ၂၁၂ တို့ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ၄၁ ကြိမ်မြောက် ရုံးချိန်းတွင် ဦးစွာ စွဲချက်တင်ခဲ့သည်။

ထို့နောက် အောင်ဝင်းထွန်းက အာမခံရရှိခဲ့ပြီး ကျန်သုံးဦးကမူ ၎င်းတို့အပေါ် စွဲချက်တင်ထားသည့် ပုဒ်မများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခဲ့ကြသည်။ ထို့နောက် ပြီးခဲ့သည့်နှစ် ဇွန် ၁၈ ရက်နေ့တွင် အောင်ဝင်းဇော်အတွက် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)(စ)ကို ပယ်ဖျက်ပေးခဲ့ပြီး ဇေယျာဖြိုးကို ပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အစား ၃ဝ၂(၁)(ခ)/၁ဝ၉ ဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

ဦးကိုနီကို သေနတ်နဲ့ ပစ်ပြီးထွက်ပြေးခဲ့သည့် ကြည်လင်းအား ရန်ကုန်လေဆိပ်၌ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ပူးပေါင်းစီစဉ်ခဲ့သူ အောင်ဝင်းဇော်ကို ရဲတပ်ဖွဲ့က ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်နေ့မှာ သံလွင်တံတား(ဘားအံ)မှာ ဖမ်းဆီးခဲ့သည်။ ထို့ပြင် ၎င်းအား ဘားအံသို့ ပို့ဆောင်ပေးမှုဖြင့် ၎င်း၏အကိုဖြစ်သူ အောင်ဝင်းထွန်းကိုလည်း ဖမ်းဆီးခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်မှာ ဦးကိုနီအား သတ်ရန် ကျပ်သိန်း ၁,၀၀၀ ထုတ်ပေးခဲ့သူဟု စွပ်စွဲခံထားရသူဖြစ်ပြီး အမှုတွင် ပါဝင်ပတ်သက်သူတစ်ဦးဖြစ်သည့် စစ်ထောက်လှမ်းရေး ဗိုလ်ကြီးအောင်း ဇေယျာဖြိုးကိုမူ ဘုန်းကြီးကျောင်းတစ်ခု၌ ရဟန်းဝတ်နေစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအား မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂ဝ၁၇ ခုနှစ်၊ မတ် ၃ ရက်နေ့၌ စတင်ရုံးတင်ခဲ့ကာ အထူးခုံရုံးဖြင့် စစ်ဆေးခဲ့ခြင်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.