ဦးကိုနီအမှု ဖော်ထုတ်ရေး တပ်မတော်ဘက်က ဘယ်လောက် တာဝန်ရှိနေပြီလဲ

အင်န်အယ်ဒီ ဥပဒေအကြံပေးကို လုပ်ကြံသတ်ဖြတ်မှုအတွက် အဓိက သံသယရှိသူမှာ အရင်က တပ်မတော်မှ အရာရှိတစ်ဦးဖြစ်နေလို့ လုပ်ကြံမှုကို ကြိုးကိုင်စေခိုင်းသူတွေကို ဖော်ထုတ်ဖို့ရန်  စိတ်ပျက်အားလျော့ဖွယ်တွေနဲ့ ကြုံနေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က နိုင်ငံတော် သမ္မတရုံးဟာ အင်န်အယ်လ်ဒီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် (၂) ဆိုတာကို ထုတ်ပြန်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရပြီး ၅ ရက်မြောက် ဖေဖော်ဝါရီ ၃ ရက် ပထမ ထုတ်ပြန်ချက်မှာ လုပ်ကြံသူ ကြည်လင်းကို စေခိုင်းသူ အောင်ဝင်းဇော်ကို ဖမ်းဆီးမိထားကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခု ထုတ်ပြန်ချက်မှာတော့ လုပ်ကြံမှု တစ်ခုလုံးအတွက် ငွေကြေးစိုက်ထုတ် စေခိုင်းသူဟာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ အောင်ဝင်းခိုင် ဆိုသူဖြစ်တဲ့အကြောင်း၊ သူ့ကို ခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ ဦးကိုနီ လုပ်ကြံခံရတာ ရက်၂၀ နီးပါး ရှိလာပြီဖြစ်တဲ့တိုင် အစိုးရ၊ ဒါမှမဟုတ် မှုခင်းကို စစ်ဆေးနေတဲ့ ပြည်ထဲရေးနဲ့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲ မလုပ်သေးတာ၊ ထုတ်ပြန်ပေးတဲ့ သတင်းအချက်အလက်တွေဟာလည်း အလွန်ဟောင်းနွမ်းနေတာ၊ ဒါ့အပြင် အခုနောက်ဆုံး ထုတ်ပြန်ပေးချက်အရ လုပ်ကြံမှုရဲ့ အဓိက တာဝန်ရှိ တရားခံဟာ တပ်မတော် အဆင့်မြင့် အရာရှိကြီးတစ်ယောက် ဖြစ်ခဲ့ဖူးတာ စတာတွေ အားလုံးကို ခြုံငုံပြီး တာဝန်ရှိသူတွေအနေနဲ့ ဒီအမှုကို အမှန်အတိုင်း ဖော်ထုတ်ပေးပါ့မလား၊ ဖော်ထုတ်ပေးနိုင်ပါ့မလား စသဖြင့် ပြည်သူတွေအကြား သံသယ ပွားလာနေကြပြီ ဖြစ်ပါတယ်။ ဒီအကြောင်း အခုတစ်ပတ် သုံးသပ် တင်ပြပေးသွားပါ့မယ်။

အခုနောက်ဆုံး သတင်းထုတ်ပြန်ပေးမှုအရ လုပ်ကြံမှုမှာ အဓိက တာဝန်ရှိသူဟာ တပ်မတော်မှာ အရာရှိကြီး တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အောင်ဝင်းခိုင်ဟာ ဦးကိုနီကို လုပ်ကြံဖို့ သူ့ရဲ့ညီဖြစ်သူအောင်ဝင်းဇော်ကို ၂၀၁၆ ဇူလိုင်ကတည်းက စေခိုင်းခဲ့သူပါ။

သူ့အနေနဲ့ ဦးကိုနီကို လုပ်ကြံဖို့ ဒီထက် စောစောကတည်းက ကြံစည်ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လုပ်ကြံသတ်ဖြတ်တာက ဇန်နဝါရီ ၂၉ ရက် ဖြစ်တဲ့အတွက် အနည်းဆုံး ၇ လ တိုင်တိုင် မဆုတ်မနစ် ကြံစည်အားထုတ်နေတဲ့ သဘောကိုလည်း ပြပါတယ်။

ဒီလို အချိန်ကာလ ကြာရှည် ကြံစည်အားထုတ်တာ၊ လုပ်ကြံမှုအတွက်လည်း ကျပ်ငွေ သိန်း တစ်ထောင်လောက် သုံးမယ် ဆိုပြီးလည်း ပြောဆိုထားတာ စတဲ့အချက်ကိုကြည့်ရင် အောင်ဝင်းခိုင်ဟာ ဦးကိုနီကို လူပုဂ္ဂိုလ် ရန်ငြိုးအာဃာတတွေနဲ့ သတ်ဖို့ကြံစည်တာ မဖြစ်နိုင်သလို သူ့နောက်ကွယ်မှာ လူတစ်ယောက်၊ လူတစ်စု၊ လူတစ်ဖွဲ့ဖွဲ့ ပါဝင်ပတ်သက်နိုင်တယ် ဆိုပြီး ကောက်ချက်ချလို့လည်း ရပါတယ်။ ဒါပေမဲ့ ဘယ်သူတွေလဲဆိုတာ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော် အရာရှိကြီးဟောင်း တစ်ယောက် အဓိက တရားခံ ဖြစ်နေတယ်ဆိုတော့ တချို့ လူပုဂ္ဂိုလ်များကတော့ ဒီပြဿနာ တပ်မတော်နဲ့များ သက်ဆိုင်လေမလား၊ ဒါမှမဟုတ် တပ်မတော်အရာရှိဟောင်း တချို့များ ပါဝင်ပတ်သက်မှု ရှိလေဦးမလား စသဖြင့် သံသယ ဝင်ကောင်း ဝင်ကြမှာ ဖြစ်ပါတယ်။

မဝေးသေးတဲ့ အတိတ်ကိုကြည့်ရင် အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာ ခုလိုပဲ အကြမ်းဖက် လုပ်ကြံမှု ကျူးလွန်ခဲ့ဖူးတဲ့ သာဓက က ရှိနေပြန်ပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို နှိပ်ကွပ်တဲ့ နာမည်ကြီး ဒီပဲယင်း အကြမ်းဖက်မှုပါ။

ကျွန်တော်တို့ လူကြီးပိုင်း ငါးယောက် ခြောက်ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျွန်တော်တို့ လူလည်းစုံရော တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့် တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။

ဒါနဲ့ပတ်သက်ပြီး တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပေမဲ့ အဲဒီအချိန် စစ်အစိုးရ နံပါတ် ၃ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ သူ့ကိုယ်တိုင်ရေး မှော်ဝန်းသားဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ရဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” ဆိုတဲ့ စာအုပ်မှာ အတိအလင်း ဝန်ခံထားတာ တွေ့နိုင်ပါတယ်။

အဲဒီစာအုပ် စာမျက်နှာ ၁၉၇၊ ၁၉၈ အခန်း ၂၆ “ ဒီပဲယင်း အဖြစ်အပျက်နှင့် ကျွန်တော်” ခေါင်းစဉ်အောက်မှာ ခုလို ဖော်ပြထားပါတယ်။ “ ဒီ အဖြစ်အပျက်နှင့်ပတ်သက်၍ ကျွန်တော် မသိပါဟုပြောရင် ကျွန်တော် လိမ်ညာရာ ရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီ ကိစ္စကလည်း နိုင်ငံရေး ဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ် သိပါသည်။ အဲဒီ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ်အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းနင်း ဖြစ်ပေါ်နေသည့် အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာတော့ အမှန်ဖြစ်ပါသည်။

“အဲဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းအရှည်ကြီးဟာ မန္တလေးမှ ထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနှင့် မုံရွာမြို့လည်း ရောက်ရော ဥက္ကဋ္ဌ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရည်ညွှန်း)က ကျွန်တော်တို့ လူကြီးပိုင်း ငါးယောက် ခြောက်ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျွန်တော်တို့ လူလည်းစုံရော တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့် တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။ အဲဒီမှာတင်ပဲ ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်တော့်ကို လုံးဝ တာဝန်မပေးတော့ဘဲ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်” ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။

အဓိပ္ပာယ်ကို အကျဉ်းချုပ်ရရင် ဒီပဲယင်း အကြမ်းဖက်မှုကြီးကို အဲဒီအချိန်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တိုက်ရိုက် ညွှန်ကြားချက်နဲ့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် အနီးကပ် တိုက်ရိုက်ဦးစီးပြီး စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတာ တိတိကျကျ ဝန်ခံထားတာ ဖြစ်ပါတယ်။

အခု ဦးကိုနီ လုပ်ကြံခံရမှုကို ပြန်သုံးသပ်ရရင် သေနတ်နဲ့ ကိုယ်တိုင်လုပ်ကြံခဲ့သူ ကြည်လင်းကို ဇန်နဝါရီ ၂၉ ရက် အခင်းဖြစ်နေရာနားမှာပဲ ဖမ်းဆီးမိပါတယ်။ သူ့ကို ခိုင်းစေသူလို့ ဆိုတဲ့ အောင်ဝင်းဇော် ဆိုသူကို ၃၀ ရက် မနက်လင်းအားကြီး ကရင်ပြည်နယ် ဘားအံမှာ မိပါတယ်။ တစ်ဆက်တည်း အဲဒီနေ့မှာပဲ ရန်ကုန် ဒေါပုံမြို့နယ်က ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် နေအိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေပါတယ်။ အဲဒီ ဇန်နဝါရီ ၃၀ ရက်မှာပဲ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့က ကြေညာပါတယ်။ ပြောရရင် ဇန်နဝါရီ ၃၀ ရက်ကတည်းက အဲဒီ စစ်အရာရှိဟောင်းဟာ အမှုမှာ အဓိက ပတ်သက်နေတယ်ဆိုတာ လုံခြုံရေး အဖွဲ့တွေကရော တပ်မတော်ကပါ သိနေပါပြီ။

ဒါပေမဲ့ တရားခံဖမ်းဆီးရမိအောင် တရားခံရုပ်ပုံတွေကို မြန်မြန်ဆန်ဆန် ထုတ်ပြန်ပေးရမယ့်အစား အောင်ဝင်းခိုင်ရဲ့ ဓာတ်ပုံတွေကို ၁၆ ရက်လောက်ကြာပြီးမှ ထုတ်ပြန်ပေးတာ ထူးဆန်းနေပါတယ်။ ဒီအချက်တွေကြောင့်ပဲ မှုခင်းဖော်ထုတ်နေသူတွေကို ပြည်သူတွေ သံသယ ပွားလာတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံတွေအားလုံး ဖမ်းဆီးရမိဖို့၊ တကယ့်အမှုမှန် ပေါ်ပေါက်ဖို့ ဆိုတာ တပ်မတော်ဘက်မှာ အများကြီး တာဝန်ရှိသွားပြီ ဖြစ်ကြောင်းပါ။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar