ဦးကိုနီကို လုပ်ကြံမှုတွင် ပါဝင်ကြောင်း ယူဆထားသည့် ဒုတိယဗိုလ်မှူးကြီးဟောင်း လွတ်မြောက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည့် အမှုတွင် တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က နှုတ် ထွက်ထားသူ အောင်ဝင်းခိုင်ဆိုသူ ပါဝင်သည်ဟု ယူဆထားပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု အစိုးရက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်နှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက် (၂)အဖြစ် ယနေ့ရက်စွဲဖြင့် သမ္မတရုံးက သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ 

အောင်ဝင်းခိုင်သည် အဆိုပါအမှုနှင့် စပ်လျဉ်းပြီး ဒုတိယမြောက် ဖမ်းဆီးရမိထားသူဖြစ်သည့် အောင်ဝင်းဇော်နှင့် ညီတော်စပ်သူတစ်ဦးဖြစ်ပြီး ဦးကိုနီအား လုပ်ကြံရန် အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက စတင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အစ်ကိုဖြစ်သူကို အောင်ဝင်းခိုင်က ကျပ်သိန်း ၁,၀၀၀ ပေးမည်ဟု ပြောခဲ့ပြီးနောက် အောင်ဝင်းဇော်က ၎င်းအကြောင်းအား ဖော်ထုတ်ခဲ့သူ အင်းစိန်မြို့နယ်တွင်နေထိုင်သည့် ကိုအောင်စိုးထံသို့ သွားရောက်၍ နိုင်ငံခြား သံတမန်တစ်ဦးအား လုပ်ကြံရမည်ဟု တွေ့ဆုံပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ကမ်းလှမ်းမှုကို လမ်းစဖြတ်ခဲ့သည်ကို စစ်ဆေး ဖော်ထုတ် ရရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၂၁၀၆ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဦးကိုနီအား ရန်ကုန်လေဆိပ်တွင် အနီးကပ်လုပ်ကြံ သတ်ဖြတ်ခဲ့သူ ကြည်လင်းမှာ အောင်ဝင်းဇော်ထံ ရောက်ရှိလာပြီး အလုပ်တောင်းခံရာ ဦးကိုနီးအား သတ်ပေးလျှင် ကျပ်သိန်း ၈၀၀၊ ၁,၀၀၀ ခန့် ရရှိနိုင်ကြောင်း ကမ်းလှမ်းခဲ့ရာ ကြည်လင်းက မော်တော်ကားတစ်စီး ဝယ်ပေးလျှင် ရပြီဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောင်ဝင်းဇော်က ကြည်လင်းအား သိန်း ၈၀၀ ခန့်ပေးပြီး ကျန်သိန်း ၂၀၀ ကို လိုသည့်နေရာတွင် သုံးရန် စီစဉ်ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၉ မမ ပစ္စတို တစ်လက်နှင့် ယင်းကျည် ၁၁ တောင့်ကို ကျပ် ၂၅ သိန်း၊ ၅ လုံးပြုးသေနတ် တစ်လက်နှင့် ယင်းကျည် လေးတောင့်ကို ကျပ် ၂၅ သိန်းဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဝယ်ယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဇန်နဝါရီ ၂၈ ရက်နေ့အရောက်တွင် အောင်ဝင်းခိုင်က အစ်ကိုဖြစ်သူထံ ဖုန်းဖြင့် ဆက်သွယ်လာပြီး နောက်တစ်ရက်တွင် ပြည်ပခရီးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်ဖြင့် ဦးကိုနီ ပြန်ရောက်လာမည်ဖြစ်သဖြင့် သေနတ် အဆင်သင့်ပြင်ထားရန် ပြောခဲ့ကြောင်း၊ အခင်းဖြစ်သည့် နံနက် ၉ နာရီတွင် အောင်ဝင်းခိုင်က အစ်ကိုဖြစ်သူထံ  နှစ်ကြိမ်ဆက်သွယ်၍ လေဆိပ်သို့ ဦးစွာသွားနှင့်မည်ကို အသိပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဦးကိုနီ လုပ်ကြံခံရသည့် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ကြည်လင်းထံ အောင်ဝင်းဇော်က ဆက်သွယ်၍ လေဆိပ်သို့ လာရောက်ရန် အကြောင်းကြားခဲ့ပြီး ရောက်ရှိသည့်အခါ ညီဖြစ်သူ အောင်ဝင်းခိုင်နှင့် တယ်လီဖုန်း စာတို အပြန်အလှန် ပေးပို့ ဆက်သွယ်၍ ဦးကိုနီထွက်လာမည့် ဂိတ်ပေါက်ကို အသိပေးခဲ့သည်ကို စစ်ဆေးသိရှိရသည်ဟုလည်း ရေးသားထားသည်။ 

ထို့ပြင် လေဆိပ် CCTV မှတ်တမ်းများတွင် အောင်ဝင်းခိုင်က လေယာဉ်ဆိုက်ရောက်မည့် အချိန်ကို စုံစမ်း မေးမြန်းခဲ့သည့် မှတ်တမ်းများ တွေ့ရှိရသည်ဟုလည်း သတင်းထုတ်ပြန်ချက်က ဆိုသည်။ ထို့ကြောင့် လွတ်မြောက်နေဆဲဖြစ်သည့် အောင်ဝင်းခိုင်နှင့် ဆက်စပ်တရားခံများ ဖမ်းမိရန် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက် ဖော်ထုတ်လျှက်ရှိပြီး အခြေအနေများပေါ် မူတည်၍ ပြည်သူသို့ အသိပေးပါမည်ဟုလည်း သမ္မတရုံးက အသိပေးထားသည်။ 

ရှေ့နေကြီး ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်နေ့၊ ညနေငါးနာရီကျော်အချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 အရှေ့တွင် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား ပစ်ခတ်ခဲ့သူ ကြည်လင်းကို အခင်းဖြစ်ပွားပြီးနောက် ချက်ချင်း ဖမ်းဆီးပေးနိုင်ခဲ့သော်လည်း လိုက်လံဖမ်းဆီးစဉ် ကြည်လင်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းဖြစ်သူ ဦးနေဝင်း သေဆုံးခဲ့ရသည်။ 

ထို့နောက် ကျူးလွန်မှုတွင် ပူးပေါင်းပါဝင်သည်ဟုဆိုသူ အောင်ဝင်းဇော်ကို အမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ ၃၀ ရက်နေ့၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် သံလွင်တံတား (ဘားအံ)၌ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ချက်ပြန်ချက် (၁) တွင် ထည့်သွင်းဖော်ပြထားသည်။ 

ဖမ်းဆီးရမိခြင်းမရှိသေးသည့် အောင်ဝင်းခိုင်မှာ အသက် ၄၅ နှစ် အရွယ်ရှိပြီး နဖူးတွင် အမာရွတ်ရှိကာ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်း၊ အိမ်အမှတ် မ ၃၃ တွင်နေထိုင်သူဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လေဆိပ်တွင်း ၎င်း၏ လှုပ်ရှားမှုများအပါအဝင် ဓာတ်ပုံ ၁၁ ပုံနှင့် ဖမ်းဆီးထားသည့် စစ်ချက်များကို အဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသော်လည်း ၎င်း၏ စစ်မှုထမ်းရာဇဝင်အပါအဝင် အခြားအချက်အလက်များကို ဖော်ပြထားခြင်းမရှိပေ။

သတင်း-ဉာဏ်လှိုင်လင်းနှင့် ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.