ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ဆက်လက်ပိတ်ပင်

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ဧပြီ ၂၉ ရက်နေ့တွင် ဥရောပသမဂ္ဂ (အီးယူ) က ဆက်လက်တိုးချဲ့လိုက်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ကျူးလွန်ခဲ့မှုများအတွက် မြန်မာစစ်တပ်အရာရှိကြီးများအပေါ် အရေးယူပိတ်ဆို့မှုအပြင် လက်နက်ရောင်းချမှုကိုပါ တားမြစ်ထားသည်။

ထိုလက်နက်ပိတ်ပင်မှုတွင် ဖိနှိပ်မှုများအတွက် အသုံးပြုနိုင်သည့် လက်နက်များနှင့် အခြားကိရိယာပစ္စည်းများအားလုံး ပါဝင်သည်။ ထိုသို့ ပိတ်ပင်တားမြစ်ထားမှုများသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ စစ်ဘက်အရပ်ဘက်သုံး၊ သို့မဟုတ် နယ်ခြားစောင့်ရဲတပ်ဖွဲ့အတွက် သုံးနိုင်သော ပစ္စည်းများတင်ပို့မှုကို ပိတ်ဆို့ တားမြစ်ထားကြောင်း မြန်မာနိုင်ငံရှိ အီးယူကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Frontier ကို ပြောကြားခဲ့ဖူးသည်။

ထို့ပြင် အီးယူ၏ သီးခြားအရေးယူမှုများကို မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိကြီး ၁၄ ဦးလည်း ခံထားရသည်။ ၎င်းတို့အား အီးယူနိုင်ငံများသို့ ခရီးသွားရောက်ခွင့် ပိတ်ပင်ထားသလို ဥရောပရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားမည်ဖြစ်သည်။

ဥရောပသမဂ္ဂက ထိုသို့အရေးယူပိတ်ဆို့ထားသော်လည်း ဥရောပကုမ္ပဏီများ ထုတ်လုပ်သည့် အရပ်ဘက်သုံးလေယာဉ်များကို တပ်မတော်က ဝယ်ယူရရှိနေသည်။

တပ်မတော်(လေ) ၏ ၇၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လေတပ်အတွက် လေယာဉ်ခြောက်စီးနှင့် ရဟတ်ယာဉ်တစ်စီးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်တော်ဝင်ပေးခဲ့သည်။ အဆိုပါလေယာဉ်များတွင် ပြင်သစ်၏ အဲဘတ်စ်နှင့် အီတလီ၏ လီယိုနာဒိုကုမ္ပဏီတို့ ဖက်စပ်ထုတ်လုပ်သည့် ATR 72-500s လေယာဉ်နှစ်စီးနှင့် Airbus Helicopters က ထုတ်လုပ်သည့် AS365 ရဟတ်ယာဉ်တစ်စီးတို့ ပါဝင်သည်။

တပ်တော်ဝင်ခဲ့သည့် ATR 72-500 နှင့် AS365 နှစ်မျိုးလုံးမှာ အရပ်ဘက်သုံးများဖြစ်သော်လည်း ဥရောပကုမ္ပဏီတစ်ခုက ၎င်းလေယာဉ်များကို တပ်မတော်သို့ ရောင်းချမှုမှာ ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်ရာရောက်နိုင်သည်။

မြန်မာ့တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများကို တရုတ်နှင့် ရုရှားနိုင်ငံများမှ အများဆုံးဝယ်ယူရရှိနေပြီး အစ္စရေးနိုင်ငံမှလည်း ဝယ်ယူလေ့ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ရဟတ်ယာဉ်စက်ရုံ၊ တိုက်လေယာဉ်များ ပြင်ဆင်သည့် အလုပ်ရုံ၊ သံချပ်ကာယာဉ်များ ထုတ်လုပ်သည့်စက်ရုံနှင့် ရေငုပ်သင်္ဘောတည်ဆောက်သည့် သင်္ဘောကျင်းများသို့ သွားရောက်လေ့လာခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar