ဥရောပကုန်သည်ကြီးများအသင်းက မြန်မာ့စီးပွားရေးလမ်းညွှန်များ ထုတ်ဝေ

ဥရောပနိုင်ငံများမှ လုပ်ငန်းရှင်များအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများလာရောက်လုပ်ဆောင် ရာတွင် သတင်းအချက်အလက် အမှန်ရရှိစေရန်နှင့် လွယ်ကူချောမွေ့စေရန်ရည်ရွယ်ကာ မြန်မာနိုင်ငံ အခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar) က စီးပွားရေးလမ်းညွှန် စာအုပ်များကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ဝေလိုက်သည်။

ထုတ်ဝေလိုက်သည့်လမ်းညွှန်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ စီးပွားရေး၊ လူမှုရေး၊ မူဝါဒနှင့် ဥပဒေ ဆိုင်ရာ သိသင့်သည့် အခြေအနေများကို ကျစ်လစ်စွာစုစည်းပြီး ခြုံငုံဖော်ပြထားသည့် ၂၀၁၆ ခုနှစ် စီးပွားရေးလမ်းညွှန်စာအုပ်နှင့်အတူ စွမ်းအင်၊ လူသုံးကုန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကျန်းမာရေးနှင့် လယ်ယာစိုက်ပျိုးရေးဟူသည့် ကဏ္ဍငါးခုအတွက်လည်း အသေးစိတ် လမ်းညွှန်ချက်စာအုပ်များ ပါဝင်သည်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထားသော အဆိုပါစာအုပ်များအား ယူရိုချမ်မြန်မာ၏ ဝက်ဘ်ဆိုက် eurocham-myanmar.org တွင် မကြာမီလွှင့်တင်ပေးသွားမည်ဖြစ်သည်ဟုလည်း စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် တာဝန်ရှိသူများက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လာရောက်စီးပွားရေးလုပ်ကိုင်ဖို့ စဉ်းစားကြတဲ့ (ဥရောပက) ရင်းနှီးမြှုပ်နှံသူအများစုမှာ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ဗဟုသုတ သိပ်မရှိကြသေးပါဘူး” ဟု ယူရိုချမ်မြန်မာ၏ အမှုဆောင်ဒါရိုက်တာ Filip Lauwerysen က စာအုပ်မိတ်ဆက်ပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင်၎င်းက “အားတင်းထားကြ ကိုယ့်လူတို့၊ သတင်းအချက်အလက် ဆူနာမီလှိုင်းကြီး လာပါတော့မယ်” ဟုလည်း ၎င်းတို့အဖွဲ့အစည်းမှ မြန်မာပြည်ဆိုင်ရာ သတင်းအချက်အလက်များ ဆက်လက်ထုတ်ဝေမည့်အကြောင်းကို အရွှန်းဖောက် ပြောကြားခဲ့သည်။

“ကျွန်တော်မကြာသေးမီက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့တော့ မြန်မာနိုင်ငံကို အီးယူက စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးပြီလားလို့ တချို့ကမေးကြတယ်။ အမှန်တော့ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အဲ့ဒီဇာတ်လမ်းကပြီးနေပြီ။ ဒါကိုတောင် ခုချိန်ထိမသိသေးတဲ့သူတွေ ရှိသေးတယ်ဆိုတာတွေ့ရတယ်။ သတင်းအချက်အလက်ဆိုတာ (စီးပွားရေးလုပ်ဖို့အတွက်) အလွန်အရေးကြီးတဲ့ကိစ္စပါ”ဟု ဥရောပ သမဂ္ဂသံအမတ်ကြီး ရိုလန်ကိုးဘီးယားက စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ပနိုင်ငံများမှ စီးပွားရေးသမားများ ရင်းနှီးမြှုပ်နှံနိုင်လာရောက်စေရန်မှာ တိုင်းပြည်၏ ဂုဏ်သတင်းသည်လည်း အရေးကြီးကြောင်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာနိုင်င်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးလည်း ထိုစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ရင်းနှီးမြှုပ်ဆိုင်ရာဥပဒေများအတွက် စည်းမျဉ်းစည်းကမ်းများသည် လာမည့် ဇန်နဝါရီခန့်တွင် အပြီးသတ်ပြည့်စုံစွာ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း ဥရောပ လုပ်ငန်းရှင်များကို ၎င်းက အသိပေးပြောကြားခဲ့သည်။ ထိုသို့မပြဌာန်းမီတွင်လည်း ရင်းနှီးမြှုပ်နှံသူများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေနှင့် အကြံပြုနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံသူများအတွက်သာမက ကုန်သွယ်ရေးအတွက်လည်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖြေလျှော့မှုများ မကြာမီ ဆောင်ရွက်ပေးတော့မည်ဟု ဦးအောင်နိုင်ဦးက သတင်းစကား ပါးခဲ့သေးသည်။

“အသေးစိတ်အချက်အလက်တွေက လျှို့ဝှက်မို့လို့ ထုတ်ပြောလို့ မရပေမဲ့ ကုန်သွယ်ရေးပိုင်းမှာ ဖြေလျှော့ဖို့လိုတဲ့အကြောင်းကို ရက်ပိုင်းအတွင်းကပဲ စီးပွားကူးသန်းဝန်ကြီးဌာနကလူတွေနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့အားလုံး သဘောတူခဲ့ကြပါတယ်”ဟု ၎င်းကပြောသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar