ဥပဒေဆိုတာ ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျား၊ မ ခွဲခြားမှုမရှိ၊ လူတန်းစား ခွဲခြားမှု မရှိ၊ နိုင်ငံသား အားလုံးကို တန်းတူ အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အထူး လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ပြောကြားလိုက်ပါတယ်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထုကို အကာအကွယ် မပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်နေရင် ဒီမိုကရေစီ ယဉ်ကျေးမှုလမ်းကြောင်းကနေ သွေဖယ်သွားစေနိုင်တယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
ဥပဒေပြုရေး ကဏ္ဍတွင် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီသာ ဆောင်ရွက်နေကြဖို့လည်း သူက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
“ဥပဒေအထက်တွင် မည်သူမျှမရှိဆိုတဲ့ စကားနဲ့အညီ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကို စံနမူနာပြ လေးစားလိုက်နာကြဖို့ အထူး လိုအပ်ပါတယ်။ ပြည်သူလူထု ခံစားနေရတဲ့အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကို မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေအဖြစ် ပြောင်းလဲပြီး လွှတ်တော်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ စည်းမျဉ်း၊ စည်းကမ်းများကို လေးစား လိုက်နာပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို တာဝန် ကျေပွန်စွာ ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်” လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်များဟာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ ပြယုဂ်များဖြစ်တဲ့အတွက် သွားသတိ၊ လာသတိနဲ့ နေထိုင်ကြဖို့နဲ့ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာလည်း ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ပြောဆိုဆက်ဆံ ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းများမှာလည်း တက်တက်ကြွကြွ ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်” လို့ ဦးတီခွန်မြတ်က ပြောကြားပါတယ်။
ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးကာလအတွင်း ကျင်းပရက် ၁၉ ရက်ရှိခဲ့ပြီး ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေး ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း ၂၈ ခု ရှိကာ ဥပဒေကြမ်း ၁၀ ခုကို အတည်ပြုနိုင်ခဲ့တဲ့အတွက် ဆက်လက်ဆောင်ရွက်ရမယ့် ဥပဒေကြမ်း ၁၈ ခု ကျန်ရှိနေပါသေးတယ်။