အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

လူမှုကွန်ရက်တွင် “အောင်ရဲထွေး”အမည်ဖြင့် ဟာသဗီဒီယိုများ ရိုက်ကူးတင်ဆက်ရာမှ နာမည်ရလာသူ ရဲထွေးအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး အမျိုးသားသုံးဦးအား ဖမ်းဆီးလိုက်သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄ နာရီခန့်က သင်္ဃန်ကျွန်းမြို့နယ်ရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲတွင် အမျိုးသားငါးဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့သောကြောင့် အသက် ၂၄ နှစ်ရှိ ရဲထွေးအောင်၏ ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများထဲတွင် သန်းထွဋ်အောင်(ခေါ်)သားကြီး ပါဝင်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ၎င်း၏ မိဘများအား ဆက်သွယ် စည်းရုံး ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သန်းထွဋ်အောင်(ခေါ်) သားကြီး (၂၆)နှစ်၏ ဖခင်ဖြစ်သူက သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက် ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူ ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ သုံးဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန် ဖြစ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်၍ ၎င်းတို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါ အမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့ပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်ရာတွင် အတူပါဝင်သူ ပြည့်ဖြိုးအောင် (ခ)အောင်လေး (၂၆) နှစ်အား ဇန်နဝါရီ ၃ ရက်နေ့တွင် မိခင်ဖြစ်သူက လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇော၊ (၂၈)နှစ်အား ၎င်း၏မိဘများက ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် လာရောက်ပို့အပ်သဖြင့် အမှုဖြင့်ဖမ်းဆီးပြီး စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမှုအား သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ (လူသတ်မှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အောင်ရဲထွေး၏ Aung Yell Htwe အမည်ဖြင့် Facebook စာမျက်နှာသည် Follower ၁၃ သိန်းကျော်ရှိပြီး ရုပ်ရှင်ကားတစ်ကားတွင်လည်း ၎င်းက ပါဝင်သရုပ်ဆောင်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar