အောင်ရဲထွေးအမှုအား ဆက်လက် စစ်ဆေးနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြား

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဆောင်ရွက်နေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားသည်။

ထိုအမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက် မတင်မီ လွှတ်ရန် အမိန့်ချမှတ်ထားခြင်း ဖြစ်သည့်အတွက် အရှေ့ပိုင်းခရိုင်တရားရုံး၏ အမိန့်အား ပယ်ဖျက်ပေးရန်နှင့် အမှုကို ဆက်စစ်ဆေးရန် တိုင်းဒေသကြီး တရားလွှတ်တော်ထံ တင်ပြရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ယနေ့ ညွှန်ကြားလိုက်သည်ဟု ဦးဇော်ဌေးက သူ့ရဲ့ Facebook စာမျက်နှာတွင် ရေးသားထားသည်။

လူမှုကွန်ရက်ပေါ်တွင် ဟာသဗီဒီယိုများဖြင့် လူသိများလာသူ အောင်ရဲထွေးသည် ၂၀၁၇ ခုနှစ်? ဒီဇင်ဘာ ၃၁ ရက်ညက ရန်ကုန် The One Entertainment Park တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲ၌ ရန်ပွဲတစ်ခုကြောင့် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့သည်။ ထို့နောက် ရန်ပွဲအတွင်း အောင်ရဲထွေးကို ထိုးကြိတ် ကန်ကျောက်ခဲ့ကြသည်ဟုဆိုသည့် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးမှာ ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြပြီးနောက် အမှုရင်ဆိုင်ခဲ့ကြရသည်။

သို့သော် ၎င်းတို့သုံးဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ အမှုအား ရုပ်သိမ်းခွင့်ပြုသည်ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၂၅ ရက်နေ့တွင် အမိန့်ချမှတ်ကာ အမှုမှ လွှတ်ပေးခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ စိစစ်မေးမြန်းမှုအရ “စွဲဆိုမှုရုပ်သိမ်းလွှာ တင်ပြသူများမှာ သေဆုံးသူ အောင်ရဲထွးရဲ့ အစ်ကို ကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ဖခင် ဦးမြင့်ဦး၊ သေဆုံးသူ၏ မိခင် ဒေါ်သန်းသန်းထွေးနဲ့ သေဆုံးသူ၏ အစ်ကို နေဇင်လတ်တို့ပဲ ဖြစ်ပါတယ်။ ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်းလွှာ တင်ပြသည့်အပြင် တရားလိုပြ သက်သေများကို စစ်ဆေး မေးမြန်းသည့်အခါ ၁၄ ဦး၏ ထွက်ဆိုချက်များတွင် ခိုင်လုံသည့် သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိသည့်အတွက် တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့တာ ဖြစ်ကြောင်း သိရှိရသည်ဟုဆိုသည်။

“ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေကိုယ်တိုင်က မည်သူမည်ဝါ ဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ” ဟုလည်း ဦးဇော်ဌေးက ထည့်သွင်းဖော်ပြထားသည်။

သို့သော်လည်း ယခုလို ဆောင်ရွက်ချက်များကြောင့် လူသေမှု/ လူသတ်မှုများကို ယခုလို ရုပ်သိမ်း လွှတ်ပေးရသလားဟုဆိုကာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် ရုပ်သိမ်းလွှာတင်သော တာဝန်ရှိသူများအပေါ် ဝေဖန် ပြစ်တင်မှုများ ကျယ်ကျယ် လောင်လောင် ဖြစ်ပေါ်နေသည်ဟု ၎င်းကပြောသည်။

ထို့ကြောင့် ဒီအမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၏ အမိန့်အား ပယ်ဖျက်ပေးရန်နှင့် အမှုကို ဆက်လက် စစ်ဆေးပေးရန် တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ယနေ့ ညွှန်ကြားခဲ့သည်။

ယနေ့၊ သို့မဟုတ် မနက်ဖြန် (ဇူလိုင် ၃၁) တွင် တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ထံ “စွဲချက်မတင်မီ လွှတ်ရန်အမိန့်အား” ပယ်ဖျက်ပေးရေးအတွက် ပြင်ဆင်ချက် တင်သွင်းမည် ဖြစ်သည်။

တိုင်းဒေသကြီး တရားလွှတ်တော်က ပြင်ဆင်ချက် တင်သွင်းခြင်းကို လက်ခံပါက အမှုကို ဆက်လက် စစ်ဆေးရမည် ဖြစ်သည်။ တရားလိုပြ သက်သေ ၂၂ ဦး ရှိသည့်အနက် ၁၄ ဦးက ထွက်ဆိုချက်ပေးပြီး ဖြစ်သည့်အတွက် ကျန် သက်သေ ရှစ်ဦးအား ဆက်လက် စစ်ဆေးရမည်ဖြစ်သည်။

“ဒီနေရာမှာ ပြည်ပထွက်သွားပြီ၊ မရှိတော့ဘူးဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့တဲ့ သာဓကတွေရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုပါတယ်” ဟု ဦးဇော်ဌေးက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar