အောက်တိုဘာလ ၁ ရက်မှစ၍ တနိုင်ငံလုံး ယူနီကုဒ်စနစ်ပြောင်းသုံးသွားမည်

ခွန်ယံ

တနိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ ရက်၌ ယူနီကုဒ်စနစ်ကျင့်သုံးရန် ပြောင်းလဲသွားမည်ဟု မြန်မာကွန်ပျူတာပညာရှင် အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က ယနေ့ အမ်အိုင်စီတီပတ်ခ်တွင် ကျင်းပသည့် ယူနီကုဒ်ပြောင်းလဲကျင့်သုံးမည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

နိုင်ငံတကာသုံး စံချိန်စံညွှန်းနှင့်ကိုက်ညီသော မြန်မာယူနီကုဒ်စံစနစ်သို့ အောက်တိုဘာ ၁ ရက်တွင် တပြိုင်နက် ကူးပြောင်းမှုကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ပညာရှင်များက အတိုင်းအတာတစ်ခုထိ အောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။

မတူညီသည့် ဘာသာစကားအားလုံးကို တပြိုင်နက်တည်း ယှဉ်တွဲပြနိုင်၊ ရေးနိုင်၊ အသုံးပြုနိုင်ရေး၊ ဒုတိယအချက်အဖြစ် ဘာသာစကားများကို မှန်မှန်ကန်ကန် ဖလှယ်နိုင်၊ ဘာသာပြန်နိုင်ရေးနှင့် တတိယအချက်အဖြစ် ပိုမိုအဆင့်မြင့်သည့် စနစ်နှင့်သွားရေးတို့အတွက် ယူနီကုဒ်စနစ်ပြောင်းလဲမည်ဖြစ်သည်။

“အောင်မြင်အောင် ဆောင်ရွက်သွားမှာပါ၊ မအောင်မြင်ဘူးဆိုတာမရှိပါဘူး။ အဲ့ဒီနေ့မှာ ဘယ်အတိုင်းအတာထိ အောင်မြင်မလဲ ဆိုတာပဲရှိပါတယ်။ အဲ့လိုပြောင်းတဲ့အခါမှာ အခက်အခဲတွေ့ရင် အကူအညီပေးနိုင်အောင်လည်း လုပ်ဆောင်ထားပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒေါက်တာထွန်းသူရသက်က ပြောသည်။

လာမည့် သြဂုတ်လ ၁ရက်တွင် ယူနီကုဒ်ကူးပြောင်းခြင်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းစမ်းသပ်ကာ ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဖြေရှင်းမည်ဖြစ်သည်။ ထိုစမ်းသပ်မှုအောင်မြင်ပါက အောက်တိုဘာလ ၁ ရက်တွင် မြန်မာစာအသုံးပြုသူများအားလုံး မြန်မာယူနီကုဒ်ကို ပြောင်းလဲအသုံးပြုမည်ဟု မျှော်မှန်းထားကြသည်။ ယင်းလုပ်ငန်းစဉ်တိုးတက်မှုများကို စက်တင်ဘာ ဒုတိယပတ်၌ သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်တင်ပြမည်ဖြစ်သည်။

ထိုသို့ပြောင်းသုံးပါက ယူနီကုဒ်စနစ်ကို လိုက်နာသည့် မည်သည့်ဖောင့်ဖြင့်မဆို ဖောင့်တစ်ခုတည်းနှင့် မြန်မာစာအပါအဝင် တိုင်းရင်းသားဘာသာစကားအားလုံးကို ရေးသားနိုင်ခြင်း၊ ဂူးဂဲလ်ပေါ်တွင် မှန်ကန်စွာ ဘာသာပြန်နိုင်ခြင်း၊ မြန်မာစာလုံးဖြင့် တိကျစွာရှာဖွေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။

ယူနီကုဒ်စနစ်သို့ ပြောင်းလဲရာတွင် ရရှိလာသည့် အောင်မြင်မှုပမာဏနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အောက်တိုဘာ တတိယပတ်တွင် သတင်းစာရှင်းလင်းပွဲထပ်မံကျင်းပကာ တင်ပြသွားမည်ဖြစ်သည်။

“ကျွန်တေ်ာတို့ပဲ ပြောင်းလို့မရပါဘူး။ နိုင်ငံမှာက ကွန်ပျူတာထက် မိုဘိုင်းဖုန်းအသုံးပြုမှုက ပိုများပါတယ်။ ဒီဟာတွေပြောင်းဖို့ ဆားဗစ်စင်တာတွေ၊ မိုဘိုင်းဖုန်းဆိုင်တွေ ပါဝင်ဖို့လိုပါတယ်။ အားလုံးအကူအညီ တောင်းပါတယ်။ အားလုံးပါဝင်ကြပါ” ဟု ဒေါက်တာထွန်းသူရသက်က ပြောသည်။

နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ်ကို မြန်မာစံချိန်စံညွှန်းအဖြစ် အမျိုးသားစံချိန်စံညွှန်းကောင်စီက ၂၀၁၉ ဖေဖော်ဝါရီ ၂၁ ရက်က သတ်မှတ်ခဲ့သည်။ လက်ရှိတွင် ပြည်ထောင်စု၊ ဝင်းန် Win၊ အင်းဝ Innwa စသည့်ဖောင့်များသည် ယူနီကုဒ်စနစ်ကို လိုက်နာထားသည့်ဖောင့်များဖြစ်ကာ ဧပြီလ ၁ ရက်မှစ၍ မြန်မာအစိုးရက ပြည်ထောင်စုဖောင့်ကို စတင်သုံးစွဲခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ သန်း၂၀ ကျော်အနက် ၇၀ ရာခိုင်နှုန်းမှာ မိုဘိုင်းဖုန်းဖြင့်သုံးသူများ ဖြစ်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar