အေအက်ဖ်ပီ၏ Kate Webb ဆုကို မြန်မာသတင်းထောက် ရရှိ

အေအက်ဖ်ပီ

မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေးပဋိပက္ခများကို စွန့်စွန့်စားစား သွားရောက် သတင်းယူ ဖော်ပြရေးသားခဲ့သည့်အတွက် ပြင်သစ်သတင်းအေဂျင်စီ အေအက်ဖ်ပီ (AFP) ၏ Kate Webb ဆုကို မြန်မာသတင်းထောက် မြတ်ကျော်သူအား ချီးမြင့်ခဲ့သည်။

Kate Wabb ဆုသည် ၂၀၀၇ ခုနှစ်က အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သော အေအက်ဖ်ပီ၏ အထူးချွန်ဆုံးသတင်းထောက်အား ဂုဏ်ပြုချီးမြှင့်သော ဆုဖြစ်သည်။ အန္တရာယ်ထူပြော၍ ခက်ခဲကြမ်းတမ်းသော အခြေအနေတွင် စွန့်စွန့်စားစား ထက်ထက်မြက်မြက် လုပ်ဆောင်သော အာရှဒေသမှ သတင်းထောက်များကို ရွေးချယ်ချီးမြှင့်သောဆုလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက လူသူအရောက်အပေါက် ခက်ခဲသော နိုင်ငံအစွန်အဖျားဒေသများ၌ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဖြစ်ပွားနေခဲ့သော ပဋိပက္ခများကို မီးမောင်းထိုးပြခဲ့သည်။

အသက် ၂၇ နှစ်အရွယ် သတင်းထောက် မြတ်ကျော်သူသည် ဝေးကွာလှမ်းသော ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို အနီးကပ်သွားရောက် လေ့လာခဲ့ပြီး ရန်ကုန်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည့် Frontier Myanmar မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော သူ၏ သတင်းဆောင်းပါးများကြောင့် ဤဆုကို ချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် လူမျိုးစုချင်း အမုန်းတရားများ၊ ပဋိပက္ခများဖြင့် မငြိမ်မသက်ဆူပွက်နေသည့် ဒယ်အိုးကြီးနှင့်တူသည့် ဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှ မူဆလင်များ ဘင်္ဂလားဒေ့ရှ်သို့ ပထမအသုတ် အစုလိုက်အပြုံလိုက် ထွက်ပြေးသွားကြပုံကို မြတ်ကျော်သူ၏ သတင်းဆောင်းပါးတွင် ပီပြင်စွာဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သို့ စွန့်ခွာ ထွက်ပြေးသူများမှာ ၈၀၀,၀၀၀ အထိ ရှိလာခဲ့သည်ဟုဆိုသည်။

“လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ပုံတွေကို ဆက်တိုက် ဖော်ပြခဲ့တဲ့အတွက် မြတ်ကျော်သူ အသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်” ဟု အေအက်ဖ်ပီ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Phillippe Massonnet က ပြောသည်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့သော်လည်း မီဒီယာလွတ်လပ်ခွင့်ကမူ တိုးတက်မလာခဲ့ဟု နိုင်ငံတကာက စွပ်စွဲဝေဖန်နေချိန်တွင် လွတ်လွတ်လပ်လပ် သတင်းရေးသားတင်ပြနေသော Frontier မဂ္ဂဇင်းကိုလည်း Philippe Massonnet က ချီးကျူးစကား ပြောကြားခဲ့သည်။ ရခိုင်ပဋိပက္ခ အကြပ်အတည်းသတင်းရေးသားရာတွင် အန္တရာယ်ရှိနိုင်ပုံကို ညွှန်ပြသည့် လက္ခဏာအဖြစ် ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးမှာ နိုင်ငံလျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် ဒီဇင်ဘာလကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

“သူတို့ဟာ ၁၄ နှစ်အထိတောင် ထောင်ချခံရမယ့် အလားအလာနဲ့ ရင်ဆိုင်နေရတယ်၊ ဘာရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြလို့လဲ၊ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို သိရှိအောင်ကြိုးစားမိတဲ့ ပြစ်မှုပဲ” ဟု Massonnet ကပြောသည်။

ထိုသို့သော အခြေအနေများကြားတွင် မြန်မာနိုင်ငံက သတင်းထောက်တစ်ယောက်က Kate Webb ဆုအား ပထမဆုံးအကြိမ် ရသွားခြင်းကို အေအက်ဖ်ပီက အလွန်ကျေနပ်ခဲ့သည်။ ဤဂုဏ်ထူးဆုသည် Webb ချန်ထားရစ်သော အမွေဖြစ်သည်။ ၎င်း၏ အနှစ် ၄၀ ကျော် သတင်းသမားဘဝတွင် အာရှဒေသမှ သတင်းထောက်များနှင့်အတူ လုပ်ကိုင်ရင်း ကူညီပံ့ပိုး ပေးခဲ့သည့် အစဉ်အလာကို ဂုဏ်ပြု၍ ချီးမြုင့်ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ သတင်းထောက်တွေဟာ ပိုင်ရှင်၏ ထိန်းချုပ်မှုအောက်မှာ ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ်ပြီး အလုပ်လုပ်နေကြရပါတယ်” ဟု ဤဆုကို ဖေဖော်ဝါရီ ၅ ရက်နေ့ညက ရန်ကုန်မြို့တွင် ပြုလုပ်သည့် အခမ်းအနား၌ လက်ခံယူစဉ် သတင်းရေးသားမှု လွတ်လပ်ခွင့် အရေးကြီးပုံကို မြတ်ကျော်သူက ပြောကြားခဲ့သည်။

မြတ်ကျော်သူက ယူရို ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၇၃၀) တန်ဖိုးရှိသည့် ထိုဆုဖြင့် အကျဉ်းထောင်တွင်း ရောက်ရှိနေရသည့် ၎င်း၏ သူငယ်ချင်းများနှင့် မြန်မာသတင်းသမားအားလုံးကို ရည်ညွှန်း ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် Kate Webb ဆုကို အာဖကန်နစ္စတန်မှ ရုပ်သံလွှင့်ရုံဖြစ်သည့် Tolo က ရရှိခဲ့သည်။ ဤဆုကို အေအက်ဖ်ပီသတင်းအေဂျင်စီနှင့် Webb မိသားစုတို့က ဦးစီး ရွေးချယ်ခြင်းဖြစ်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar