အေဒီဘီက နှစ်စဉ်ချေးငွေအား အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိ တိုးမြှင့်ပေးအပ်မည်

မြန်မာနိုင်ငံအတွက် သက်သာသော နှုန်းထားအစီအစဉ်ဖြင့် ပေးအပ်နေသည့် ချေးငွေများကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်မှ ၂၀၁၇ ခုနှစ်မှ စတင်ပြီး ဒေါ်လာ သန်း ၃၅၀ အထိ တိုးမြှင့်ပေးသွားမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ဇွန် ၁၄ ရက်နေ့က ကြေညာလိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာ Takehiko Nakao သည် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဇွန် ၁၄ ရက်နေ့က တွေ့ဆုံပြီးနောက် ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အဆိုပါချေးငွေများအား မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် အလုပ်အကိုင်များ ဖန်တီးပေးရန်အတွက် အဓိကထား လုပ်ဆောင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အောင်မြင်သော နိုင်ငံရေးအကူးအပြောင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး အနာဂါတ် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း အားရဖွယ် လက္ခဏာတစ်ခု ဖြစ်ပါတယ်” ဟု မစ္စတာ Nakao က ပြောကြားထားသည်။

“ဖွံ့ဖြိုးတိုးတက်မှုမှ ရရှိလာမည့် အကျိုးကျေးဇူးများကို နိုင်ငံသားအားလုံး ခံစားနိုင်ကြရန် အစိုးရ၏ အလေးထားလုပ်ဆောင်မှုများကိုလည်း ကျွန်တော်အနေဖြင့် အထင်ကြီး လေးစားမိပါသည်။ ယင်းသို့ အားထုတ်လုပ်ဆောင်မှုများကို အေဒီဘီက ပံ့ပိုးကူညီရာတွင် ပညာရေးနှင့် အရည်အသွေးမြင့်မားသော အလုပ်အကိုင်များ မြှင့်တင်ရန်၊ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အထောက်အကူပြုခြင်းဖြင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ပြီးခဲ့သည့်နှစ်က ပျက်စီးဆုံးရှုံးမှုများပြားသော ရေကြီးရေလ ျှံမှုများနှင့် မြေပြိုမှုများကြောင့် ၇ ဒသမ ၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီးနောက် ၂၀၁၇ ခုနှစ်၊ မတ် ၃၁ ရက်နေ့တွင် အဆုံးသတ်မည့် ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၄ ရခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ဆက်လက်တိုးတက်လာမည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

ယခုနှစ်တွင် ငွေကြေးဖောင်းပွမှုသည် ၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် မြင့်မားနေဆဲဖြစ်သည်ဟု အေဒီဘီက ခန့်မှန်းထားသည်။ စာရင်းရှင်လိုငွေမှာ ၂၀၁၅ ခုနှစ်တွင် ဂျီဒီဘီ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။

မြန်မာနိုင်ငံသည် အေဒီဘီသို့ ၁၉၇၃ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံအား အကူအညီပေးမှုများကို ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းလိုက်ပြီးနောက် လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ထိုအချိန်မှစ၍ အစိုးရသို့ စုစုပေါင်းတန်ဘိုး ဒေါ်လာ ၈၉၂ သန်းရှိ ချေးငွေခြောက်ခုကို အတည်ပြုခဲ့သည်။

ထို့ပြင် အေဒီဘီသည် ချေးငွေ၊ အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုများနှင့် အာမခံများမှတဆင့် အစိုးရနှင့် မသက်ဆိုင်သောစီမံကိန်းလေးခုတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ စုစုပေါင်းတန်ဖိုး ဒေါ်လာ ၉၃၂ သန်းကိုလည်း အတည်ပြုပေးခဲ့သည်။

သတင်း- ဆန်းဦး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar