အိုင်စီစီက မြန်မာနိုင်ငံအပေါ် ကနဦးစုံစမ်းစစ်ဆေးမှုများ စတင်တော့မည်

အေအက်ဖ်ပီ

ရိုဟင်ဂျာမူဆလင်တွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (အိုင်စီစီ) က ကနဦးစုံစမ်းမှုတွေ စတင်ဆောင်ရွက်တော့မယ်လို့ ခုံရုံးရဲ့ ရှေ့နေချုပ် Ms Fatou Bensouda က စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။

အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံကို လူပေါင်း ခုနစ်သိန်းလောက် ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်စစ်ဆေးမှု အပြည့်အဝ ဆက်လက်လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့အထောက်အထားတွေ ရှိမရှိ ဆိုတာကို သူမက ကြည့်ရှုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိုင်စီစီမှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေမယ့် ဘင်္ဂလားဒေရှ့်က အဖွဲ့ဝင်ဖြစ်တာကြောင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စီရင်ခွင့်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်အကြာမှာ အခုလို ဆက်လက် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

“အိုင်စီစီတင်ရေးအတွက် နောက်တဆင့် ဆက်ပြီး လုပ်ဆောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ကနဦး လေ့လာသုံးသပ်မှု အပြည့်အဝ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ Bensouda က ပြောပါတယ်။

ကနဦးစုံစမ်းစစ်ဆေးမှုမှာ “အခြေခံ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ လိင် အကြမ်းဖက်မှုတွေ၊ အဓမ္မ ပြန်ပေးဆွဲမှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ လုယက်ခိုးယူမှုတွေအပါအဝင် ရိုဟင်ဂျာတွေ နေရပ်စွန့်ခွာရစေခဲ့တဲ့ နိုင်ထက်စီးနင်း လုပ်ရပ်တွေ အတော်များများနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေကို စစ်ဆေးသွားမှာဖြစ်တယ်” လို့ သူမက ပြောပါတယ်။

ကနဦးစစ်ဆေးမှုတွေဟာ အိုင်စီစီရဲ့တရားဝင် စုံစမ်းစစ်ဆေးမှုဆီကို ဦးတည်သွားနိုင်တယ်လို့ သူမက ပြောပါတယ်။ စစ်ရာဇဝတ်မှုတွေနဲ့ လူသားတွေအပေါ် ကျူးလွန်ခဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်းဆေးဖို့ အိုင်စီစီကို ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် စွဲချက်တင်မှုတွေလည်း ဖြစ်နိုင်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် အစွန်းရောက်စွာ အကြမ်းဖက်ခဲ့ပြီး လူမျိုးသုဉ်းလုပ်ဆောင်မှုဖြင့် တရားစွဲဆိုသင့်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားပြီး တစ်နေ့ထဲမှာပဲ အိုင်စီစီရဲ့ကြေညာချက် ပေါ်ထွက်လာတာပါ။

ဒိလိုကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အိုင်စီစီကို တင်သင့်တယ်လို့လည်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က ထပ်တလဲလဲ အကြံပြုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က “အိုင်စီစီအနေနဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိဖို့ အရေးပါတဲ့ လမ်းကြောင်းကို ဖွင့်လှစ်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“အရှိန်အဟုန်ကို ဆက်လက်ရှိနေပါစေ။ ရာဇဝတ်မှုတွေအားလုံးကို နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးနိုင်ရေး သေချာစေဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို အိုင်စီစီထဲ လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်” လို့ သူတို့ရဲ့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာစစ်တပ်ကတော့ ဘယ်လိုအမှားအယွင်းမှ မလုပ်ခဲ့ဖူးလို့ ငြင်းဆိုထားပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက နယ်စပ်စခန်းတွေကို သွေးထွက်သံယို စီးနင်းတိုက်ခိုက်မှုတွေ ဆောင်ရွက်ခဲ့တဲ့ ရိုဟင်ဂျာ သောင်းကျန်းသူတွေကို အမြစ်ပြတ်ချေမှုန်းဖို့သာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

ဒါ့အပြင် အိုင်စီစီက စုံစမ်းစစ်ဆေးခွင့်ရှိတယ်လိုတဲ့ ပြောကြားချက်ကိုလည်း ငြင်းဆိုထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar