အိုင်စီဂျေအမှု၌ လက်နက်ကိုင်အုပ်စုများက အစိုးရကို ထောက်ခံကြမည်ဆိုသောသတင်း ကေအင်န်ယူငြင်းဆို

သောမတ်စ်ကင်း(န်) ရေးသားသည်။

လူမျိုးတုံးသုတ်သင်ရှင်းလင်းခဲ့သည်ဟူသော စွပ်စွဲချက်များကို အစိုးရကတုံ့ပြန်ဆောင်ရွက်နေရာတွင် အင်န်စီအေ လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့များက အစိုးရကို ကူညီရန် သဘောတူကြသည်ဟူသော သတင်းကို ကေအင်န်ယူ အထက်တန်းအရာရှိများက ငြင်းဆိုလိုက်သည်။

ကေအင်န်ယူ၏ထုတ်ပြန်ချက်တွင် မြန်မာအစိုးရအား နိုင်ငံတကာ လူသားချင်းစာနာမှုစံနှုန်းနှင့် မူဝါဒများကို လေးစားရန် တိုက်တွန်းလိုက်ပြီး လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကိစ္စတွင် ကေအင်န်ယူသည် အိုင်စီဂျေ ဆုံးဖြတ်ချက်မတိုင်မီ ဘက်လိုက်မည်မဟုတ်ကြောင်း ပြသလိုက်သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာများကို လူမျိုးတုံးသုတ်သင်ရှင်းလင်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်းစွပ်စွဲပြီး မြန်မာနိုင်ငံတွင်း ကျန်ရှိနေသော ရိုဟင်ဂျာများအပေါ်လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုများ ဆက်လက်မလုပ်ဆောင်ရေးအတွက် အရေးယူဆောင်ရွက်ပေးရန် အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေထံ တရားစွဲဆိုခဲ့သည်။ နှုတ်ဖြင့်အပြန်အလှန်တင်ပြချက်များကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်သည်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့က ယခုလစောစောပိုင်း ချင်းမိုင်၌ တွေ့ဆုံစည်းဝေးရာတွင် အိုင်စီဂျေ၌ တရားစွဲထားသောအမှုတွင် အစိုးရကို ဝိုင်းဝန်းထောက်ခံရန် သဘောတူခဲ့ကြသည်ဟု မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

ထိုသတင်းသည် နိုဝင်ဘာ ၁၆ မှ ၁၈ ရက်အထိကျင်းပသော အစည်းအဝေးတွင် RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီး Sai Ngeun က မြန်မာအပေါ် စွပ်စွဲချက်များကို တုံ့ပြန်ရန်နည်းလမ်းကို ၎င်းတို့ ၁၀ ဖွဲ့က ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးအပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့မှုအပေါ် အခြေခံပုံရပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အိုင်စီဂျေစစ်ဆေးမှုကိစ္စတွင် အင်န်စီအေလက်မှတ်ထိုးအဖွဲ့က အစိုးရကို ကူညီမည်ဟု ပြောကြားခဲ့သည်ကို 7Day နေ့စဉ်သတင်းစာကလည်း ကိုးကားခဲ့သည်။

ကေအင်န်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမူးက ဒီကိစ္စကို အစည်းအဝေးတွင် ထည့်သွင်း မဆွေးနွေးခဲ့ကြသလောက်ပင် ဖြစ်ကြောင်း၊ ဤအစည်းအဝေးမှာ မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးရေးကိစ္စသာဖြစ်ကြောင်း၊ ဆွေးနွေးမှုမှာ PPST ကိုသာ အာရုံထားဆွေးနွေးကြကြောင်း Frontier ကိုပြောသည်။

အိုင်စီဂျေကိစ္စကို ဒီဇင်ဘာ ၂ မှ ၄ ရက်အထိပြုလုပ်မည့် PPST အစည်းအဝေး၌ ဆွေးနွေးဖွယ်ရှိကြောင်း၊ သို့သော် အစည်းအဝေးအစီအစဉ်တွင် ပါဝင်မည် မပါဝင်မည်ကို အတည်မပြုရသေးကြောင်း ဖဒိုတာဒိုမူးက ပြောသည်။

“ဗိုလ်မှူးကြီး Sai Ngeum ပြောစကားကို မီဒီယာအချို့က အဓိပ္ပာယ်ကောက်လွဲခဲ့ကြတယ် ထင်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းရပ်တည်ချက်မဟုတ်ပါဘူး။ RCSS ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကိုပဲ ကျွန်တော်ပြောနိုင်ပါတယ်” ဟု သူကပြောသည်။

အိုင်စီဂျေကိစ္စနှင့်ပတ်သက်၍ အခြားသော အင်န်စီအေလက်မှတ်ထိုးသူများက မည်သို့သဘောထားရှိသည်ကို ဆွေးနွေးပြောဆိုဖို့ ‘တာဒိုမူး’ က ငြင်းဆိုပါသည်။ သို့သော် အုပ်စုအတွင်း အမြင်အမျိုးမျိုး ကွဲပြားနေသည်ဟုတော့ Frontier က နားလည်ပါသည်။

ကေအင်န်ယူ၏ သဘောထားကို မေးသောအခါ ‘တာဒိုမူး’ က ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် အိုင်စီဂျေက စွဲထားသော အမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ကို ခေါင်းဆောင်များဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာချက်ကိုသာ ထပ်လောင်းပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်တွင် အစိုးရအား လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လိုက်နာရန် တိုက်တွန်းထားပြီး ကေအင်န်ယူအဖွဲ့သည် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းများကို အစဉ်တစိုက်လိုက်နာခဲ့ကြောင်း၊ နောင်တွင်လည်း လိုက်နာမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ နိုင်ငံအတွင်း လူတိုင်းတန်းတူညီမျှရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးများကို အမြဲရှာဖွေခဲ့ကြောင်း၊ နိုင်ငံတကာစံညွှန်းများနှင့် လူသားချင်းစာနာမှု ဥပဒေများကို အဖွဲ့အစည်းတိုင်း လိုက်နာသင့်ကြောင်း” တာဒိုမူးက ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာများအပေါ် တပ်မတော်၏စစ်ဆင်ရေးများသည် ကရင်လူထုအပေါ် ဖြတ်လေးဖြတ်စစ်ဆင်ရေးများကို သတိရစေသည်ဟု သူကဆိုသည်။

“စစ်ဆင်ရေးပုံစံတွေက ကျွန်တော်တို့ တွေ့ကြုံခဲ့ရတာတွေနဲ့ ဆင်တူတွေပါပဲ”

ဦးကိုကို ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.