အိမ်ယာတစ်သန်းစီမံကိန်းအတွက် အာမခံအစီအစဉ်များကို မြန်မာ့အာမခံနှင့် နိုင်ငံခြားကုမ္ပဏီများ သဘောတူ

ကျော်ရဲလင်း

အစိုးရက တည်ဆောက်မည့် အိမ်ယာစီမံကိန်းများအတွက် အိမ်ယာဝယ်ယူရေး ချေးငွေအာမခံ အစီအစဉ်များကို မြန်မာ့အာမခံလုပ်ငန်းက နိုင်ငံခြားကုမ္ပဏီများနှင့် သဘောတူညီမှု ရရှိခဲ့သည်။

လာမည့် နှစ် ၃၀ အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ယာ အခန်းပေါင်း တစ်သန်းကို တည်ဆောက်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအိမ်ယာများအတွက် အာမခံအစီအစဉ်များကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အိမ်ယာများရှိ တိုက်ခန်းများကို ဝယ်ယူရန် အိမ်ယာချေးငွေရယူသူများအတွက် အသက်အာမခံနှင့် မီးအာမခံထားရှိရေးအတွက် ရှင်ရဲထွဋ်ကုမ္ပဏီအစုအဖွဲ့နှင့် အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းတို့အကြား နားလည်မှု သဘောတူညီချက်ကို ယနေ့လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ရှင်ရဲထွဋ်ကုမ္ပဏီအစုအဖွဲ့တွင် ဂျပန်အခြေစိုက် DI Tokyo၊ ဂျာမဏီအခြေစိုက် Hannova Re နှင့် မလေးရှားအခြေစိုက် International Risk Management Consultant Ltd တို့ပါဝင်သည်။

“အဲ့ဒီအိမ်ယာတွေ ဝယ်မယ့်သူတွေက ဆောက်လုပ်ရေးနှင့် အိမ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ငွေချေးရမှာပေါ့။ အဲဒီချေးငွေကို ဂျပန် DI Tokyo က ထောက်ပံ့မယ်။ မလေးရှား IRMC က ဒီအိမ်ယာစီမံကိန်းတွေရဲ့ Risk (စွန့်စားရမှု) ကို တွက်ချက်မယ်” ဟု မြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွန်ကြားရေးမှုး ဒေါ်စန္ဒာဦးက ပြောသည်။

“အိမ်ယာက တစ်သန်းဆိုတော့ မြန်မာ့အာမခံကလည်း ဒါကို နိုင်ငံခြားလုပ်ငန်းတွေဆီမှာ တစ်ဆင့် အာမခံထားဖို့ လိုမယ်။ ဒီနားလည်မှုစာချွန်လွှာအရ ကျွန်မတို့က ဂျာမဏီကုမ္ပဏီ Hannova Re ဆီမှာ တစ်ဆင့်အာမခံ ပြန်ထားပါမယ်” ဟု ၎င်းက ပြောသည်

“ဒါက အိမ်ယာချေးငွေ အာမခံတမျိုးပေါ့။ အသက်အာမခံနဲ့ မီးအာမခံထားပြီးသားဆိုတော့ အိမ်ယာချေးငွေ ရယူထားသူအတွက်ရော၊ ထုတ်ချေးမယ့် သူအတွက်ပါ အာမခံချက်ရှိတယ်။ ဒါ့ကြောင့် အိမ်ယာ ဝယ်ယူနိုင်စွမ်းတွေ တိုးလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရှင်ရဲထွဋ်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ထိုကုမ္ပဏီသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်တူးဖော်ရောင်းချသည့်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ သတ္တုတူးဖော်မှုလုပ်ငန်း၊ ရေထွက်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့သည့်လုပ်ငန်းများကို လုပ်ကိုင်နေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.