အိမ်ပြန်ရမယ့်ရက်ကို မျှော်လင့်နေဆဲ

ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ ထောင်ထဲမှာပဲ အချိန်တွေ ကုန်ဆုံးရင်း မိသားစုထံ ပြန်လာရမယ့်ရက်ကို မျှော်လင့်စောင့်စားနေကြပါတယ်

ရဲမွန် ရေးသားသည်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ်အမိန့် ချမှတ်ခဲ့ပြီး ငါးရက်မြောက်နေ့၊ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းမှာ သူတို့နှစ်ဦးနဲ့ တွေ့ဖို့အတွက် ဇနီးသည်နှစ်ဦးဟာ အင်းစိန်ထောင်ဝင်းထဲက လက်ဖက်ရည်ဆိုင်မှာ စောင့်ဆိုင်းနေကြပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတစ်ခုနဲ့ ပတ်သက်ပြီး သတင်းလိုက်နေတုန်း အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အချုပ်ထောင်အတွင်းကနေ ကိုးလကျော်ကြာ အမှုရင်ဆိုင်ခဲ့ရအပြီး စက်တင်ဘာ ၃ ရက်နေ့မှာတော့ သူတို့နှစ်ဦးကို အပြစ်ရှိတယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အဲဒါကြောင့် သူတို့နှစ်ဦးနဲ့ တွေ့ရှိဖို့ ကိုဝလုံးရဲ့ဇနီးဖြစ်သူ မပန်းအိမွန်နဲ့ ကိုကျော်စိုးဦးရဲ့ဇနီးဖြစ်သူ မချစ်စုဝင်းတို့ အင်းစိန်ထောင်ကို ရောက်ရှိနေကြတာပါ။

နာရီဝက်လောက်အကြာမှာပဲ အကျဉ်းထောင် ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသူတစ်ဦးက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့လို့ရပြီလို့ လာခေါ်တဲ့အတွက် အမျိုးသမီးနှစ်ဦးဟာ သူတို့အမျိုးသားတွေအတွက် စားစရာတွေနဲ့ အဝတ်အစားတွေ ထည့်ထားတဲ့ အထုပ်တွေဆွဲပြီး အင်းစိန်ထောင်ထဲကို ဝင်သွားကြပါတော့တယ်။

နိုင်ငံတော်ရဲ့ ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိရုံသာမက မိုဘိုင်းဖုန်းထဲမှာပါ တွေ့ရှိတယ်ဆိုပြီး ကိုလိုနီခေတ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သတင်းထောက်နှစ်ဦးကို ဒုခရိုင်တရားသူကြီးဦးရဲလွင်က ထောင်ဒဏ်အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို အာဏာပိုင်တွေက ထောင်ချောက်ဆိုင်ဖမ်းဆီးခဲ့တာလို့ သူတို့နှစ်ဦးနဲ့ အများစုက ယုံကြည်ထားကြပါတယ်။ အခုဆိုရင် အင်းစိန်ထောင်ထဲမှာပဲ အချုပ်သားတွေအဖြစ် ကိုးလလောက် နေခဲ့ရပြီးဖြစ်တဲ့ တို့နှစ်ဦးဟာ ထောင်ထဲမှာပဲ သူတို့အချိန်တွေကို ဆက်လက်ကုန်ဆုံးနေကြရပါတယ်။

အင်းစိန်ထောင်ထဲမှာ နေထိုင်ရတာ အဆင်မပြေလှပေမယ့်လည်း သူတို့ လွတ်မြောက်မယ့်ရက်ကို မျှော်လင့်ရင်း အားတင်းကာ သတင်းစာတွေ၊ စာအုပ်တွေဖတ်ပြီး နေ့ရက်တွေကို ဖြတ်ကျော်နေကြတယ်လို့ မိသားစုက တဆင့် သိရပါတယ်။

ထောင်ဝင်စာတွေ့တဲ့နေရာမှာ သံဇကာခြားပြီး စကားပြောနေကြရတဲ့ ဇနီးမောင်နှံတွေဟာ တစ်ယောက်ရဲ့ ဝမ်းနည်းမှုတွေကို တစ်ယောက်က မသိရအောင် ချုပ်တည်းပြီး ပျော်ရွှင်စရာကောင်းတဲ့ စကားတွေကိုပဲ ပြောဆိုနေကြပါတယ်။

မပန်းအိမွန်ကတော့ ကိုဝလုံး မြင်တွေ့ခွင့်မရသေးတဲ့ သူတို့ရဲ့ သမီးလေး သက်ထားအိန်ဂျယ်အကြောင်း ကိုဝလုံးကို ပြောပြနေပါတယ်။ ကိုဝလုံးနဲ့ မပန်းအိမွန်တို့ရဲ့ သမီးဦးလေး မသက်ထားအိန်ဂျယ်ကို ကိုဝလုံး ဖမ်းဆီးခံထားရစဉ် သြဂုတ် ၁၀ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကိုကျော်စိုးဦးတို့ ဇနီးမောင်နှံကတော့ တစ်ယောက်နဲ့တစ်ယောက် ရခိုင်စကားနဲ့ အပြန်အလှန်ပြောရင်း စိတ်မကောင်းစရာတွေကို မေ့ထားကြပါတယ်။

ကိုဝလုံးက သူတို့အနေနဲ့ အကျဉ်းထောင်ထဲမှာ နေနေရပေမယ့်လည်း သတင်းစာတွေ ဖတ်ရတာကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်းက သတင်းထောက်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက သူတို့အတွက် တောင်းဆိုပေးနေတာတွေကို သိရတဲ့အတွက် စိတ်ခွန်းအားဖြစ်ရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဘာမှ အမှားမလုပ်ခဲ့ဘူးဆိုတာ နိုင်ငံတကာကရော၊ ပြည်တွင်းကပါ သိကြတာပဲ။ အဖြစ်အပျက်က ရှင်းနေရဲ့သားနဲ့ အခုလိုဖြစ်ရတယ်။ ကိုးလလုံးလုံး တရားမျှတမှု ရှိမှာပါဆိုပြီး မျှော်လင့်ရင်း တရားရင်ဆိုင်ခဲ့တာပါ။ ကျွန်တော်တို့ကို အားလုံး နားလည်ပေးတဲ့အတွက်၊ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးတွေ ကြားရတဲ့အတွက် စိတ်ခွန်အားရပါတယ်”လို့ သူက သံဇကာတဖက်ခြမ်းကနေ လှမ်းပြောပါတယ်။

ကိုကျော်စိုးဦးကလည်း သူတို့အတွက် သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ လက်မှတ်ထိုး တောင်းဆိုနေကြတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ သတင်းထောက်တွေ စိတ်ဝမ်းမကွဲဘဲ ညီညွတ်နေတဲ့အတွက် အားရကျေနပ်တယ်လို့ အပြင်က သူ့လုပ်ဖော်ကိုင်ဖက်တွေထံ သတင်းစကားပါးလိုက်ပါတယ်။

“ကျွန်တော်တို့ လွတ်မြောက်တာထက် အပြင်က သတင်းထောက်တွေကို ကျွန်တော်တို့လိုမျိုး မဖြစ်စေချင်ဘူး။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေနဲ့ နောက်ထပ် အဖမ်းခံရမှာကို စိုးရိမ်တယ်”လို့ ကိုကျော်စိုးဦးက ပြောပါတယ်။

သူတို့ အဖမ်းခံရတာနဲ့ပတ်သက်ပြီး အပြင်မှာ မမှန်မကန်တဲ့ အကြောင်းအရာတွေနဲ့ စွပ်စွဲပြောဆိုနေကြတာတွေအပြင် သူတို့ကိုသာမက သူတို့မိသားစုတွေကိုပါ ဝေဖန်တိုက်ခိုက်နေကြတာကို သတင်းထောက်နှစ်ဦးလုံး သိနေကြပါတယ်။ ဒါပေမယ့် သူတို့မှာ ဘာမှ တုံ့ပြန်လိုစိတ်မရှိကြပါဘူး။

“သစ္စာဖောက်လို့ ပြောနေကြတာကို တုံ့ပြန်လိုတာ မရှိပါဘူး။ နောက်ပိုင်း နားလည်သွားကြမှာပါ”လို့ ကိုကျော်စိုးဦးက ပြောပါတယ်။

ကိုဝလုံးကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တရားမြင်ပေးဖို့ အကျဉ်းထောင်ထဲကနေ တောင်းဆိုစကားပြောကြားခဲ့ပြီး သတင်းခန်းကို အမြန်ပြန်ချင်ပြီလို့လည်း ပြောပါတယ်။

“အမှန်တရားကို မြင်ပေးပါ။ နားလည်ပေးပါ။ လက်ရှိတိုင်းပြည်က ကြုံနေတဲ့ အခက်အခဲတွေဟာ သတင်းလွတ်လပ်ခွင့် မပေးရင် ဖြေရှင်းလို့ မရဘူး။ ရန်သူလို သဘောမထားပါနဲ့။ မိသားစုဆီ အမြန်ပြန်ချင်နေပါပြီ။ သတင်းအလုပ်လည်း အမြန် ပြန်လုပ်ချင်နေပြီ။ အားလုံးကိုလွမ်းနေပြီ။ အထူးသဖြင့် သမီးလေးပေါ့” လို့ ကိုဝလုံးက ဆိုပါတယ်။

လက်ရှိမှာတော့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတွေက အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် သမ္မတက အမှုတွဲဖိုင်ကို ရှေ့နေချုပ်ရုံးကတဆင့် တောင်းခံထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ရိုက်တာအမှုကို တရားရုံးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တရားရုံးကို ရောက်ရှိနေတဲ့အမှုတွေကို အစိုးရအနေနဲ့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အစိုးရအပေါ် ဖိအားတွေ ပိုမိုများပြားလာစေတယ်လို့လည်း စက်တင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောခဲ့ပါသေးတယ်။

“မြန်မာနိုင်ငံအတွက် Pressure (ဖိအား) တွေ အရမ်းများတယ်။ ဒီလို အချိန်အခါမျိုးမှာ တရားရုံးက ဆုံးဖြတ်လိုက်တယ်ဆိုတာက တရားရုံးက သူ့ဟာသူ ဒီဟာတွေနဲ့ ပတ်သက်ပြီး တရားရုံးက မသိဘူး။ တရားရုံးရဲ့ Process (လုပ်ငန်းစဉ်) အတိုင်း သူ့ဟာသူ ဆုံးဖြတ်တာ” လို့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ များပြားနေတာကို ရည်ညွှန်းပြီး သူက ပြောခဲ့တာပါ။

တရားရုံးရဲ့ ဆုံးဖြတ် စီရင်ချက်အပေါ်မှာလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းအနေဖြင့် အစိုးရက သဘောထားမှတ်ချက် မပေးလိုဘူးလို့ သူက ပြောခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီး တရားလွှတ်တော်ထံ အယူခံတင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအစိုးရတွေလည်း စီရင်ချက်ကို ပြန်လည်သုံးသပ်ပြီး သတင်းထောက်တွေကို လွှတ်ပေးဖို့ တောင်းဆိုထားကြတဲ့အတွက် အစိုးရက ဘယ်လိုတုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီလိုကာလတွေမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သူတို့ရဲ့ နေ့ရက်တွေကို ထောင်ထဲမှာပဲ ကုန်ဆုံးရင်း အိမ်ပြန်ရမယ့်ရက်ကို မျှော်လင့်နေကြမှာပါ။

ခေါင်းစီးဓာတ်ပုံ-စတိဗ်တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar