မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ တမူး-မိုးရေး နှင့် ရိခေါဒေါ(ရ်)-ဇိုခေါသာ(ရ်)တို့တွင် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ဂိတ်များအား သြဂုတ် ၈ ရက်နေ့တွင် နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ပြီးခဲ့သည့် မေ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် အသက်ဝင်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့၊ အိန္ဒိယသံရုံးက ပြောကြားသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တည်ရှိသည့် အဆိုပါ နယ်စပ် ဝင်၊ ထွက် စစ်ဆေးရေးဂိတ်များမှတစ်ဆင့် နိုင်ငံကူးလက်မှတ်စာအုပ်နှင့် သက်တမ်းရှိသော ဗီဇာရှိသည့် နှစ်နိုင်ငံပြည်သူများ ဝင်၊ ထွက်သွားလာနိုင်မည်ဖြစ်သည်။
သက်တမ်းရှိသော နိုင်ငံကူး လက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ခွင့်ဗီဇာနှင့် e-visa ပါရှိသည့် မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်း ရှိသော နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှ ထုတ်ပေးသည့် ပြည်ဝင်ဗီဇာ(သို့မဟုတ်) e-visa ပါရှိသည့် အိန္ဒိယနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် တတိယနိုင်ငံများမှ အခြား နိုင်ငံခြားသားသည် မြန်မာနိုင်ငံသို့လည်းကောင်း ဝင်၊ ထွက်သွားလာနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများသည် မည်သည့် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်များမှမဆို ပြည်ပသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုမည်ဖြစ်ပြီး သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ နယ်စပ်ဝင်ထွက်ပေါက်များအနီး နယ်စပ်ဒေသများ၌ နေထိုင်သူ မြန်မာနှင့် အိန္ဒိယ နိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border – Pass) ဖြင့် နယ်စပ်ဂိတ်မှ ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဝင်၊ ထွက်ခွင့်ပြုမည်ဖြစ်ပြီး တစ်ကြိမ် ဝင်၊ ထွက်ခွင့်အတွက် ၁၃ ညအိပ်၊ ၁၄ ရက် ခွင့်ပြုပေးမည်ဖြစ်သည်။