အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ ဖွင့်လှစ်ရန် ဆွေးနွေးနေ

မြန်မာနိုင်ငံအား ဖြတ်ကာ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဆက်သွယ်မည့် အဝေးပြေးလမ်းမ တည်ဆောက်ရန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည်ဟု အိန္ဒိယသတင်းစာတစ်စောင်က ရေးသားထားသည်။

ကီလိုမီတာ ၁,၄၀၀ ရှည်လျားမည့် အဆိုပါလမ်းသည် အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသကို ပထမဆုံး ဆက်သွယ်ပေးမည်ဖြစ်ကာ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးများကို အထောက်အကူပြုမည်ဟု Business Today သတင်းစာက မေ ၂၃ ရက်နေ့က ရေးသားထားသည်။

အဆိုပါ အဝေးပြေးလမ်းတွင် ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့သော တံတား ၇၃ စင်းကို အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ပြင်ဆင်နေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Bhagwant Singh Bishnoi က ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

၁၈ ကြာမြင့်မည့် ပြင်ဆင်ရေးလုပ်ငန်းများ ပြီးစီးချိန်တွင် သုံးနိုင်ငံလုံးမှ မော်တော်ယာဉ်များအား ဖြတ်သန်းခွင့်ပေးသွားမည်ဟု ၎င်းကပြောကြားသည်။ သို့သော် အဝေးပြေးလမ်းကို ဖြတ်သန်းကာ မော်တော်ယာဉ်များ သုံးနိုင်ငံလုံးသွားလာနိုင်ရေးအတွက် သဘောတူညီချက် ရရှိရန် ဆွေးနွေးနေဆဲဖြစ်သည်ဟုလည်း ရေးသားထားသည်။

အဝေးပြေးလမ်းသည် အိန္ဒိယအရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူးသို့ ဆက်သွယ်မည်ဖြစ်ကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်သွယ်ထားမည်ဖြစ်သည်။

အဆိုပါ အဝေးပြေးလမ်းကြောင့် အိန္ဒိယအရှေ့တောင်ပိုင်းဒေသ၏ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုမည်ဖြစ်သလို အိန္ဒိယ၏ Act East ပေါ်လစီအတွက် နမူနာပင်ဖြစ်သည်ဟု သံအမတ်ကြီးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ထားဝယ်စက်မှုဇုံကလည်း အိန္ဒိယအရှေ့ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ ပေါင်းစည်းရေးအတွက် ထပ်မံအထောက်အကူ ပြုမည်ဟု သတင်းစာက ရေးသားထားသည်။

ထားဝယ်ဆိပ်ကမ်းက အိန္ဒိယ၏ ချန်နိုင်းဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံရှိ Laem Chabang ဆိပ်ကမ်းတို့နှင့် ချိတ်ဆက်မိသွားမည်ဖြစ်သည်ဟုဆိုသည်။

လက်ရှိ အိန္ဒိယ-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အပြင် အာဆီယံ ၁၀ နိုင်ငံလုံးနှင့်Regional Comprehensive Economic Partnership (RCEP) တည်ထောင်ရန် ညှိနှိုင်းရေးအတွက် အိန္ဒိယက ပြင်ဆင်နေသည်။

သတင်း- Frontier 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar