အိန္ဒိယအထူးတပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ဟုဆို

အိန္ဒိယကွန်မန်ဒို အနည်းဆုံး ၃၀ ဦး ခန့်သည် မြန်မာနိုင်ငံနယ်စပ်ကို ကျော်ဖြတ်ကာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K ၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံမှ Hindustan Times သတင်းစာက နာဂလန်းဒေသ အာဏာပိုင်များကို ကိုးကားကာ ရေးသားထားသည်။

အဆိုပါသတင်းစာသို့ NSCN-K က ပေးပို့သည့် အီးမေးလ်တွင် ကွန်မန်ဒို ငါးယောက်မှ ခြောက်ယောက်အထိ သေဆုံးခဲ့သည်ဟုဆိုထားသော်လည်း အိန္ဒိယစစ်တပ်ကမူ အတည်ပြုရန် ငြင်းဆိုခဲ့သည်ဟု သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် သြဂုတ် ၂၀ ရက်နေ့က ရေးသားထားသည်။

အထူးတပ်ဖွဲ့ ကွန်မန်ဒိုများက မြန်မာနိုင်ငံတွင်း ဝင်ရောက်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဆိုသည့် သတင်းကိုလည်း အိန္ဒိယစစ်တပ် သတင်းအရင်းအမြစ်များက ငြင်းဆိုခဲ့ပြီး တိုက်ပွဲများမှာ အိန္ဒိယနိုင်ငံအတွင်း၌သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

တိုက်ပွဲသည် သြဂုတ် ၁၉ ရက်နေ့၊ နံနက် ၃ နာရီခန့်တွင် စတင်ခဲ့ပြီး နှစ်နာရီကျော် ကြာမြင့်ကာ အိန္ဒိယစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် နာဂလန်းဒေသ၊မွန်ခရိုင်မှ တာဝန်ရှိသူတစ်ဦးက အဆိုပါ သတင်းစာကို ပြောကြားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ကူးစက်ရောဂါဖြစ်ပွားကာ ကလေးငယ်အများစုအပါအဝင် လူ ၄၀ ကျော် သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံ၊ နာဂဒေသသို့ အကူအညီများပေးပို့ရေးနှင့် ကူညီရေးအဖွဲ့များ သွားရောက်ရေး နှောင့်နှေးခဲ့ရသည်။

လူ ၄၀ ကျော်သေဆုံးပြီး ရာနှင့်ချီသောသူများ ဆိုးဆိုးရွားရွား ရောဂါ ခံစားခဲ့ရသည့် ရွှေလောနှင့် ယမ်းကြိမ် စသည့်ဒေသများသည် တိုက်ပွဲ ဖြစ်ပွားနေသည့်နေရာများနှင့် နီးကပ်နေသောကြောင့် အဆိုပါဒေသသို့ သွားရောက်မည့် ကယ်ဆယ်ရေးသမားများသည် ခရီးစဉ်များကို ခေတ္တဆိုင်းငံ့ကာ အခြားဒေသများသို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေကြောင်း နာဂအမျိုးသားရေးရာကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်ဆန်းက သြဂုတ် ၁၉ ရက်နေ့က ပြောကြားသည်။

အိန္ဒိယနှင့် နယ်နိမိတ်ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသသည် ဆင်းရဲပြီး ဆက်သွယ် သွားလာရေး ခက်ခဲသည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါ ဒေသတွင် ကူးစက်ရောဂါကြောင့် ဇွန် ၆ ရက်မှ သြဂုတ် ၁၃ ရက်နေ့အထိ သေဆုံးသူ ၄၄ ဦးရှိသွားပြီဖြစ်ပြီး အဆိုပါ ကူးစက်ရောဂါမှာ ဝက်သက်ရောဂါဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ နယ်စပ်တွင် အိန္ဒိယက တိုက်ခိုက်ခဲ့သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K သည် နာဂအမျိုးသားရေး ခရစ်ယာန် စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်ကာ အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အဓိက လှုပ်ရှားပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင်လည်း အနည်းငယ် လှုပ်ရှားသည့် အဖွဲ့တစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ နာဂလူမျိုးများ နေထိုင်သည့် အိန္ဒိယ အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများ အားလုံးကို စုစည်းကာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် ခရစ်ယာန်နိုင်ငံ တစ်ခု ထူထောင်နိုင်ရေးပင် ဖြစ်သည်။

အဆိုပါ အဖွဲ့အား အိန္ဒိယအစိုးရက သောင်းကျန်းသူ တော်လှန်ရေး အဖွဲ့တစ်ခုအဖြစ် တရားမဝင်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသတွင် လှုပ်ရှားနေကာ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များအား အိန္ဒိယ အထူးတပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပေ။

အိန္ဒိယတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ကာ စစ်သွေးကြွ ရှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု မေလကုန်ပိုင်းက သတင်းများ ပေါ်ထွက်ခဲ့ဖူးသည်။ မေ ၂၇ ရက်နေ့က စစ်ဆင်ရေးတွင် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ကာ ၁၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု မေ ၃၀ ရက်နေ့တွင် Economic Times သတင်းစာက ရေးသားခဲ့သည်။

မေ ၂၂ ရက်နေ့တွင် သောင်းကျန်းသူများက အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို မဏိပူရတွင် ခြုံခို တိုက်ခိုက်ခဲ့ရာ တပ်သားရှစ်ယောက် သေဆုံးခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယခု စစ်ဆင်ရေးကို ဆင်နွှဲခြင်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်လက အလားတူ စစ်ဆင်ရေးတစ်ခုတွင်လည်း အိန္ဒိယကွန်မန်ဒိုများက နယ်စပ်ကို ဖြတ်ကျော်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယသောင်းကျန်းသူများ၏ စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူ ၆၀ ဦးကျော် သေဆုံးခဲ့သည်ဟု Economic Times က ရေးသားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar