အိန္ဒိယသို့ လာရောက်ရန် ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခဲ့သည်ဟု နယူးဒေလီတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း မီဒီယာများက ရေးသားခဲ့ကြသည်။
ဇူလိုင် ၂၆ ရက်နေ့က လာအိုနိုင်ငံ၊ ဗီယန်ရှန်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အိန္ဒိယသို့ လာရောက်ရန် မျှော်လင့်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စတာဗီကေဆင်းကို ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လာအိုနိုင်ငံမြို့တော်တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ခေတ္တရပ်နားချိန်ကာလများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဆင်းတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဗီကတ်စ်ဆွာရပ်က ဇူလိုင် ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယပြည်ပရေးရေးရာဝန်ကြီး မစ္စဆတ်ရှ်မာဆွာရတ်ဂျ်၏ ကျန်းမာရေးအခြေအနေကို မေးမြန်းခဲ့ပြီး အိန္ဒိယသို့ လာရောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆွာရပ်ကပြောသည်။
လွှတ်တော်အမတ်များအား လေ့ကျင့်ပေးရေး၊ ဖက်ဒရယ်ပြည်ထောင်စု အတွေ့အကြုံများ၊ ဗဟိုနှင့် ပြည်နယ်ဆက်ဆံရေးနှင့် နိုင်ငံရေးရင်ကြားစေ့ရေး အတွေ့အကြုံများ မျှဝေရေးအပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရေး အကူအညီပေးရန် အိန္ဒိယက ဆန္ဒရှိကြောင်းလည်း ဆင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်ဟု ဆွာရပ်က ပြောသည်။
ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဆင်းတို့သည် အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များကို စစ်တွေမှ တဆင့် ကိုလ်ကတ္တားနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်သော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်ပေးသည့် အာရှအဝေးပြေးလမ်းမကြီးကဲ့သို့ အိန္ဒိယ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအပေါ် မြန်မာအစိုးရ၏ ထောက်ခံမှုကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သတင်းများကဖော်ပြခဲ့သည်။
ဆိုလာစွမ်းအင်အသုံးချမှုအပေါ် အိန္ဒိယ၏ အတွေ့အကြုံနှင့် လမ်းဖောက်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများအားအသုံးပြုသည့်နည်းပညာတို့ကို အိန္ဒိယထံမှ သင်ယူရန် စိတ်ဝင်စားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု ဆွာရပ်ကဆိုသည်။ ရာဘာဖြင့် ဖုံးအုပ်ထားသည့် လမ်းများတည်ဆောက်ရေးအတွက် မြန်မာကို အကူအညီပေးရန် အိန္ဒိယက ကမ်းလှမ်းခဲ့ပြီး ထိုနည်းပညာနှင့် ပတ်သက်သည့် သဘောထားအမြင်ဆိုင်ရာ စာတမ်းတစ်ခုမျှဝေခဲ့သည်ဟု ၎င်းကပြောသည်။