အိန္ဒိယသမ္မတ၏ မြန်မာသို့ တရားဝင်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာအောင် ဆောင်ရွက်

အေအက်ဖ်ပီ

မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁ဝ ရက်နေ့က တရားဝင် အလည်အပတ်ရောက်ရှိလာသော အိန္ဒိယ သမ္မတ၏ခရီးတွင် မြန်မာနှင့် အိန္ဒိယတို့သည် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် အကူအညီပေးရန်၊ မြန်မာတရားသူကြီးများအား လေ့ကျင့်သင်တန်းပေးရန်နှင့် အကြပ်အတည်းဖြစ်နေသော ရခိုင်ပြည်နယ်တွင် အိမ်ရာများဆောက်လုပ်ပေးရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် မဟာဗျူဟာအရ အရေးပါသော မြန်မာနိုင်ငံကို နှစ်သိမ့်ကြေနပ်မှုများ ဖြစ်စေခဲ့သည်။

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် ကြီးထွားလာနေသော မြန်မာ့ဈေးကွက်ကိုလည်းကောင်း၊ မြန်မာ့သဘာဝ သယံဇာတများကိုလည်းကောင်း၊ အဓိက ပင်လယ်ဆိပ်ကမ်းများကိုလည်းကောင် အလွန် လိုချင်နေကြသူများဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်ကြီးကို မျက်နှာမူလျက် ရှည်လျားလှသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ဆင်းရဲနွမ်းပါးလှသည့် မြန်မာ့အနောက်ပိုင်းပြည်နယ်တွင် ခြေကုပ်ရရန်အတွက် ဒေသတွင်း မိတ်ဖက်နိုင်ငံများမှ ငွေများ စီးဝင်လာနေစဉ် အိန္ဒိယနိုင်ငံကလည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ ကူညီလျက်ရှိသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့က အိန္ဒိယ သမ္မတ Shri Ram Kovind ကို မြန်မာနိုင်ငံ၏ အရပ်ဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့က ဂုဏ်ပြုတပ်ဖွဲ့အပါအဝင် အခမ်းအနားအပြည့်အစုံဖြင့် ကြိုဆိုခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသော ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေးတွင် အိန္ဒိယနိုင်ငံက မည်သို့ကူညီနိုင်မည်ဆိုသည်ကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြသည်။

ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ရခိုင်ပြည်နယ်တွင် အိန္ဒိယက နေအိမ် ၂၅ဝ ဆောက်လုပ်ပေးလျက်ရှိရာ အလုံး ၅ဝ ကို တရားဝင် လွှဲပြောင်းပေးပြီးပြီဟု အိန္ဒိယသမ္မတက တွစ်တာတွင် ရေးသားခဲ့သည်။

ဒုက္ခသည်များ ပြန်လာရေးလုပ်ငန်းစဉ်မှာ ပြီးခဲ့သောလကပင် စတင်ဖြစ်သော်လည်း ဒုက္ခသည်များက ၎င်းတို့၏ လုံခြုံရေး အာမခံချက်မရှိဟုဆိုကာ ပြန်လာရန် ငြင်းဆိုနေကြသည်။ နိုဝင်ဘာလအတွင်းက မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရခိုင်ပြည်နယ်မှ အခြားတစ်မြို့ဖြစ်သော ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် မူလကုန်ကျစာရိတ်ထက် လျှော့ချထားသော ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် တည်ဆောက်ပေးရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဥရောပ၊ အာရှနှင့် အာဖရိကတို့တွင် တရုတ်က ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တရုတ်နိုင်ငံ၏ ‘ရပ်ဝန်းတစ်ခု လမ်းမတစ်ခု’ One Belt, One Road စီမံကိန်းကြီးတွင် မြန်မာနိုင်ငံသည် အရေးပါလှသော ပင်မ သော့ချက်နေရာတွင် ရှိနေသည်။ သို့သော် မြန်မာသည် ၎င်း၏ အနောက်ဖက် အိမ်နီးချင်း အိန္ဒိယနိုင်ငံအဖို့လည်း မဟာဗျူဟာကျသည့် နေရာတွင် ရှိနေပြန်သည်။ အိန္ဒိယနိုင်ငံနှင့် ကုန်းပေါ်မြေပြင် နယ်နိမိတ် မိုင် ၁,ဝဝဝ (ကီလိုမီတာ ၁,၆ဝဝ) အပြင် ဘင်္ဂလားပင်လယ်အော်မှတဆင့် ပင်လယ်ရေပြင်ချင်းထိစပ်နေသော မြန်မာနိုင်ငံသည် အာဆီယံအုပ်စုဝင်နိုင်ငံများတွင် အိန္ဒိယနှင့် နယ်ချင်းထိစပ်နေသောတစ်ခုတည်းသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံ၏ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်ဆိပ်ကမ်းမြို့ ကိုလ်ကတ္တားတို့ကို ဆက်သွယ်ပေးမည့် ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းကြီးအတွက် အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံတို့အတူ လုပ်ဆောင်နေခဲ့ကြသည်မှာ ၁ဝ နှစ်မျှပင် ရှိခဲ့ပြီဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က နောက်ထပ်သဘောတူ စာချုပ်နှစ်ခု ထပ်မံလက်မှတ်ရေးထိုးခဲ့ကြရာ တစ်ခုမှာ မြန်မာ တရားသူကြီးများကို လေ့ကျင့်သင်တန်းပေးရန်ဖြစ်ပြီး နောက်တစ်ခုမှာ သိပ္ပံနှင့် နည်းပညာကဏ္ဍတို့အတွက် ဖြစ်သည်ဟု သမ္မတနှစ်ဦးလုံးက ကြေညာခဲ့သည်။ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို စီရင်ချက်ချခဲ့ခြင်းနှင့် ပတ်သက်၍ မြန်မာ့တရားရေးစနစ်ကို နိုင်ငံတကာမှ ပြင်းထန်သော ဝေဖန်မှုများရှိခဲ့သည်။

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ သတင်းပို့မှုကြောင့် ရိုက်တာ သတင်းထောက်နှစ်ယောက်ကို ထောင် ခုနစ်နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။ သမ္မတနှစ်ဦးသည် လုံခြုံရေး၊ အိန္ဒိယနိုင်ငံသားများအား ဆိုက်ရောက်ဗီဇာပေးရေး၊ အခြားရင်းနှီးမြှုပ်နှံမှုများ ကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း မြန်မာသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar