အိန္ဒိယနိုင်ငံတွင် စစ်သွေးကြွများဟု ယူဆထားသူများက တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ဟိန္ဒူဘုရားဖူး ခုနစ်ဦးအတွက် ပူဆွေးဝမ်းနည်းရကြောင်း ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာ မိုဒီထံ စာပေးပို့ခဲ့သည်ဟု ရန်ကုန်မြို့၊ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ပြဿနာများ ဖြစ်ပွားနေသည့် ဂျမူးနှင့် ကတ်ရှမီးယားပြည်နယ်ရှိ ဟိမဝန္ဒာဒေသတွင် တည်ရှိသည့် Amarnath ဘုရားကျောင်းသို့ ဟိန္ဒူများက ဘုရားဖူးသွားရောက်ကြခြင်း ဖြစ်သည်။
ဇူလိုင် ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် သေဆုံးရသူများထဲတွင် အမျိုးသမီးခြောက်ဦးလည်း ပါဝင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရကိုယ်စားနှင့် ၎င်းကိုယ်တိုင် ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဝမ်းနည်းကြောင်း သတင်းစကားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အိန္ဒိယဝန်ကြီးချုပ်၊ အိန္ဒိယပြည်သူများ၊ အထူးသဖြင့် ချစ်ခင်နှစ်သက်သူများ သေဆုံးသွားသောကြောင့် ပူဆွေးနေရသည့် မိသားစုဝင်များအတွက် အလွန်ပင်စာနာထောက်ထားမိကာ ပူဆွေးဝမ်းနည်းမိကြောင်း” ပြောကြားထားသည်။
တိုက်ခိုက်မှုအား ရှုံ့ချကာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြသည့် နိုင်ငံတကာခေါင်းဆောင်များတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။