အိန္ဒိယတပ်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မှုမရှိဟု တပ်မတော်က ပြောကြား

အိန္ဒိယအစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ သြဂုတ် ၁၉ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲများမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခြင်း မဟုတ်ဟု တပ်မတော်က သြဂုတ် ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယကွန်မန်ဒို အနည်းဆုံး ၃၀ ခန့်သည် မြန်မာနိုင်ငံနယ်စပ်ကို ကျော်ဖြတ်ကာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ(ကပ်ပလန်) NSCN-K ၏ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံမှ Hindustan Times သတင်းစာက နာဂလန်းဒေသ အာဏာပိုင်များကို ကိုးကားကာ သြဂုတ် ၂၀ ရက်နေ့က ရေးသားခဲ့သည်။

သို့သော် အိန္ဒိယအစိုးရတပ်နှင့် NSCN(K) တို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် သတင်းမှာ မှန်ကန်မှုမရှိဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြေပြင် သတင်းစိစစ်ချက်များအရ သြဂုတ် ၁၉ ရက်နေ့၊ နံနက် ၆ နာရီခွဲမှ ၉ နာရီအထိ NSCN(K) အဖွဲ့နှင့် NSCN(IM) အဖွဲ့တို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ၊ အိန္ဒိယနိုင်ငံအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း၊ ရွှေလောကျေးရွာ အုပ်ချုပ်ရေးမှူးက ယမ်းကြုံးကျေးရွာရှိ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးပို့ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ သတင်းရရှိလျှင် ရရှိခြင်း နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာ လှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းများမှလည်း မိမိနယ်မြေအလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်လာမှုမရှိစေရေး ပိတ်ဆို့ထားပြီး စောင့်ကြည့်လျက်ရှိသည်ဟု ဖော်ပြထားသည်။

“မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံအစိုးရကို နှောင့်ယှက်ဖျက်ဆီးသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နယ်မြေအသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်းတို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးစဉ်တိုင်းတွင် အလေးအနက်ထား ပြောကြားလျက်ရှိပါသည်။ ၎င်းအပြင် မြန်မာ့ တပ်မတော်အနေဖြင့်လည်း နှစ်နိုင်ငံ တပ်မတော်အချင်းချင်း နယ်စပ် တပ်စခန်းအဆင့် ဆွေးနွေးပွဲများပြုလုပ်၍ တပ်မတော်အချင်းချင်း မိမိနယ်မြေအလိုက် အပြိုင်ကင်းလှည့်ခြင်း၊ သတင်းဖလှယ်၍ အထောက်အကူပြု ဆောင်ရွက်ခြင်းများလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်”ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲတွင် အိန္ဒိယ အစိုးရတပ်မှ ကွန်မန်ဒို ငါးဦးမှ ခြောက်ဦးအထိ သေဆုံးခဲ့သည်ဟု NSCN-K က Hindustan Times သတင်းစာသို့ ပေးပို့သည့် အီးမေးတွင် ဖော်ပြထားသော်လည်း အိန္ဒိယစစ်တပ်ကမူ အတည်ပြုရန် ငြင်းဆိုခဲ့သည်ဟု သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် သြဂုတ် ၂၀ ရက်နေ့က ရေးသားထားသည်။

အထူးတပ်ဖွဲ့ ကွန်မန်ဒိုများက မြန်မာနိုင်ငံတွင် ဝင်ရောက်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဆိုသည့် သတင်းကိုလည်း အိန္ဒိယစစ်တပ် သတင်းအရင်းအမြစ်များက ငြင်းဆိုခဲ့ပြီး တိုက်ပွဲများမှာ အိန္ဒိယနယ်မြေအတွင်းသာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ တိုက်ပွဲကြောင့် ကူးဆက်ရောဂါဖြစ်ပွားကာ ကလေးငယ်အများစုအပါအဝင် လူ ၄၀ ကျော် သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံ၊ နာဂဒေသသို့ အကူအညီများပေးပို့ရေးနှင့် ကူညီရေးအဖွဲ့များ သွားရောက်ရေး နှောင့်နှေးခဲ့ရသည်ဟု နာဂအမျိုးသားရေးရာ ကောင်စီမှ သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar