အိန္ဒိယစီမံကိန်းများကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရဟု အိန္ဒိယသမ္မတ အာမခံ

အိန္ဒိယနိုင်ငံက အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေသည့် စီမံကိန်းများကြောင့် အိမ်ရှင်နိုင်ငံများအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် အိန္ဒိယက အာမခံသည်ဟု မြန်မာနိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေသည့် အိန္ဒိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရောက်ရှိလာသည့် သမ္မတ Shri Ram Kovind သည် ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူလျက် ရှည်လျားလှသော ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်၌ ခြေကုပ်ရရန်အတွက် ဒေသတွင်း မိတ်ဖက်နိုင်ငံများမှ ငွေများ စီးဝင်လာနေစဉ် အိန္ဒိယနိုင်ငံကလည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးသည်။

မြန်မာနိုင်ငံ၏ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့နှင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်ဆိပ်ကမ်းမြို့ ကိုလ်ကတ္တားတို့ကို ဆက်သွယ်ပေးမည့် အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းကြီးအတွက် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကတည်းက ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်သည်။

ဥရောပ၊ အာရှနှင့် အာဖရိကတို့တွင် တရုတ်က ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် တရုတ်နိုင်ငံ၏ ‘ရပ်ဝန်းတစ်ခု လမ်းမတစ်ခု’ One Belt, One Road စီမံကိန်းကြီး၏ အရေးပါသောပင်မသော့ချက်နေရာတွင် ရှိနေသည့် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့တွင် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် စီမံကိန်းကြီးများကြောင့် ကြွေးမြီဝန်ထုတ်ဝန်ပိုး ဖြစ်ပေါ်လာမည့်အခြေအနေများကို အိမ်ရှင်နိုင်ငံအစိုးရများက စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံရှိ အိန္ဒိယလူမှုအဖွဲ့အစည်း၏ ဧည့်ခံပွဲတွင် အိန္ဒိယသမ္မတက စီမံကိန်းများမှာ အိန္ဒိယ၏ မိတ်ဖက်နိုင်ငံများ၏ ဦးစားပေးအဆင့်အတန်းနှင့် ဖြစ်ပေါ်သည်ဟု အာမခံနိုင်ကြောင်း ပြောကြားသည်။

“သူတို့ဟာ တရားဥပဒေစိုးမိုးမှုနဲ့ မှန်ကန်တဲ့အုပ်ချုပ်မှုကို လေးစားလိုက်နာကြောင်း အာမခံနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်လို့ ထပ်တလဲလဲတောင်းဆိုခြင်းနဲ့ ဒေသခံရပ်ရွာလူထုကို ကျွမ်းကျင်နဲ့ နည်းပညာတွေ လွှဲပြောင်းပေးဖို့ ကတိကဝတ်ပြုခြင်း၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးထိခိုက်မှုမရှိစေဖို့ တာဝန်ယူနိုင်ကြောင်း အာမခံခြင်းနဲ့ အရေးအကြီးဆုံးအချက် ဖြစ်တဲ့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါလို့ အာမခံခြင်းတို့ပဲဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။

“ဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ စီမံကိန်းတည်ဆောက်မှုအတွက် တာဝန်ယူထားတဲ့ အရေးပါတဲ့ ကန့်သတ်ချက်ဘောင်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဟာ ဒီမူတွေနဲ့အညီ ရေးဆွဲချမှတ်ထားတာဖြစ်လို့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ဦးစားပေးအစီအစဉ်များနှင့် အဓိကကျသည့် အေခြေခံအဆောက်အဦး စီံမံကိန်းများ လုပ်ဆောင်ရန်အတွက် အိန္ဒိယ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည်ဟု ၎င်းကပြောသည်။

“ဒီလုပ်ငန်းတွေဟာ မြေပြင်အခြေအနေအရ အမှန်တကယ်တိုးတက်မှုရှိနေတဲ့အတွက် သတ်မှတ်ချိန်အတွင်းပြီး စီးအောင်ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်များက ဆက်လက်အကူအညီပေးဖို့ ကျွန်တေ်ာတို့ မျှော်လင့်နေပါတယ်။ ဒီစီမံကိန်းတွေက ဖော်ဆောင်ပေးလိုက်တဲ့ တိုက်ရိုက်နဲ့ သွယ်ဝိုက်ပြီးရရှိလာမယ့် စီးပွားရေးအခွင့်အလမ်းတွေက ဒီနယ်မြေတွေကို ဖွံ့ဖြိုးမှုစြင်္ကံတွေအဖြစ် ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် ဒေသတစ်ခုလုံး သာယာဝပြောလာအောင်လည်း ဖော်ဆောင်ပေးမှာဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အိန္ဒိယနိုင်ငံက အပြည့်အဝ သဘောပေါက်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရဲရင့်ပြတ်သားသည့် ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုရရှိရေးမှာ မြန်မာနိုင်ငံအတွက်သာမက အာဆီယံနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် အရေးပါသည်ဟုလည်း ၎င်းကပြောကြားသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းတွေအပေါ် စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံ၏လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်ဆိုတာကို အိမ်နီးချင်းကောင်းပီသစွာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ထားနဲ့ ဖော်ပြအပ်ပါ တယ်”ဟု သမ္မတ Shri Ram Kovind ကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar