အာနန်ကော်မရှင်၏ အစီရင်ခံစာတွင် လွဲမှားလိုအပ်ချက်များ ပါဝင်နေဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

နေပြည်တော်၊ သြဂုတ် ၂၄

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှုလိုအပ်ချက်များ ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

အဆိုပါအစီရင်ခံစာကို နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မစ္စတာကိုဖီအာနန်နှင့် အဖွဲ့က ယမန်နေ့တွင် နေပြည်တော်၌ ပေးအပ်ခဲ့ပြီးပြီး ပြည်သူလူထုထံ ယနေ့ ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အပေါ် အဓိက အဟန့်အတား ဖြစ်စေသည့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ကျယ်ပြန့်သည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားသည်ဟု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အကြံပြုချက်များတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်၊ လူသားတိုင်း ဥပဒေ၏ ရှေ့မှောက်တွင် အခွင့်အရေးများနှင့် တန်းတူညီမှု ရရှိပိုင်ခွင့်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ အထောက်အထား စာရွက်စာတမ်း ကိစ္စရပ်၊ IDP ကိစ္စရပ်များနှင့် မူဆလင်လူဦးရေကို အချိုးမညီစွာ သက်ရောက်မှုရှိနေသည့် လွတ်လပ်စွာ သွားလာခွင့် စသည့် ကိစ္စရပ်များကို အလေးပေး ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းအနေဖြင့် ကော်မရှင်၏အစီရင်ခံစာကို ဖတ်ရှုလေ့လာပြီးဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်နှင့် နေပြည်တော်တွင် ယနေ့တွေ့ဆုံရာ၌ ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ကော်မရှင်၏ တာဝန်မှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်အခြေအနေများကို ဖြေရှင်း ကျော်လွှားနိုင်ရေးအတွက် အကြံပြုရန်ဟုနားလည်ပါကြောင်း၊ ထိုသို့အကြံပြုရာတွင် အချက်အလက်များ မှန်ကန်ရန် လိုအပ်သောကြောင့် ယခင် မိမိတို့တွေ့ဆုံချိန်များတွင် သမိုင်းကြောင်းအဖြစ်မှန်များကို ပကတိနှင့် အရှိအတိုင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အကြောင်းအချက် ပြည့်ပြည့်စုံစုံ လေ့လာရန်လည်း အကြံပြုခဲ့သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကော်မရှင်၏အကြံပြုချက်မှာ တရားဝင် အစီရင်ခံစာဖြစ်ခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိမှာဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အချိန်ကန့်သတ်ချက်၊ သွားလာမှု ကန့်သတ်ချက်များကြောင့် အကြောင်းအရာ အချက်အလက်ပိုင်းတွင် မပြည့်စုံနိုင်ဟု ယူဆပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှု လိုအပ်ချက်များရှိနေကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ဒေသအရေးကိစ္စအား စဉ်ဆက်မပြတ် စဉ်းစားသုံးသပ် လုပ်ဆောင်နေခြင်းဖြစ်၍ မိမိတို့ ဆွေးနွေးခဲ့သည့် အချက်အလက်မှားယွင်းမှု၊ မျှတရန် လိုအပ်မှုများကို သုံးသပ်ပြင်ဆင်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စတာကိုဖီအာနန်အား အကြံပြုပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကြံပြုချက်များကို ကြားနေ ဘက်မလိုက်သော အဖွဲ့အစည်းအနေဖြင့် တင်ပြပေးနိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အတူ ကိုဖီအာနန် ဖောင်ဒေးရှင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့်နှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ကာ တစ်နှစ်ပြည့်ချိန်တွင် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်ကို ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar