“အာဏာသိမ်းမည်ဟု တပ်မတော်က ပြောကြားခဲ့ခြင်း မရှိ” ဦးဇော်ဌေး

ဘန်ကောက်ပို့စ်သတင်းစာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်ထဲတွင် “တပ်မတော်က အာဏာသိမ်းမည်ဟု ပြောကြားခဲ့သည်” ဟုဆိုကာ ရေးသားထားခြင်းမှာ မှန်ကန်ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။

“ရေးထားတဲ့ဟာက လုံးဝမှားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအစည်းအဝေးက ကျွန်တော်တို့ သတင်းလည်း ထုတ်ထားတယ်။ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ နောက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ့် အခြေအနေ၊ နောက် ရခိုင်ပြည်နယ်လုံခြုံရေး၊ နယ်စပ်လုံခြုံရေးပေါ့နော်။ များသောအားဖြင့် အဲဒီမှာတက်တဲ့ ခေါင်းဆောင်တွေအကုန်လုံး အေးအေးဆေးဆေးပဲ ဆွေးနွေးတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော်တို့ ရှိပါတယ်။ အစည်းအဝေးခန်းမထဲမှာ ရှိပါတယ်” ဟု ဦးဇော်ဌေးက ဇွန် ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားသည်။

ဘီဘီစီ အယ်ဒီတာဟောင်းနှင့် မြန်မာနိုင်ငံရေးရာ ကျွမ်းကျင်သူ ဆောင်းပါးရှင် လယ်ရီဂျာဂင်ရေးသားပြီး ဘန်ကောက်ပို့စ်သတင်းစာတွင် ဇွန် ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတွင် မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းမည်ဟု အရပ်သားအစိုးရအား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ဇွန် ၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာအစိုးရနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆောင်းပါးရှင်က ဆက်လက် ရေးသားထားသည်။ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် နိုင်ငံခြားသားတစ်ဦး ပါဝင်ရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် တပ်မတော်တို့ သဘောထားကွဲလွဲခဲ့ကြသည်ဟု ၎င်းက ရေးသားထားသည်။ ထိုသို့ ပါဝင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်က လက်မခံပဲ အာဏာသိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရေးသားထားချက်နှင့် ပတ်သက်ပြီး ဦးဇော်ဌေးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“လယ်ရီဂျာဂန် ဘန်ကောက်ပို့စ်မှာ ရေးထားသလိုမျိုး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းဖို့အထိ ပြောတယ်ဆိုတာတွေက လုံးဝ မှားပါတယ်ဆိုတာ ပြောချင်တာ” ဟု ၎င်းက ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၌ နိုင်ငံခြားသားတစ်ယောက် ပါဝင်ရန်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရက တပ်မတော် ခေါင်းဆောင်များကို ထိုအစည်းအဝေးတွင် ရှင်းပြခဲ့သည်ဟု ဆိုသည်။ “အစိုးရဘက်နေပြီးတော့ နိုင်ငံတကာရဲ့ ဆောင်ရွက်နေတဲ့ အခြေအနေတွေပေါ်မှာ ဘယ်လို တုန့်ပြန်ပြီးတော့ ဆောင်ရွက်မလဲဆိုတာ အသေးစိတ်ရှင်းပြတယ်။ အသေးစိတ်ရှင်းပြတဲ့အခါမှာ နံပါတ် ၁ က ကုလသမဂ္ဂနဲ့ ဆက်ဆံရေး အခြေအနေပေါ့။ နောက်တစ်ဖက်က အိုင်စီစီလိုဟာမျိုးတွေ ဆောင်ရွက်နေတာတွေ ရှင်းပြတယ်။ ရှင်းပြပြီးတော့ အစိုးရအနေနဲ့ ဘယ်လိုရည်ရွယ်ပြီးတော့ ဒီလို စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဖို့ ကြေညာတယ်။ အဲဒီထဲမှာမှ နိုင်ငံခြားသားတစ်ဦးကို ဘာကြောင့် ထည့်သွင်းရတယ်။ ဒါတွေ အကုန်လုံး ရှင်းပြတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထိုသို့ရှင်းပြမှုအား တပ်မတော်ခေါင်းဆောင်များက ပြန်လည်အကြံပြုဆွေးနွေးခြင်းများ ရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ရှင်းပြတဲ့အခါမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အားလုံးက ပြောရရင်တော့ ဒီပေါ်မှာ အားလုံး နားလည်ပါတယ်။ နားလည်ပြီးတော့ ပြောရရင်တော့ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ပြောတာမျိုး မရှိဘူးပေါ့။ အကြံပြုတာတွေ ဘာတွေပေါ့။ ဒါမျိုးလေးတွေ ပြည့်ပြည့်စုံစုံ ပြန်ပြီးတော့ ဆွေးနွေးနိုင်ကြပါတယ်” ဟု ၎င်းကပြောသည်။

“အဓိကအားဖြင့် အဲဒီနေ့က ဆွေးနွေးတဲ့အပိုင်းက နံပါတ် ၁ ဒေါသနဲ့ ပြောဆိုတာမျိုး လုံးဝမရှိဘူး။ နံပါတ် ၂ အချက်က အာဏာသိမ်းဖို့ပေါ့နော်။ တကယ်လို့ အစိုးရက စီမံခန့်ခွဲနိုင်မှုမရှိရင် အာဏာသိမ်းဖို့ဆိုတဲ့ ပြောကြားချက်မျိုး မရှိဘူး။ နံပါတ် ၃ အချက်က ဆိုးဆိုးရွားရွား အဆုံးသတ်သွားသလိုမျိုး၊ မပြေမလည်နဲ့ အဆုံးသတ်သွားတာ မဟုတ်ဘူး။ အားလုံး နားလည်မှုရှိရှိနဲ့ ပြေပြေလည်လည်ပဲ ပြီးသွားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မထိခိုက်စေရန်၊ အစိုးရ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးအပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် မထိခိုက်စေရန်နှင့် လက်ရှိသွားနေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မထိခိုက်စေရန်ဟူသည့် သုံးချက်အပေါ်တွင် ရပ်တည်နေသည်ဟု ၎င်းကပြောသည်။

“ဆောင်းပါးရေးတဲ့သူက ပြည်တွင်းက မဟုတ်ဘူး။ နောက်တစ်ချက်က သူ့ရဲ့ရေးတဲ့ သတင်းကိုးကားတဲ့ ဇစ်မြစ်တွေကလည်း ဘယ်လောက် ခိုင်မာလည်း မသိဘူး။ ခိုင်မာမှုလည်း မရှိဘူး။ တိကျမှုလည်း မရှိဘူး။ အဲဒီပေါ်မှာ ဒီလိုမျိုး ကောလဟာလကို ဖြစ်စေတယ်။ ဒါက ကျွန်တော်တို့ သွားနေတဲ့ သုံးချက်ပေါ် ထိခိုက်မှု ရှိနိုင်တယ်” ဟု ဦးဇော်ဌေးကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar