ရန်ကုန်၊ ဇွန် ၂၇
တပ်မတော်ချစ်မြတ်နိုးသူများ၏ ဆန္ဒထုတ်ဖော်ပွဲတွင် တက်ရောက်ဟောပြောသူ အမတ်ဒိန်က မီဒီယာများက ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို အာဏာရှင်အဖြစ်မျှသာ သိမြင်နေသေးသည်ဆိုပါက မီဒီယာသမားများသည် စာပေလေ့လာမှုအား နည်းနေသေးသဖြင့် စာပေစုံလင်အောင် ဖတ်ရှုသင့်ကြောင်း ဝေဖန်အကြံပေးလိုက်သည်။
ဦးနေဝင်းခေတ်ကိုမမီဘဲ ယနေ့ခေတ် Ideology (အတွေးအမြင်စနစ်)၊ လူမှုအခင်းအကျင်း၊ နိုင်ငံရေးအခင်းအကျင်းများနှင့်ယှဉ်ကာ ဝေဖန်သုံးသပ်နေသည်မှာ မှားနေသည့်အတွက် ဂရုပြုရန်လိုကြောင်း ၎င်းက ပြောသည်။
“ဦးနေဝင်းကို အာဏာရှင်လောက်ပဲသိ၊ ဦးသန်းရွှေကို အကျင့်ပျက်သူလောက်ပဲသိ၊ အဲဒီလောက်နဲ့ လာပြောတဲ့သူတွေ၊ အဲဒါတွေကို သားတို့နားထဲစွဲနေသမျှ သားတို့အသိဉာဏ် ပိတ်နေတာပဲ” ဟု အမတ်ဒိန်က ဝေဖန်ပြောကြားသည်။
ပြည်ထောင်စုသစ္စာကို ကျည်ထောင်စုသစ္စာဟု ရေးသားဖော်ပြခဲ့သော သရော်စာအကြောင်းအရာကို ပြောဆိုရင်း မီဒီယာမျိုးဆက်သစ်များသည် သမိုင်းကို လေ့လာရန်လိုပြီး သူများအပြောဖြင့် အာဏာရှင်အဖြစ်မျှသာ မမြင်ဘဲ ၎င်းတို့၏ လုပ်ဆောင်ချက်များကို လေ့လာရန်လိုကြောင်း ဇွန်လ ၂၆ ရက် ညနေ ၃ နာရီက မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သော တပ်မတော်ချစ်မြတ်နိုးသူများ၏ ဆန္ဒထုတ်ဖော်ပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တပ်မတော်၏ ဝါဒဖြန့် ရုပ်သံဇာတ်လမ်းဖြစ်သည့် “ပြည်ထောင်စုသစ္စာ” ကို “ကျည်ထောင်စုသစ္စာ” ဟူသည့်အမည်ဖြင့် သရော်စာရေးခဲ့သူ ဗြိတိသျှကိုကိုမောင်နှင့် ထိုဆောင်းပါးကို အင်တာနက်တွင် ဖော်ပြခဲ့သည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့အား တပ်မတော်က မေ ၁၇ ရက်တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၍ ဇွန် ၂ ရက်က ဖမ်းဆီးခဲ့ပြီး ဇွန် ၁၆ ရက်၌ ဆောင်းပါးရေးသူအား ပြန်လွှတ်ပေးခဲ့သည်။
မီဒီယာအချို့က တပ်မတော်နှင့် ပြည်သူအကြား၊ တပ်မတော်အရာရှိများနှင့် အောက်ခြေငယ်သားများအကြား သွေးကွဲစေသော အရေးအသားများ ဖော်ပြနေသည့်အတွက် ယခုကဲ့သို့ ဟောပြောရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဓာတ်ပုံ – ဘိုဘိုသိန်း
ယင်းဆန္ဒထုတ်ဖော်ပွဲတွင် တပ်မတော်ကို ချစ်မြတ်နိုးသူများက ကလောင်လက်နက်ဖြင့် မြန်မာ့တပ်မတော်ကို အကျည်းမတန်ပါစေနှင့်၊ ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာပါ၊ ပြည်သူနှင့် တပ်မတော်ကို သွေးခွဲခြင်းများ ချက်ချင်းရပ်စသည့် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ စာရေးဆရာ အမတ်ဒိန်၊ ဦးကျော်သူငြိမ်းနှင့် ဒေါ်လီလီနိုင်ကျော်တို့ ပါဝင်ဟောပြောခဲ့သော အဆိုပါပွဲသို့ သံဃာအချို့အပါအဝင် လူဦးရေ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
သတင်း – ဘိုဘိုသိန်း၊ ခိုင်ဇာအောင်